.

.

.

November 20, 2008

ခေါင်းဆောင် - အပိုင်း(၅)

လုပ်ငန်းတစ်ခု၊ နိုင်ငံတစ်ခုမှာ ခေါင်းဆောင်မှုဟာ အလွန် အရေးကြီးပါတယ်။ ခေါင်းဆောင်မှု ကောင်းမွန် မှန်ကန်ပြီး သမာရိုးကျ လုပ်ဆောင်ချက်တွေက ခွဲထွက်လို့ အောင်မြင် တိုးတက်သွားတဲ့ သာဓကတွေကို ဒီတပတ်မှာ စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရန် ကျွန်တော် ကိုဖိုးတရုတ်မှ ဆက်လက် တင်ပြ ပေးလိုက်ပါတယ်။

သာမန်ထက် ပိုလွန်ပြီး အောင်မြင်မှု အထူးကို ရရှိခဲ့တဲ့ Virgin Blue လေကြောင်းကို လေ့လာတဲ့အခါမှာ CEO ဖြစ်တဲ့ Richard Branson ရဲ့  ခေါင်းဆောင်မှု ကောင်းမွန်လို့ ဆိုတာ တွေ့ရပါတယ်။ ဒီနေ့ ခေတ်စားတဲ့ Budget Air ဆိုတဲ့ သက်သာနှုန်းထား လေကြောင်း ခရီးစဉ်တွေကို Branson က စတင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့  သူများရဲ့  မတူတဲ့ Version ကြောင့် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘယ်နေရာမှာ မဆို ခေါင်းဆောင်ကောင်း ဖြစ်ဖို့ အတွက် အလွန်အရေးကြီးပါတယ်။

ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့  ခေါင်းဆောင်မှု သက်ရောက်အားဟာ အဖွဲ့အစည်း တစ်ခု၊ နိုင်ငံတစ်ခုရဲ့  အနာဂါတ်ကို တမုဟုတ်ခြင်း ပြောင်းလဲ နိုင်စွမ်း ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ဗိုလ်သန်းရွှေရဲ့  Background ဖြစ်တဲ့ ကိုတေဇရဲ့  လေကြောင်းလိုင်းကတော့ တမုဟုတ်ခြင်း အရှုံးပေါ်ပြီး Air Bagan ဆိုတာ ခေါင်းဆောင်မှုမှာ ယုံကြည်မှု သိက္ခာ မရှိတာမို့ ကြားရသူတွေ နှာခေါင်း ရှုံ့ တဲ့ လေကြောင်းလိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။

နောက်တခု ထင်ရှားတဲ့ ခေါင်းဆောင်မှုကြောင့် အောင်မြင်တာကတော့ ကိုးရီးယား နိုင်ငံက Kim Jung - Tae ဖြစ်ပါတယ်။ Kim ဟာ နှစ်ပေါင်းများစွာ လက်ခံကျင့်သုံးလာတဲ့ ဘဏ်တွေရဲ့  အမြင်နဲ့ ကျင့်ထုံးကို ၂၀၀၁ ခုနှစ်မှာ ပြောင်းပြန် လှန်လိုက်ပါတယ်။ သူဟာ ကိုးရီးယားရဲ့  အထင်ကရ Korea's Kookmin Bank ရဲ့  CEO ဖြစ်ပါတယ်။ အစိုးရရဲ့  ဖိအားပေးမှုတွေကို တွန်းလှန်ရင်း ဘဏ်ရဲ့  အခြေခံမူ ဖြစ်တဲ့ ရှယ်ယာရှင်တွေရဲ့  အကျိုးကို ရှေးရှုကာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်တာကြောင့် အံ့မခန်းတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ပြန်လည် တည်ဆောက်ရေး၊ ကိုးရီးယားရဲ့  ဘဏ္ဍာရေး စနစ်၊ မြင်သာ ထင်သာမှု၊ စီးပွားရေးစံတွေကို အကောင်းဆုံး ဖြစ်အောင် ပြုပြင်နိုင်ခဲ့ပါတယ်။ Kim ရဲ့  ဦးဆောင်မှုနဲ့ H & CB (Housing & Commericial Bank) လည်း အကြီးအကျယ် အောင်မြင် လာခဲ့ပြန်ပါတယ်။ Kim ရဲ့  ဦးဆောင်မှုနဲ့  H & CB ကို Kookmin Bank နဲ့ ပူးပေါင်းပေးလိုက်နိုင်ပြီး အာရှရဲ့  ဒုတိယ အကြီးဆုံး ဘဏ် ကြီး ဖြစ်စေခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ ညံ့ဖျင်းတဲ့ ဘဏ်စနစ်တွေနဲ့ ဖျက်သိမ်းခံလိုက်ရတဲ့ ဘဏ်တွေရဲ့  ဖြစ်စဉ်တွေကြောင့် ပြည်သူလူထု နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး ယုံကြည်ကိုးစားမှုလည်း ကွယ်ပျောက်ခဲ့ရပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ ပြိုကွဲကုန်လို့ တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်ကာ ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းခဲ့ရပါတယ်။


Kim Jung - Tae

ခေါင်းဆောင်မှု မှန်ကန်ရင် အကြီးအကျယ် အောင်မြင်နိုင်ကြောင်း ကမ္ဘာတ၀ှမ်းက တိုးတက်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကို လေ့လာ တွေ့ရှိနိုင်ပါတယ်။ အခြေအနေ ဆိုးတွေကို ဆင်ခြေတွေ မပါဘဲ အခြေအနေ ကောင်းအဖြစ် ဖန်တီးပစ်နိုင်ကြောင်း ပြသလိုက်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘာကို တွေ့ရမလဲ ဆိုရင် အထက်မှာ တင်ပြပြီးခဲ့တဲ့ အတိုင်း ပြောခွင့်ဆိုခွင့် လုပ်ပိုင်ခွင့်တွေကို Kim က ရရှိခဲ့ခြင်းပင် ဖြစ်ပါတယ်။ သူ့ အကြံဥာဏ်ကို တင်ပြခွင့်ရှိခဲ့ပြီး အပေါ်ထပ် အဆောက်အအုံကလည်း အမြင်ရှိတဲ့အခါ လုပ်ငန်း အကောင်အထည် ဖော်နိုင်ခဲ့ကာ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။

သမာရိုးကျ အတွေးအခေါ် တွေကနေ ပညာအခြေခံတဲ့ လူမှု အဖွဲ့အစည်းခေတ်ထဲကို ချင်းနင်း ၀င်ရောက်လာပြီ ဖြစ်လို့ ခေါင်းဆောင်မှု တစ်ခုရဲ့  အနာဂါတ် အမြင်၊ အတွေးအခေါ်တွေဟာ သမာရိုးကျ ထဲက ဖောက်ထွက်ရမှာ ဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှု အနေနဲ့ ထူးခြားမှုကို မလုပ်ဆောင်နိုင်တော့ကြောင်း တင်ပြချင်ပါတယ်။ ပညာအခြေခံဟာ အတားအဆီး မှန်သမျှကို အိုင်တီ အကူအညီနဲ့ ဖယ်ရှားထားနိုင်ပြီးဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှုကို အစားထိုးဖို့ ကုမ္ပဏီ အဖွဲ့အစည်းကနေ နိုင်ငံတော်တွေအထိ လိုအပ်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ ဆီမှာ မိရိုးဖလာ အတွေးအခေါ်၊ သမာရိုးကျ ခေါင်းဆောင်မှုတွေက ရုန်းမထွက် နိုင်ကြသေးတာကို တွေ့နေရပါတယ်။ အဖေက ကုမ္ပဏီ ထောင်လို့ သား ဖြစ်သူကို MD ခန့်တယ်။ စစ်တပ်ထိပ်ပိုင်း အရာရှိကြီးတွေရဲ့  သားသမီးတွေ ပညာအရည်အချင်း မပြည့်စုံလည်း စစ်ဆေးတက္ကသိုလ်ကို ရောက်တယ်။ စွမ်းရည် ရှိတာ၊ မရှိတာဟာ အကြောင်းရင်းခံ မဟုတ်ဘဲ တကယ်ထူးချွန်တဲ့ လူတွေ အတွက် နေရာမရှိတာဟာ အနာဂါတ် နိုင်ငံတော်ရဲ့  အဖက်ဖက်က နိမ့်ပါးကျဆင်းနေရခြင်းရဲ့  အကြောင်းရင်းခံ ဖြစ်ပါတယ်။ သမာရိုးကျ ခေါင်းဆောင်မှု ကို စွမ်းရည်ရှိတဲ့ “အထူး ခေါင်းဆောင်မှု” နဲ့ အစားထိုးနေတဲ့ အခုလို တိုးတက်တဲ့ ခေတ်ကြီးမှာ အနာဂါတ် အလားအလာကို မြင်ဖို့ ကြည့်ဖို့ လိုပါတယ်။ တချို့ နေရာတွေမှာ ယုံကြည်ရမှုကို ရှေ့ တန်းတင်လို့ တိုးတက်မှုနဲ့ အလဲအလှယ် လုပ်ရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုးတက်မှုကို တကယ်လိုချင်ရင်တော့ သမာရိုးကျ ခေါင်းဆောင်မှုကို စွန့်ခွာ ဖယ်ရှားရမှာ ဖြစ်ပါတယ်။ တနည်းဆိုရရင် လူတော်လူကောင်းဘဲ ဖြစ်သင့်ပြီး လူကောင်းလူတော် ဆိုတာ လုံးဝ မဖြစ်သင့်ပါ။

Idea အကြောင်း၊ Competitiveness အကြောင်း ရှေ့ တန်းတင်နေတဲ့ ကာလမှာ သမာရိုးကျ ခေါင်းဆောင်မှုဟာ မန်နေဂျာ ငယ်များ အနေနဲ့တောင် အတုမယူ သင့်တော့တဲ့ သင်ခန်းစာ ဖြစ်ပါတယ်။ ခေတ်သစ် ခေါင်းဆောင်မှု မှာ အခြေခံ ပင်ကိုယ်အားဖြင့် ကျေနပ်မှု (Intrinsic Satisfaction)၊ (Computer Technology)၊ (Professional Norm) စတာတွေ ပါဝင်ရမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား။

နောက်တစ်ပတ်မှာတော့ ခေါင်းဆောင်ဖြစ်ဖို့ အသင့် ဖြစ်မဖြစ် ယေဘုယျ မေးခွန်း (၂၀) နဲ့ ကိုယ့်ကိုကိုယ် အရင် လေ့လာ စမ်းစစ်ဖို့ တင်ပြသွားပါမယ်။

No comments: