.

.

.

November 8, 2008

ဇာခန်းဆီး နောက်ကွယ်မှ ဇာတ်လမ်းများ - အပိုင်း (၄)

ဒီကနေ့မှာတော့ စာဖတ်ပရိသတ်များကို ဇာခန်းဆီ နောက်ကွယ်မှ ဇာတ်လမ်းများ အပိုင်း (၄) ကို ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက် တင်ပြသွားပါမယ်။

အဲဒီမှာတင် လုပ်ပိုင်ခွင့် အနည်းငယ် ရလာတဲ့ ကစထမှူးတွေဟာ “ရိုက်စား ဟောက်စား” တွေနဲ့ အစွမ်းကုန် ကြမ်းရမ်း ပြပါတော့တယ်။ ကစထမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်ရဲမြင့်ဆိုရင် ကြပ်ပြေးမှ မန္တလေး၊ မန္တလေး မှ ကြပ်ပြေး၊ ကြပ်ပြေး မှ မကွေး၊ မကွေး မှ ကြပ်ပြေး တစ်နေ့ထဲမှာပင် ၀င်လိုက်၊ ထွက်လိုက် အလုပ်ရှုပ်နေသယောင် TV သတင်းထဲမှာ လုပ်ပြနေပါတယ်။

ဗိုလ်ရဲမြင့်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး လေယာဉ်ပေါ်မှ ဆင်းလာပြီ ဆိုရင်
တပ်ထိန်းတွေ လုပ်ရမဲ့ အလုပ်ကိုယ်စား သူကိုယ်တိုင် ထီး မိုးပေး၊ ထီး စောင်းပေးရာမှ ကျေနပ်သူ ဖြစ်ပြီး TV ထဲမှာ မျက်စိ ဆံပင်မွေး စူး လောက်အောင် “အဖားတော်” သူ တစ်ဦး ဖြစ်ပါတယ်။ သူက အတွင်းရေးမှူး (၂) ရာထူးကို စိတ်ကူးယဉ် မျှော်မှန်းသူ ဖြစ်ပေမဲ့ သူ့သား မူးယစ်ဆေးကြောင့် ယခု ဆိုရင် မြောင်းထဲ ရောက်သွားပါပြီ။

ကစထမှူး ဗိုလ်ရဲမြင့်ဟာ စီမံကိန်း အင်ဂျင်နီယာ တစ်ဦးကို သတ်မှတ်အချိန်အတွင်း မပြီးလို့ဆိုကာ ရဲစခန်း အချုပ်ထဲကို တစ်ရက် ထည့်တဲ့အထိ ကြမ်းရမ်းခဲ့ပါတယ်။ လယ်ဆည်ဝန်ကြီးနဲ့ ဆောက်လုပ်ရေး ၀န်ကြီး၊ စက်မှု(၁) ၀န်ကြီး ဗိုလ်ချုပ်တွေဟာလည်း တိုင်းမှူးဘ၀က လာခဲ့တဲ့ စီနီယာ ဗိုလ်ချုပ်တွေ ဖြစ်သလို ဗိုလ်သန်းရွှေ ရဲ့  တပည့်ရင်းတွေ ဖြစ်တာမို့ ကစထမှူး ခိုင်းတိုင်း လိုက်မလုပ်ဖို့ ပထွေးကို ကြောက်ဖို့ မလိုကြောင်း ညွှန်ကြားထားပြန်ပါတယ်။ ဒီနေရာမှာ စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်းဟာ တိုင်းမှူး ဗိုလ်ချုပ် မဖြစ်ပေမဲ့ အိမ်တော်ကြီးအထိ “အဖားတော်” တဲ့ သူမို့ တိုင်းမှူး ဗိုလ်ချုပ်တွေထက် “လျှာဇောင်း ထက် ” နေသူ ဖြစ်ပါတယ်။

အလုပ်တွေ ရှုပ်နေတာလား အရှုပ်တွေ လုပ်နေတာလားဆိုတာ မသိရဘဲ ကြပ်ပြေးထဲကို တစ်နေ့ထဲမှာပင် အကြိမ်ကြိမ် ၀င်လိုက်ထွက်လိုက် လုပ်ပြခဲ့တဲ့ ဗိုလ်ရဲမြင့်

တိုင်းမှူးတွေ ခမျာလည်း သူတို့ရဲ့  တိုင်းအတွင်းမှာ TV ထဲပါအောင် လုပ်ပြရမဲ့ အမှတ်ရမဲ့ စီမံကိန်း စစ်ဆေးရတဲ့ အလုပ်တွေကို ကစထမှူးတွေက ၀င်ရောက် စွက်ဖက် လုပ်နေကြတာမို့ ကစထမှူး ပြန်သွားရင် ဌာနဆိုင်ရာတွေကို ဓားကြိမ်း ကြိမ်းပါတော့တယ်။ တဖန် တိုင်းမှူးတွေနဲ့ ၀န်ကြီးတွေ ပဋိပက္ခဖြစ်တာတွေလည်း ရှိပါတယ်။

တိုင်းမှူးတွေက မင်းတို့ ၀န်ကြီးတွေဟာ ၀န်ထမ်းအကြီးအကဲ သာ ဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း Commander ဟာ တိုင်းမှူးဖြစ်တာမို့ တိုင်းမှူး အမိန့်ကို နာခံရမှာ ဖြစ်တယ်လို့ ဆူပူ ငေါက်ငမ်းပါတော့တယ်။

ဇေယျဝတီ သကြားစက် စက်ရုံမှူး တစ်ဦးဆိုရင် စက်ရုံဖွင့်ပွဲမှာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုအား မဖိတ်မိလိုက်လို့ တိုင်းမှူး TV ထဲမှာ မပါလိုက်ရတဲ့အတွက် အခြားတိုင်းမှူးတွေနဲ့ ယှဉ်ရင် အမှတ်မရ သွားတာကြောင့် စက်ရုံမှူးကို တိုင်းမှူးက အထက်ပါအတိုင်း ကြိမ်းမောင်းခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နယ်မြေခံ ဌာနဆိုင်ရာ ၀န်ထမ်း အကြီးအကဲ တွေနဲ့ ပြည်သူတွေခမျာမှာ နီးရာ “ဓား” တိုင်းမှူးကို ကြောက်ရတာတမျိုး၊ ကစထမှူးတွေကို လန့်ရတာက တဖုံ၊ ၀န်ကြီးတွေကို သတိထားရတာက တမျိုး စတဲ့ သုံးဖက်ညှပ်ရတဲ့ အခြေအနေမျိုး ဆိုက်ရောက် နေရပါတော့တယ်။

No comments: