.

.

.

October 13, 2008

တစ်ဘ၀စံ နအဖ

ခွေးသွားစိတ် ဘ၀မှ ရုန်းထွက်လာသူ တပ်မတော် အရာရှိတစ်ဦးရဲ့  ပေါက်ကွဲသံစဉ်များ

ဆောင်းပါးရှင် - ထက်ပိုင် (တပ်မတော် အရာရှိတစ်ဦး)

စာဖတ်သူများခင်ဗျား-

စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တစ်ခုရဲ့  လက်အောက်ခံ တပ်ရင်း တစ်ရင်းမှာ တပ်ခွဲမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦး ရှိပါတယ်။ သူဟာ မေမြို့ စစ်တက္ကသိုလ်မှာ ရည်မှန်းချက် ကြီးမားစွာဖြင့် တပ်မတော်ကို အထင်တကြီး စိတ် နဲ့ တက်ရောက်ပညာသင်ယူခဲ့ရာမှ ခြေလျင်တပ်ရင်း ရောက်ရှိတဲ့ အချိန်မှာတော့ အထင်နဲ့ အမြင် တက်တက်စင် လွဲကာ သူကိုယ်တိုင် စစ်အာဏာရှင်တွေရဲ့  ခွေးသွားစိတ် ဘ၀ ရောက်မှန်းမသိ ရောက်ခဲ့တာကို သိလိုက်ရပါတယ်။ ဒါကြောင့် အဲဒီအရာရှိလေးဟာ စစ်အာဏာရှင်တွေရဲ့  အုပ်ချုပ်မှု ယန္တရား ခွေးသွားစိတ် ဘ၀မှ ရုန်းထွက်ခဲ့ပြီး ကျွန်တော် ကိုဖိုးတရုတ်ထံသို့ ထက်ပိုင် ဆိုတဲ့ကလောင်နံမည်နဲ့ ဆောင်းပါး ပေးပို့လာရာ စာဖတ်သူများ ဗဟုသုတရရှိစေဖို့ တင်ပြပေးလိုက်ပါတယ်။ အခုလို ပေးပို့လာတဲ့ တပ်မတော် အရာရှိ ကိုထက်ပိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိကြောင်း စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

ကျွန်တော်ဟာ နအဖ စစ်အာဏာရှင်များရဲ့  အုပ်ချုပ်မှုယန္တရားမှာ ခွေးသွား စိတ်တစ်ခုအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ အာဏာရှင် ယန္တရားရဲ့  လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ နအဖစစ်အာဏာရှင်များရဲ့ သဘောထား အမှန်များကိုလည်း သိရှိတွေ့ကြုံခဲ့ဘူးပြီး ဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ပြန်တွေးရင် စိတ်ပျက်၊ စိတ်ကုန်၊ စိတ်နာလွန်းလို့ အတတ်နိုင်ဆုံး မေ့ပျောက် ထားချင်ခဲ့တာပါ။ ဒါပေမဲ့ မုသားစကားတွေနဲ့ ကျလောက်အောင် လှည့်ပတ်ပြောတတ် လုပ်တတ်တဲ့ နအဖ အာဏာရှင်တွေရဲ့ စကားတွေ အပြုအမူတွေကို နေ့စဉ်နှင့်အမျှ မြင်ရ ကြားရနေပြန်တော့ ကျွန်တော့်အနေနှင့် မပြောမဖြစ်လို့ အားလုံးသိအောင်ပြောရခြင်းသာဖြစ်ပါတယ်။ ဒါမှလည်း အပြစ်မဲ့တဲ့ ပြည်သူပြည်သားတွေကို နအဖ စစ်အာဏာရှင်တွေက အလွယ်တကူ မလှည့်စားနိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ထုံးစံအတိုင်း ကျွန်တော်တို့နိုင်ငံမှာ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ တပ်မတော်တစ်ရပ် အမှန်တကယ် လိုအပ်ပါတယ်။ ယခုမျက်မှောက်ကာလမှာ မြန်မာ့တပ်မတော်ဟာ ခေတ်မှီတပ်မတော်လားလို့ မေးစရာရှိပါတယ်။ ဒီအကြောင်းတွေကို ပြောပြချင်လို့လည်း ဒီစာကို ရေးသားရခြင်းလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ဟာ နိုင်ငံတကာက တပ်မတော်တွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ လုံးဝမရှိသေးပါဘူး။ အဲဒီအပြင် တပ်မတော်ဟာ တနေ့တခြား ဆုတ်ယုတ်မှုများသာ ဖြစ်ပေါ်နေပါတယ်။ ဒါဟာလည်း အာဏာရှင်ကြီးတွေရဲ့ စိတ်ဓာတ် ညံ့ဖျင်းသေးသိမ်မှု ကိုယ်ကျိုးရှာမှုများကြောင့်သာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့တပ်မတော်ရဲ့ စစ်အာဏာရှင်ကြီးတွေဟာ တပ်မတော်ဖွံ့ဖြိုးတိုးတက်ဖို့ထက် သူတို့ရဲ့  အုပ်ချုပ်မှုယန္တရား ရေရှည်တည်တံ့ရေး ကိုသာ အလေးထား ဆောင်ရွက်နေကြပါတယ်။ ပါးစပ်ကသာ နိုင်ငံအတွက် ၊ ပြည်သူလူထု အတွက်၊ အမျိုးသား အကျိုးစီးပွား အတွက် စသဖြင့် အသံကောင်းဟစ်နေကြပေမဲ့ လက်တွေ့မှာ သူတို့မိသားစုများ ကောင်းစားရေး ကိုသာ အလေးထား ဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို အာဏာရှင်ကြီးတွေ အုပ်ချုပ်နေတဲ့ တိုင်းပြည်နဲ့ တပ်မတော်ဟာ တိုးတက်လာမလား၊ ဆုတ်ယုတ်လာမလား ဆိုတာကို ပြည်သူတွေအနေနဲ့ ခန့်မှန်းရုံနဲ့တင် သိနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာမှာ “ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုသောစကားပုံမှာ လက်ရှိမြန်မာ့တပ်မတော်ကို ရည်ညွန်း ဖေါ်ပြနေသကဲ့သို့ ဖြစ်နေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ရှေ့ကခေါင်းဆောင်ကြီးများရဲ့  စိတ်ဓာတ် ညံ့ဖျင်းမှုများကြောင့် သူတို့ရဲ့  ဌာနဆိုင်ရာ အသီးသီး လက်အောက်ခံ ခေါင်းဆောင်ပိုင်းများမှာလည်း စိတ်ဓာတ်ရေးရာ ညံ့ဖျင်းလာကာ အဂတိလိုက်စား၊ လာဘ်ပေးလာဘ်ယူမှုများဟာ ဌာနဆိုင်ရာ အသီးသီး မှာ ကြေက်ခမန်းလိလိဖြစ်ပေါ်နေပါတယ်။ အဲဒီ လာဘ်ပေး လာဘ်ယူမှုများအား နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပြလာ ကြတော့ အာဏာရှင်ကြီးတွေက အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကို အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်ပြပြီး သူတို့ကိုယ် သူတို့ နာမည်ကောင်း ယူတတ်ကြပါတယ်။ အဲဒီလို အရေးယူ ဆောင်ရွက်ရာမှာလည်း အားလုံးကို တပြေးညီအရေးယူခြင်းမျိုး မဟုတ်ဘဲ သူတို့ရဲ့  အနာဂတ် အကျိုးစီးပွားအတွက် အန္တရာယ် ပေးလာနိုင်တဲ့ သူများကိုသာ စီစစ်ရွေးချယ်ပြီး အရေးယူဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ တိုင်းပြည်မှာ လာဘ်ပေး လာဘ်ယူမှုတွေ လက်ရှိအချိန်ထိ ၀န်ကြီးဌာနတိုင်းမှာ ဖြစ်ပေါ်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။

လက်ရှိတပ်မတော်အတွင်းမှာ ဆိုရင်လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေး (စစ်ဝတ်၊ ရိက္ခာ၊ လစာ စသဖြင့်) များ ၊ အပြည့်အ၀ မရရှိမှု ၊ ခေါင်းဆောင်ပိုင်းများရဲ့  ဖိနှိပ်ချုပ်ခြယ်မှုများ၊ မတရားခိုင်းစေမှုများ၊ တပ်ရင်း/ဖွဲ့တိုင်းမှာ ဖြစ်ပေါ်နေလို့ တပ်တွင်း စည်းလုံးညီညွှတ်မှု ပျက်ပြားပြီး ခွင့်မဲ့ပျက်ကွက် များပြားလာခြင်း၊ မလိုလားအပ်တဲ့ အုပ်ချုပ်မှု ဖြစ်စဉ်များ များပြားလာခြင်းဖြစ်ပါတယ်။တပ်မှူးတွေဟာ လက်အောက်မှ အရာရှိငယ်များနဲ့ အခြားအဆင့် စစ်သည်များကို စစ်ဆင်ရေးကာလများမှာ အမိန့်အာဏာ အလွဲသုံးစားလုပ်ပြီး သူတို့ အကျိုးစီးပွားအတွက် မတရားစေခိုင်းခြင်း များကို လည်းပြုလုပ်ကြပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း ရှေ့တန်းစစ်ဆင်ရေး တာဝန်ထမ်းဆောင်ခဲ့စဉ်က တပ်ရင်းမှုး ၊ ဒုရင်းမှုးများ၏ အကျိုးစီးပွားအတွက် သစ်မှောင်ခို ရောင်းချပေးရခြင်း၊ ဂိတ်ကြေးကောက်ခံ ပေးရခြင်းများ ပြုလုပ် ပေးခဲ့ရပါတယ်။ ဂိတ်ကြေး ကောက်ခံပေးရတယ်ဆိုရာမှာ တံတားဖြတ်သန်းခ၊ ကူးတို့ဆိပ် လှေခ၊ လိုင်းကားများ မြို့ ဝင် မြို့ ထွက် ဂိတ်ကြေးများ လမ်းကြောင်းလုံခြုံရေး အကြောင်းပြုပြီး ဆက်ကြေးကောက်ခံခြင်း အပါအ၀င် တောတောင်လမ်းမှ ချီတက်လာတဲ့ မရှိ ဆင်းရဲသား ပြည်သူတွေရဲ့  မှောင်ခိုပစ္စည်းတွေသာမက တောင်ယာခုတ် တပိုင်တနိုင် စီးပွားရေး ဖြစ်တဲ့ မီးသွေးဖုတ်၊ အုတ်ဖုတ်၊ ၀ါးခုတ်တွေ အဆုံး ဂိတ်ကြေး ကောက်ပေးရပါတယ်။

မြန်မာ့တပ်မတော်ဟာ ပြည်သူကြားက ပေါက်ဖွားလာသော ပြည်သူ့ တပ်မတော် ဖြစ်တာကြောင့် ပြည်သူလူထုနဲ့ တထပ်တည်း တသားတည်း ကျရန် လိုအပ်ပါတယ်။ နိုင်ငံတိုင်းမှာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ သူများဟာ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးကိုသာ ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံအား အုပ်ချုပ်နေတဲ့ အာဏာရှင်ကြီးများကတော့ ပြည်သူလူထုရဲ့  စားဝတ်နေရေး ကြပ်တည်းမှု ၊ ကုန်ဈေးနှုန်းမြင့်မားမှု ၊ လျှပ်စစ်မီး မလုံလောက်မှု၊ လူ့အခွင့်အရေး အပြည့်အ၀ မရရှိမှု များကို အလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း မရှိဘဲ မသိကျိုးကျွံ ပြုနေပါတယ်။ ဒါကြောင့် အတိဒုက္ခ ရောက်နေရတဲ့ ပြည်သူများမှာ အာဏာရှင် အစိုးရရဲ့  မသိကျိုးကျွန်ပြုမှု များကို မခံနိုင်ကြတော့ဘဲ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်လာကြပါတယ်။ အဲဒီလို လူထုမှ ဆန္ဒပြတောင်းဆိုကြခြင်းကို အာဏာရှင်အစိုးရက ပုဒ်မ မျိုးစုံ တပ်ဆင်ပြီး မတရား ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ကြပါတယ်။ အာဏာရှင်အစိုးရမှ တဘက်သတ် စွဲချက်တင်ပြီး အရေးယူ အကျဉ်းချခံရမှုများကြောင့် ဘ၀သေခဲ့ရတဲ့ လူထုနဲ့ ကျောင်းသားတွေမှာ မရေတွက် နိုင်အောင်ပင် ရှိနေကြပါတယ်။

အဲဒီ အဖြစ်အပျက်များထက် ဆိုးတာက သံဃာတော်များအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်မှုများကို ပြုလုပ်လာကြတဲ့အထိ စစ်အာဏာရှင်တွေဟာ အာဏာရူး ရူးခဲ့ ကြပါတယ်။ ဒါကြောင့် အဲဒီလို စနစ်ဆိုး ပျောက်ကွယ်စေဖို့ စစ်အာဏာရူးများရဲ့  အုပ်ချုပ်မှု ယန္တရား ပျက်ပြားသွားအောင် ပြုလုပ်ရန် လိုအပ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာသူတို့ရဲ့ အုပ်ချုပ်မှုယန္တရားမှာ ခွေးသွားစိတ်တစ်ခုအဖြစ် ပါဝင်ခဲ့ရာမှ စွန့်ခွာလာခဲ့ခြင်း ဖြစ်ပါတယ်။ ယခုကဲ့သို့ ကျွန်တော် စွန့်ခွာလာခဲ့ရုံနဲ့ အာဏာရူးများရဲ့  အုပ်ချုပ်မှုယန္တရား ပျက်ပြားသွားမည် မဟုတ်ပေမဲ့ ကျွန်တော်ကဲ့သို့ ခွေးသွားစိတ်လေးများ မြောက်များစွာ ရုန်းထွက်လာရင် အာဏာရူးများရဲ့  ယန္တရား တစ်ခုလုံး ရပ်တန့်ရုံတင်မဟုတ်ဘဲ အလုံးစုံပျက်စီးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရူးကြီးတွေကို သတိပေးချင်တာကတော့ ပြည်သူက ကျွေးတဲ့ထမင်းကို စားပြီး ပြည်သူရဲ့ လက်ကို ပြန်မကိုက်ပါနဲ့။ ရတနာသုံးပါးကို မပစ်မှားမစော်ကားပါနဲ့ လို့ သတိပေးချင်ပါတယ်။ အဲဒီလို သာဆက်လုပ်နေရင်တော့ စစ်အာဏာရှင်တွေဟာ တစ်ဘ၀စံသာဖြစ်ပြီး ကံကြီးထိုက်မှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား။

3 comments:

Unknown said...

တိုင်းရင်းသားတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ အမှန်တော့ ရာဇ၀တ်မှုတွေဘဲဗျ။ ခင်ဗျားက အဲဒါတွေကိုပါ ရေးသားဖော်ထုတ်ရင် သိပ်ကောင်းမှာဗျ။ အဲသလိုသာ အမှန်အတိုင်း တင်ပြမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ သက်သာမှုအနည်းငယ်တော့ ရတန်ကောင်းရဲ့။

minmaw said...

လေးစားလျက်ပါဗျာ။ ကျုပ်တို့ တိုင်းရင်းသား သမီးပျိုတွေကို စော်ကားမော်ကားလုပ်တာတွေဟာ မနည်းပါဘူး။ ခင်များအနေနဲ့ အဲဒါတွေဟာ တကယ် ဖြစ်ပျက်နေတဲ့အကြောင်းတွေ ဖြစ်လို့ ရေးသားဖို့ တိုက်တွန်းလိုပါတယ်။

ကိုဖိုးတရုတ် said...

mon နဲ့ min maw ခင်ဗျား
တိုင်းရင်းသူ သမီးပျိုတွေကို စော်ကားမော်ကားလုပ်တာနဲ့ပတ်သက်ပြီး ကျွန်တော့်ဘလောက်မှာ အခါခါ တင်ပြခဲ့ပြီး တပ်မတော်အရာရှိတွေ ကိုယ်တိုင် ရေးသားပေးပို့ခဲ့ကြတာဖြစ်ပါတယ်။ ဆောင်းပါးခေါင်းစဉ်တွေကတော့ “ရှမ်းတောင်တန်းပေါ်က ခရေပွင့်” နဲ့ “တိုင်းရင်းသူများကို တရားဝင်ဖျက်ဆီးခွင့်လိုင်စင်” တို့ဖြစ်ကြပါတယ်။ Older Post မှာ ရှာပြီး ပြန်ဖတ်ကြည့်စေချင်ပါတယ်။