.

.

.

October 29, 2008

ခေါင်းဆောင် - အပိုင်း(၃)

စာဖတ်ပရိသတ်များအတွက် ထိရောက်တဲ့ စွမ်းရည်ရှိတဲ့ ခေါင်းဆောင်မှု အကြောင်းကို ဒီကနေ့မှာ ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြပေးလိုက်ပါတယ်။

ဒီနေ့ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ CEO တွေ နှစ်ကုန်လို့ အခြေအနေကောင်းရင် ဆက်လုပ်ခွင့်ရှိပြီး ကုမ္ပဏီတွေ အရှုံးပေါ်ရင် တာဝန်က ရပ်စဲခြင်း ခံကြရပါတယ်။ ဘာတွေ ဘယ်လိုလုပ်နေပါတယ်ဆိုတာထက် ပြည်သူတွေက “ရလဒ်” ဘယ်လို ထွက်လာတယ်ဆိုတဲ့အပေါ်မှာပဲ အဆုံးအဖြတ် ပေးကြတဲ့ခေတ် ရောက်လာပါပြီ။ ဘယ်လိုလုပ် နေပါတယ်ဆိုတာ CEO တွေ၊ ခေါင်းဆောင်သူတွေရဲ့  အလုပ်ပါ။ နောက်လိုက်တွေ၊ ပြည်သူတွေ၊ ရှယ်ယာရှင်တွေရဲ့  အလုပ်မဟုတ်လို့ပါ။ ယနေ့ မြန်မာနိုင်ငံမှာတော့ စစ်ခေါင်းဆောင်တွေက ဘယ်လို လုပ်နေပါတယ် တိုင်းပြည် ဘယ်လိုကောင်းနေပါတယ်လို့ ပြောနေတာထက် အကျိုးရလဒ်ကိုသာ မှန်မှန်ကန်ကန် သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ဒါမှသာ တကယ့်ခေါင်းဆောင်ကောင်း ဖြစ်ပြီး ကမ္ဘာ့အလယ်မှာ သိက္ခာရှိမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေရဲ့  Personal Characteristics ကို အောက်ပါအတိုင်း ယေဘုယျ သတ်မှတ်လာကြောင်း တွေ့ရပါတယ်။

  • Personality (ကိုယ်ရည်ကိုယ်သွေး)
  • Knowledge (ပညာ)
  • Skills and Abilities (ကျွမ်းကျင်မှု/ စွမ်းရည်)
  • Experiences (အတွေ့အကြုံ)
  • Learning (လေ့လာသင်ယူမှု)
  • Prejudice and Bias (ထင်မြင်မှု/ ဘက်လိုက်မှု)
ခေါင်းဆောင်တွေရဲ့  ယှဉ်ပြိုင်စွမ်းရည်ဟာ တစ်ဦးချင်းရဲ့  ထိရောက်စွမ်းအားနဲ့ ဆက်သွယ်နေပါတယ်။ အရင်က ဘာတွေ လေ့လာဆည်းပူးခဲ့တယ်၊ အတွေ့အကြုံ လွှမ်းမိုးမှု၊ လျင်မြန်မှုတွေနဲ့ တိကျမှုတွေ အပေါ် အခြေခံပြီး အခြေအနေတစ်ရပ်ကို အမှန်ကန်ဆုံး သုံးသပ်နိုင်မှုတွေဟာ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။ အမှားထဲက အမှန်ကို ရှာဖွေနိုင်မှုလည်း ပါဝင်ပါတယ်။

Path-goal ချဉ်းကပ်မှုက လေးမျိုးသော အမူအကျင့် ခေါင်းဆောင်တွေကို ခွဲခြမ်းစိတ်ဖြာ ပါသေးတယ်။

  • Supportive Leadership
  • Directive Leadership
  • Participative Leadership
  • Achievement-oriented Leadership
ခေါင်းဆောင်တွေဟာ တကယ်တော့ ဘက်စုံတော်သူ အလွန်ရှားပါတယ်။ သန်ရာသန်ရာ၊ စွမ်းရာ စွမ်းရာ ရှိတတ်ကြပါတယ်။ Supportive Leadership က နောက်လိုက်တွေကို ဖြည့်ဆည်း၊ ပံ့ပိုးပေးပြီး Directive Leadership က မူဝါဒပေး၊ လမ်းကြောင်းအမှန်ပေါ်တင်ပေးတဲ့နေရာမှာ အလေးသာပါတယ်။ Participative Leadership က အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုအားပိုကောင်းပြီး Achievement-oriented Leadership က ဆောင်ရွက်မှု ရလဒ် အခြေခံ ခေါင်းဆောင်မှုမျိုး ဖြစ်ပါတယ်။ သူတို့ဆီမှာ အကြောင်း တစ်စုံတစ်ရာကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာလွန်းတာ တွေ့နိုင်မှာပါ။ တကယ်တော့ ခေါင်းဆောင်တစ်ဦးမှာ အထက်ပါ အရည်အချင်းတွေ အားလုံး ပါရမှာ ဖြစ်ပေမဲ့ အားသန်ရာကို ထပ်ခွဲခြမ်းပြလိုက်တဲ့ သဘော ဖြစ်ပါတယ်။ အဓိက ကတော့ Directive မရှိရင် ဘာမှ လုပ်မရပါဘူး။ “တက်” မပါတဲ့ သဘောင်္ သွားချင်ရာသွား ဖြစ်သွားပါ့မယ်။

ဒီနေရာမှ ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ သုံးသပ်ပြချင်တာကတော့ ယနေ့မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ အနေနဲ့ ခေါင်းဆောင်တွေမှာရှိရမဲ့ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံပါသလားဆိုတာကိုပါ။ ဒီလေးချက်မှာ ပထမ တစ်ချက်ကို ကြည့်ရင် နောက်လိုက်တွေကို ဖြည့်ဆည်းပံ့ပိုးဖို့ဆိုတာ တပ်ပြေးတွေများနေပြီး တပ်အောက်ခြေမှာ ခွက်ပျောက် နေလို့ ပြည်သူအပေါ်မှာလည်း နာဂစ်လို အဖြစ်ဆိုးမှာတောင် ထိထိရောက်ရောက် ကူညီထောက်ပံ့မှုကို မပြုနိုင်ခဲ့လို့ နိုင်ငံရဲ့  ခေါင်းဆောင် လုံးဝ မဖြစ်သင့်တာကို တွေ့ရပါတယ်။ ဒုတိယ အချက်အနေနဲ့ မူဝါဒပေး၊ လမ်းကြောင်းအမှန်ပေါ် တင်ပေးတဲ့နေရာမှာလည်း စစ်အစိုးရအနေနဲ့ အမျိုးမျိုး ပြောင်းနေတဲ့ ဗလောင်းဗလဲ မူဝါဒတွေနဲ့ ပြည်သူတွေရဲ့  စီးပွားရေး၊ လူမှုရေးတွေ အတွက် လမ်းကြောင်းအမှန်ကို မပေးနိုင်သေးတာ တွေ့ရမှာ ဖြစ်ပါတယ်။ နောက် တတိယ အချက်ကို ကြည့်ပြန်ရင်လည်း အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်မှုအားပိုကောင်းစေတာ ဆိုရာမှာ ယနေ့ တိုင်းပြည်ကောင်းစားရေးအတွက် အမှန်တကယ် လိုအပ်နေတဲ့ တွေ့ဆုံဆွေးနွေးရေး ဆိုတာကို လျစ်လျူရှုပြီး သင့်တော်တဲ့ နိုင်ငံရေး နည်းလမ်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကလည်း ခေါင်းဆောင်မပီသရာ ဖြစ်နေပါတယ်။ နောက်ဆုံး စတုတ္ထအချက်ကို ကြည့်ရင် ဆောင်ရွက်မှု ရလဒ် အခြေခံ ခေါင်းဆောင်မှုမျိုး မရှိလို့ စစ်အစိုးရ ခေါင်းဆောင်တွေရဲ့  ဆောင်ရွက်မှု ရလဒ်ကတော့ ယနေ့ မြန်မာနိုင်ငံဟာ အဘက်ဘက်က အောက်တန်းနောက်တန်း ကျနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ထိရောက်စွမ်းရည်ရှိ ခေါင်းဆောင်မှုဟာ Effective Leadership ဖြစ်ပါတယ်။ ခေါင်းဆောင်မှုတော့ ခေါင်းဆောင်မှုပါပဲ။ မတူတဲ့ ခေါင်းဆောင်မှုတွေကို သတိထားမိမှာပါ။ သမာရိုးကျ ခေါင်းဆောင်မှု၊ အစဉ်အလာကို ဖက်တွယ်ထားတဲ့ ခေါင်းဆောင်မှု၊ ထိရောက်တဲ့ ခေါင်းဆောင်မှု Effective Leadership ဆိုပြီး ကွဲပြားလာပါတယ်။ ထိရောက်တဲ့ ခေါင်းဆောင်မှု အတွက် လိုအပ်ချက်တွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Objectivity Vs Perception
  • Acceptance Vs Rejection
  • Individual Vs Group Performance
  • Productivity Vs Satisfaction
  • Level of Analysis
စွမ်းရည်ရှိ ခေါင်းဆောင်မှုမှာ ရည်ရွယ်ချက်ထက် အမြင်ကိုပိုပြီး တန်ဖိုးထားပါတယ်။ အရာရာကို လက်ခံမှုထက် ငြင်းပယ်မှု၊ စောဒကတက်မှုကို ပိုပြီး ကြိုဆိုပါတယ်။ တစ်ဦးချင်း ဆောင်ရွက်မှုထက် Group Performance ဆိုတဲ့ လူစုရဲ့  စွမ်းအားကို ပိုပြီး ရှေးရှုပါတယ်။ ထုတ်လုပ်မှုထက် ကျေနပ်နှစ်သိမ့်မှုကို ဦးစားပေးပါတယ်။ ဘာကို ပြောချင်သလဲဆိုတော့ ဥပမာ- တစ်နှစ် အရေအတွက် ဘယ်လောက်ထုတ်သင့်တယ်ဆိုတာထက် အရည်အသွေး ဘယ်လိုပိုကောင်းလာသလဲဆိုတဲ့ဘက်ကို ရှေးရှုတာပါ။ ကုမ္ပဏီခွဲ ဘယ်နှစ်ခုရှိတာထက် အကျိုးအမြတ် ဘယ်လောက် ပိုရသလဲဆိုတာမျိုးကို ပြောချင်တာပဲ ဖြစ်ပါတယ်။ Level Of Analysis ကတော့ တော်ရိလျော်ရိ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုမျိုးထက် ထဲထဲဝင်ဝင်၊ ပကတိအခြေအနေ၊ အနာဂါတ် အမြင်ကို ထည့်သွင်းမျှော်မှန်းတဲ့ ဆောင်ရွက်မှုမျိုးကို ပြောချင်တာပါ။

ခေါင်းဆောင်တွေမှာ သာမန်ခေါင်းဆောင်တွေ ရှိသလို သာမန်လွန် ခေါင်းဆောင်တွေလည်း ရှိကြပါတယ်။ Effective Leader တွေက သမားရိုးကျ မဟုတ်တဲ့ သာလွန် ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့  ဦးဆောင်မှုကလည်း မိရိုးဖလာ စီမံခန့်ခွဲမှု မဟုတ်ပါ။ ရလဒ်ကောင်း၊ နည်းလမ်းကောင်း ဖန်တီးပေးနိုင်သူတွေ ဖြစ်ပါတယ်။ ရလဒ်ကောင်း မရခဲ့ရင် Effective Leader အမည်တပ်ဖို့ စဉ်းစားစရာ ဖြစ်ပါတယ်။ Leader နဲ့ Effective Leader ကို ယေဘုယျ သဘောအားဖြင့် ရလဒ်/ အလားအလာတွေနဲ့ ခွဲခြားပေးပါတယ် ဆိုတာ တင်ပြရင်း နောက်တပတ်မှာတော့ ထိရောက်တဲ့ ခေါင်းဆောင်မှုကို ပေးလို့ အောင်မြင်သွားတဲ့ သြစတြေးလျ နိုင်ငံနဲ့ ကိုးရီးယားနိုင်ငံက ပုဂ္ဂိုလ်များအကြောင်း တင်ပြသွားပါမယ်။

No comments: