.

.

.

November 2, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၇)

ဒီကနေ့ တော့ အနားပေးလိုက်တဲ့ ဗိုလ်အောင်ထွေးနဲ့ ဗိုလ်ကျော်ဝင်း အကြောင်းတွေကို ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက်တင်ပြပါအုံးမယ်။

ဗိုလ်အောင်ထွေးဟာ တပ်မ(၅၅) တပ်မမှူးဖြစ်ကတည်းက အခြား တပ်မမှူးတွေနဲ့ မတူဘဲ တပ်မမှူး ဘ၀မှာ အချိန် ကြာမြင့်အောင်နေရပြီးမှ နပခတိုင်းမှူး ဖြစ်လာ ရပါတယ်။ အဲဒီနောက် သူ့ကို (ကစထ)မှူး မဖြစ်သာလို့ ပေးခဲ့ရပေမဲ့ အာဏာရှင်တွေက သိပ်မကြိုက်လှတာမို့ (ကစထ)မှူး ဘ၀တောင် ကြာကြာမထားဘဲ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် (လကခ) ဒု ဗိုလ်ချုပ်ကြီး ကျော်ဝင်းနဲ့ ထပ်မံ ချိန်း ပြီးပြောင်းရွေ့တာခံရပါတယ်။

အဲဒီ (လကခ) ချုပ် ဗိုလ်ကျော်ဝင်းကျတော့ ထောက်လှမ်းရေးနဲ့ အဆင်မပြေခဲ့ပေမဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့  နှိပ်ကွပ်မှုမခံခဲ့ရတာကို ဆက်လက် တင်ပြပ့ါမယ်။ ဗိုလ်ကျော်ဝင်း ကျိုင်းတုံ (ဒကစ) မှူးဘ၀ တုန်းက မြန်မာ-ထိုင်းနယ်စပ် ကော်မတီ အစည်းအဝေး ရှိလို့ နယ်စပ်တိုင်းမှူးတွေ နှင့်အတူ ဘန်ကောက်ကို သွားဖို့ အစီအစဉ်ရှိခဲ့ပါတယ်။

အဲဒီ အစည်းအဝေးကို ယောင်္ကျားတွေသာ တက်ရောက်ဖို့ ဖိတ်ကြားခံရပြီး (မိန်းမ/ ဇနီး) တွေ မပါကြောင်း သိရပါတယ်။အဲဒီအခါမှာ ဗိုလ်ကျော်ဝင်းက သူ့ရဲ့  ဇနီးကို ထိုင်းနိုင်ငံမှာ သူနဲ့ဆုံတွေ့ကာ တရားမ၀င် လည်ပတ်ဖို့ စီစဉ်ခဲ့ပါတယ်။ သူ့ရဲ့  ဇနီးကို ကျိုင်းတုံ - တာချီလိတ်၊ မယ်ဆိုင် - ဘန်ကောက် ခရီးစဉ် ကုန်းလမ်း အတိုင်း ကားဖြင့် ထိုင်းသူဋ္ဌေးတွေနဲ့ ချိတ်ပြီး ဘန်ကောက်ကို ခေါ်ခိုင်းကာ သူနဲ့ ဆုံမဲ့ အစီအစဉ် ရေးဆွဲခဲ့ပါတယ်။


ဗိုလ်မြင့်ဆွေနဲ့ အတူ ရင်ဘောင်တန်း ရပ်နေတဲ့ ဗလပွနဲ့ ဗိုလ်ကျော်ဝင်း

တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား ရောက်တော့ “သေနတ်နဲ့ ပစ်ရင် မလွဲထိမဲ့” သူ့ဇနီးကို ထီးထီးကြီး မြင်နေရတာမို့ “ထလတ” က တပ်မှူး ဗိုလ်မှူးသက်ထွဋ်ဟာ ကကလှမ်းမှ တဆင့် ကကကြည်းကို လှမ်းပြီး Report ဖြင့် လျှို့ ဝှက်စွာ သတင်းပို့ခဲ့ပါတယ်။ အဲဒီတုန်းက ကကကြည်း စစ်ဦးစီး ဗိုလ်မှူးကြီး (Col G.S) (စစ်ဆင်ရေး) ဗိုလ်သိန်းစိန်က ဖုံးဖြင့် တာချီလိတ် တပ်ရင်းမှူးထံ ဆက်သွယ်ကာ ထိုင်းနိုင်ငံထဲကို ရောက်နေပြီ ဖြစ်တဲ့ ဗိုလ်ကျော်ဝင်းရဲ့  ဇနီးအား ပြန်ခေါ် ခိုင်းပါတော့တယ်။

ဒါဟာ ထောက်လှမ်းရေး လက်ချက်ဖြစ်မှန်းသိတာမို့ ဗိုလ်ကျော်ဝင်းခမျာ ဒေါသူပုန်ထကာ လေဆိပ်မှသူပြန်လာပါက ထလတ တပ်မှူး ဗိုလ်မှူးသက်ထွဋ် အနေနဲ့သူ့ကိုကြိုဖို့ မလိုကြောင်း၊ ဗိုလ်မှူးသက်ထွဋ် မျက်နှာကို မမြင်ချင်ကြောင်း ပြောခဲ့ပါတယ်။ ဗိုလ်မှူး သက်ထွဋ်ကလည်း လူပျိုကြီး စာအုပ်သမား ပီပီ သူ့အတွက် ခွဲတမ်းရထားတဲ့ အဖိုးတန် တာချီလိတ် မြို့ ပေါ်က မြေကွက်ကို ဒကစမှူး ဗိုလ်ကျော်ဝင်းထံ ပြန်လည် အပ်နှံခဲ့တဲ့ အကြောင်းတင်ပြလိုက်ရပါတယ်။

No comments: