.

.

.

November 3, 2008

တတိယလှိုင်းခေတ် ပြောက်ကျားစစ် - အပိုင်း(၁)

ဆောင်းပါးရှင် - ဆရာဂါမဏိ

DSL အင်တာနက် ခေတ်မှာ အိုင်တီနည်းပညာတွေဟာ အသုံးချတတ်ရင် ဘယ်လောက်အထိ ခရီးရောက်နိုင်တယ် ဆိုတာကို ရေးသားထားတဲ့ ဆရာဂါမဏိရဲ့  ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်က စာဖတ်ပရိသတ်များအတွက် ထူးထူးခြားခြား တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါးကို လေ့လာဖတ်ရှုပြီး ကျွန်တော်တို့ရဲ့  အမိမြန်မာနိုင်ငံ ဒုတိယ လွတ်လပ်ရေး (သို့မဟုတ်) စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးအတွက် တစုံတရာ ထိရောက်အောင် လုပ်ဆောင် နိုင်ကြပါစေလို့ ဆန္ဒပြုရင်း တင်ဆက်လိုက်ရပါတယ်။ ယခုလို အသိပညာ ဗဟုသုတ ရရှိစေဖို့ ရေးသားပြီး ပေးပို့ခဲ့တဲ့ ဆရာဂါမဏိအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

နိုဝင်ဘာ ၂ဝဝ၁ ခုက တာလီဘန်အစိုးရ ပြိုကျသွားချိန်မှာ မြို့ပေါ်ကနေ တောထဲတောင်ထဲ ရွေ့ ကြတဲ့ အယ်လ်ကိုင်ဒါ တွေရဲ့ ထက်ဝက်လောက်ဟာ AK-47 မောင်းပြန်သေနတ်တွေအပြင် Laptop (လက်ဆွဲကွန်ပြူတာ)တွေ ကိုယ်စီကိုင်ဆောင် ထားကြတယ်။ သူတို့ကွန်ပြူတာတွေရဲ့ ဖန်သားပြင်ရုပ်ပုံအဖြစ် စက်တင်ဘာ ၁၁ ရက် ခေါင်းဆောင် မိုဟာမက်အာတာ ရဲ့ ဓာတ်ပုံ ကိုတင်ထားတယ်။ တကယ်တော့ အယ်လ်ကိုင်ဒါဟာ ပထဝီနယ်မြေကနေ ဆိုင်ဘာနယ်မြေကို ထိုးဖောက်ဝင်ရောက်တဲ့ ကမ္ဘာ့ပထမဆုံး ပြောက်ကျားအဖွဲ့ ဖြစ်ပါတယ်။ လက်ဆွဲကွန်ပြူတာနဲ့ ဒီဗွီဒီ ဓာတ်ပြားတွေကိုသုံးပြီး သူတို့ဟာ ကွန်ပြူတာ ပရိုဂရမ်တွေ ရေးကြတယ်။ လေ့ကျင့်ရေး၊ ဆက်သွယ်ရေး၊ ဗျူဟာဆွဲရေးနဲ့ အစ္စလမ်တရားဟော-တရားနာရေး၊ တနည်းအားဖြင့် အတွေးအခေါ် တည်ဆောက်ရေးတွေကို ကွန်ပြူတာတွေပေါ်မှာ ဆောင်ရွက်ကြတယ်။

အီရတ်နိုင်ငံက အယ်လ်ကိုင်ဒါ အသေခံဗုံးခွဲသမားတွေ၊ တိုက်ခိုက်ရေးသမားတွေဟာ လိုအပ်တဲ့စစ်သင်တန်း၊ ဖောက်ခွဲရေး သင်တန်းတွေကို အင်တာနက်ပေါ်မှာ လုပ်ကြတယ်။ ရံပုံငွေစုဆောင်းတာ၊ တပ်သားသစ် စည်းရုံး စုဆောင်းတာ တင်မက စစ်ဗျူဟာပိုင်း ဆွေးနွေးတိုင်ပင်တာ၊ သတင်းအချက်အလက်တွေ၊ အကြံဉာဏ်တွေ ရယူတာကိုလည်း အင်တာနက်ပေါ်မှာပဲ လုပ်ကြတယ်။ အင်တာနက်ပေါ်မှာဆိုရင် ဘယ်ကမှ အနှောင့်အယှက် မရှိဘဲ အမည်မသိ မျက်နှာမသိ အနေအထားနဲ့ မြွေတကောင်လို လျှောကနဲ လျှောကနဲ လှုပ်ရှားနိုင်တယ်။ အပြင်လောကမှာ ရန်သူစစ်တပ်တွေ သို့မဟုတ် ပုလိပ်တွေရဲ့ အနှောင့်အယှက်ရှိပေမဲ့ အင်တာနက်မှာတော့ ဒါတွေကို ရှောင်လွှားနိုင်တယ်။ ပြင်ပကမ္ဘာမှာ အစည်းအဝေး လုပ်တဲ့အခါ နေရာတစ်ခုမှာ အရေးကြီး ခေါင်းဆောင်တွေ ဖြစ်ဖြစ် အဖွဲ့သားတွေပဲဖြစ်ဖြစ် စုစည်းနိုင်ဖို့ လုံခြုံရေးကို အသေအချာစီစဉ်ရ တင်းကြပ်ရတယ်။ ဒါပေမဲ့ အင်တာနက်ပေါ်မှာတော့ တယ်လီကွန်ဖရင့်ကို စိတ်အေးလက်အေး လုပ်လို့ရတယ်။ အချိန်နဲ့နေရာ ပြဿနာတွေကို အင်တာနက်က အတော်ကြီးဖြေရှင်းလိုက်နိုင်ပြီ ဖြစ်တယ်။ ဒါတင်မက တခါမှမတွေ့ဖူးကြတဲ့ လူစိမ်းတွေရဲ့ ကလပ်စည်းကို အင်တာနက်ပေါ်မှာဖွဲ့တာ ပိုပြီးလုံခြုံစိတ်ချရတယ် လို့ ဆိုတယ်။ တစ်ယောက်ကို တစ်ယောက် ဘယ်သူမှန်းမသိလို့ ဘယ်လိုမှ သတင်းပေါက်နိုင်စရာမရှိဘဲ အလုပ်လုပ်လို့ရတယ် လို့ဆိုတယ်။

ကမ္ဘာလုံးဆိုင်ရာ ဂျီဟဒ်လှုပ်ရှားမှုဟာ အင်တာနက်ကနေ စီစဉ်ညွှန်ကြားနေတဲ့ ဖြစ်စဉ်ကြီး ဖြစ်နေပြီလို့ အမေရိကန် အကြမ်းဖက် ဝါဒလေ့လာသူပါရဂူများက သုံးသပ်ကြတယ်။ ဒါပေမဲ့ ဒါဟာ အယ်ကိုင်ဒါအဖွဲ့က အကြွင်းမဲ့ခေါင်းဆောင်တဲ့ လှုပ်ရှားမှုတော့ မဟုတ်ဘဲ အမျိုးစုံသော အဖွဲ့ငယ်လေးတွေ၊ အရေးပေါ် တပွဲတိုး ကလပ်စည်းတွေက ပိုပိုပြီးများလာနေတယ်။ ဒါတွေကို တကမ္ဘာလုံး အတိုင်းအတာနဲ့ လုံးဝပိတ်ပင်တားဆီးဖို့ ဒါမှမဟုတ် သိသိသာသာ လျော့ကျသွားစေဖို့ နည်းပညာမရှိသေးပါဘူး။ ၉/၁၁ အရေး အခင်းနောက်ပိုင်းမှာ အစ္စလမ်အစွန်းရောက်သမားတွေနဲ့ပတ်သက်တဲ့ ဝက်ဘ်ဆိုက်တွေ တအားတိုးပွားလာပါတယ်။ ၁၉၉၇ ခုမှာ အဲသလို ဝက်ဘ်ဆိုက် ၁၂ ခုပဲရှိရာကနေ ဒီကနေ့မှာတော့ ဝက်ဘ်ဆိုက်ပေါင်း ၄၅ဝဝ ရှိနေပြီဖြစ်တယ်။ အယ်လ်ကိုင်ဒါရဲ့ အီရတ်ဌာနခွဲဟာ အခုအခါ ပျမ်းမျှအားဖြင့် တစ်ရက်ကို အင်တာနက်ထုတ်ပြန်ချက်ကိုးခုလောက် ထုတ်နေတယ်။ အစ္စလမ်အစွန်းရောက်တွေရဲ့ လှုပ်ရှားမှု လည်ပတ်နေအောင် အဓိကမောင်းနှင်အားက “ဘာသာရေး အယူဝါဒနဲ့ အင်တာနက်” ပဲ ဖြစ်တယ်လို့ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူး ဂျွန်မက်လောလင်း က ကောက်ချက်ချတယ်။ အစ္စရေး သုတေသီ တစ်ယောက်ကတော့ အင်တာနက်ဟာ ဂျီဟဒ်ရဲ့ တံခါးဖွင့်တက္ကသိုလ်ကြီး ဖြစ်နေပြီလို့ ဆိုပါတယ်။

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး ဖြစ်ခဲ့တဲ့ Word Trade Center ဟာ စက်တင်ဘာ ၉ ရက် ၂၀၀၁ မှာ အယ်လ်ကိုင်ဒါ အဖွဲ့ရဲ့  တိုက်ခိုက်မှုကို ခံရစဉ်


တကယ်တော့ အင်တာနက်ပေါ်မှာ အစ္စလမ်အစွန်းရောက်တွေ စုမိတဲ့ပုံစံဟာ တခြားသော သန်ရာသန်ရာ လိုင်းတွေ အင်တာနက်ပေါ် စုစည်းကြတာတွေနဲ့ ဘာမှမကွာပါဘူး။ တံဆိပ်ခေါင်း ဝါသနာရှင်တွေ ဒါမှမဟုတ် အဆစ်ရောင်ရောဂါရှင်တွေ အင်တာနက် ပေါ်မှာ အသိုင်းအဝိုင်းဖွဲ့စုစည်းကြတဲ့ပုံစံမျိုးအတိုင်းပါပဲ။ နိုင်ငံနယ်နိမိတ် တွေမရှိ၊ လူမျိုးစုအမှတ်အသားတွေမရှိ၊ ဘယ်သူဘယ်ဝါမှန်း မသိ၊ ဒါပေမဲ့ ဘယ်နေရာမဆိုလည်းသွားနိုင်တဲ့ ဒီအင်တာနက်ဟာ ဒီကနေ့ အကြမ်းဖက်ဝါဒရဲ့ စံပြုလောက်တဲ့ ကြားခံအခြေတည်ရာ ဖြစ်တယ်လို့ ရန်းဒ် ကော်ပိုရေးရှင်းက အကြမ်းဖက်ဝါဒသုတေသီ ဘရုစ်ဟော့ဖ်မင်းကဆိုတယ်။ အစ္စလမ် မီဒီယာ အဖွဲ့တစ်ဖွဲ့ ကိုယ်တိုင် ကလည်း အင်တာနက်ဟာ ဂျီဟဒ်ကို ပိုမိုသွက်လက်ချောမွေ့သွားစေတယ်လို့ ကြေညာခဲ့ပါသေးတယ်။

တာလီဘန်ခေတ် အာဖဂန်နစ္စတန်မှာ ရုပ်မြင်သံကြားတို့၊ ဗီဒီယိုတို့ကို ပိတ်ပင်ခဲ့ပေမဲ့ တတိယလှိုင်းနည်းပညာ အားသန်တဲ့ အယ်လ်ကိုင်ဒါတွေကတော့ ခေါင်းတလုံးသာခဲ့ပါတယ်။ ဘင်လာဒင်ဟာ ကမ္ဘာမှာ ဂြိုလ်တုဖုန်းတွေ ပထမဆုံးစပေါ်ကတည်းက သုံးခဲ့ပြီး ဗီဒီယိုကင်မရာတွေ ခေတ်မစားခင်ကတည်းက ဗီဒီယိုဝါဒဖြန့် အခွေတွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘင်လာဒင့် နောက်လိုက် လူငယ်မျိုးဆက်သစ်တွေက သတင်းနည်းပညာ တွေကို ပိုမိုအဆင့်မြင့်မြင့်နဲ့ ကျွမ်းကျွမ်းကျင်ကျင် အသုံးချနေကြပြီ ဖြစ်ပါတယ်။ ဘင်လာဒင့် အယ်ကိုင်ဒါတုံးက Fax နဲ့ ဂြိုလ်တုရုပ်မြင်သံကြားခေတ်သာဖြစ်ခဲ့ပြီး အာဖဂန်တောတောင်တွေ ကျေးလက်တွေကို အခြေခံခဲ့ရာက နောက်ပိုင်း ဇာကာဝီ ခေတ်မှာတော့ DSL အင်တာနက်ခေတ်မှာ အီရတ်မြို့ပြကို အခြေခံနေပါတယ်။

အယ်ကိုင်ဒါနဲ့ ဆင့်ပွား အဖွဲ့အစည်းတွေဟာ အမျိုးမျိုးသော လေ့ကျင့်ရေးဆိုင်ရာ စာစောင်စာတမ်းတွေကို ဧရာမ အင်တာနက် စာကြည့်တိုက်ကြီးအဖြစ်လည်း တည်ဆောက်ထားတယ်။ မက်ဆေ့ဂ်ျရိုက်တာ၊ Chatting ပြောတာ တွေကတဆင့် အကြမ်းဖက် ဘာသာရပ်အလိုက် ကျွမ်းကျင်သူတွေက နည်းလမ်းတွေသင်ပြတာ၊ လက်တွေ့ အခက်အခဲတွေ ကျော်လွှားဖို့ နည်းပေးတာတွေလည်း လုပ်ပေးပါတယ်။ အဆိပ်ဖော်နည်း၊ မီးဖိုချောင်သုံး သို့မဟုတ် ဘယဆေးဆိုင်သုံး ပစ္စည်းတွေကနေ ဗုံးလုပ်နည်းကအစ၊ ရုပ်ဖျက်ပြီး အီရတ်နိုင်ငံထဲ ခိုးဝင်နည်းနဲ့ ပုလိပ်ကို လာဘ်ထိုးနည်းအလယ် ဒုံးကျည်တွေ ဗုံးသီးတွေကနေ ယမ်းထုတ်ယူနည်း၊ အမေရိကန်စစ်သား ကို ချောင်းမြောင်း ပစ်ခတ်နည်း၊ သဲကန္တာရထဲမှာ ညအချိန် ကြယ်တွေကြည့် ခရီးသွားနည်း၊ ကွန်ပျူတာတွေထဲ အင်တာနက်ကနေ Hack လုပ် ဖောက်ထွင်းဝင်ပြီး အချက်အလက်တွေ ခိုးယူနည်းနဲ့ ဖျက်ဆီးပစ်နည်းအဆုံး ၊ လိုအပ်တဲ့ အကြောင်းအရာမျိုးစုံကို သင်ပြတာ၊ အတွေ့အကြုံ ဖလှယ်တာတွေကို အင်တာနက်ပေါ်မှာ လုပ်ကြပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံ ဈေးကွက်ထဲမှာ ဝယ်လို့ရနိုင်တဲ့ ပေါက်ကွဲ ပစ္စည်းတွေ၊ ဓာတုဗေဒ ပစ္စည်းတွေ စာရင်းကိုလည်း နိုင်ငံအလိုက် ဖော်ပြထားပါတယ်။ ဒါတွေကို အာရဗီဘာသာ၊ အူရဒူဘာသာ၊ ပတ်ရှ်တူ ဘာသာစတဲ့ အကြမ်းဖက်သမားတွေရဲ့ မိခင်ဘာသာ စကားတွေနဲ့ အင်တာနက်မှာ ပြပေးနေပါတယ်။

၂ဝဝ၄ ခုမှာ အယ်လ်ကိုင်ဒါက အင်တာနက် မဂ္ဂဇင်းတစောင်ကို လွှတ်တင်ခဲ့တယ်။ တစ်လတစ်ခါထုတ် ဒီမဂ္ဂဇင်းမှာ ဘာသာရေး အဆိုအမိန့်တွေနဲ့ စစ်ရေးဆိုင်ရာ အကြံဥာဏ်တွေ ထည့်သွင်း ဖော်ပြပေးတယ်။ အဲဒီ အွန်လိုင်းမဂ္ဂဇင်းထဲမှာ ရေးထားတာက “ဘုရားသခင်ရဲ့ စစ်သည်တော် ညီနောင်အပေါင်းတို့၊ ကြီးကျယ် မြင့်မြတ်လှသော သင်တန်း စခန်းများသို့ ဝင်ရောက်ရန်အတွက် ရေခြားမြေခြားသို့ ခရီးသွားစရာမလိုပါ။ ကိုယ့်အိမ်မှာပဲ ကိုယ်တစ်ယောက်တည်းဖြစ်စေ၊ ကိုယ့်ညီနောင် ရဲဘော်တွေနဲ့ အတူတကွ ဖြစ်စေ လေ့ကျင့်ရေး အစီအစဉ်ကို ဆောင်ရွက် အကောင်အထည်ဖော်လို့ ရနိုင်ပါသည်” လို့ရေးပြီး ရဲဘော်သစ်တွေ အင်တာနက် သုံးဖို့တိုက်တွန်း ထားပါတယ်။ ဟိုတုန်းကဆိုရင် သင်တန်းတက်ဖို့ ဆူဒန်ကိုသွားရတယ်၊ ယီမင်ကိုသွားရတယ်၊ အာဖဂန်နစ္စတန်ကို သွားရတယ်။ အခုတော့ သွားစရာမလိုတော့ပါ။ တကယ်လို့ မသွားမဖြစ် သွားရရင်တောင်မှ ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်မယ့် ဘာစာရွက်စာတမ်းမှ ယူသွား စရာမလိုတော့ပါ။ လိုသမျှ စာရွက်စာတမ်းတွေ အင်တာနက်ပေါ်မှာ အကုန် ရှိနေတယ်။ မရှိသေးရင်လည်း ဝှက်စာသွင်းပြီး အီးမေးလ်နဲ့ ပို့လို့ရတယ်။ ဝှက်စာတွေ ကလည်း စီအိုင်အေက ကမ္ဘာ့အကောင်းဆုံး ကွန်ပျူတာအလုံး ၁ဝဝဝ နဲ့ နှစ် ၁ဝဝဝဝ လောက်အချိန်ယူ၊ ဒေါ်လာဘီလီယံနဲ့ချီ ငွေကုန်ခံပြီး ဖော်မှရနိုင်မဲ့ ဝှက်စာမျိုး ဖြစ်တယ်။

No comments: