.

.

.

November 24, 2008

အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဗိုလ်ခင်ညွန့်

သားသုံးသား - အပိုင်း(၁)

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

RFA မှာ အသံလွှင့်ခဲ့တဲ့ ဗိုလ်ထက်မင်းရဲ့ ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ စာဖတ်သူများအတွက် အပိုင်း(၁)ကို ဒီကနေ့ မှာ တင်ပြပေးလိုက်ရပါတယ်။

ဗိုလ်ခင်ညွန့်ဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူမတူအောင်စွမ်းဆောင်ခဲ့ပြီး တိုင်းရင်းသား (၁၇) ဖွဲ့နဲ့ အင်အား ကောင်းလှတဲ့ နာမည်ကြီး ဘိန်းဘုရင်ခွန်ဆာရဲ့ လွယ်မော်အဖွဲ့ကို ငြိမ်းချမ်းရေးရရှိအောင်၊ လက် နက်ချအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ကေအန်ယူအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေး မှုလည်း အောင်မြင်လု နီးပါးရရှိခဲ့ပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုကြောင့် ၂ဝဝဝ ခုနှစ် အောက်တိုဘာမှ ၂ဝဝ၁ ခုနှစ် ဇွန်လအထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တရားဝင် (၅) ကြိမ်တိုင်တိုင် ဆွေး နွေးပွဲကျင်းပနိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံညှိနှိုင်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကကလှမ်းမှ ဗိုလ်မှူးချုပ်သန်းထွန်းနဲ့အဖွဲ့ကို တာဝန်ပေးစေခိုင်းခဲ့ရာ အထိုက်အလျောက် အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်သန်းရွှေနဲ့ တစ်ကြိမ်၊ ဗိုလ်မောင်အေး အပါအဝင်သုံးဦးနဲ့ တစ်ကြိမ် တွေ့ဆုံစေရန် ကြိုးပမ်းခဲ့ပြီး ထမင်းလက်ဆုံ စားကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ အကြမ်းဖက်ခံရတဲ့အခါမှာတော့ ဗိုလ်သန်းရွှေဟာ နိုင်ငံရေးအကျပ်အတည်းပိတ်မိပြီး အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ရှိလို့ ဗိုလ်ခင်ညွန့်ကို ဝန်ကြီးချုပ်ရာထူးပေးကာ တွန်းလွှတ်ခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ဟာ နိုင်ငံတကာဖိအားပေးမှုကြောင့် ရေရှည်မှာ မိမိနိုင်ငံ နစ်နာမှာကိုသိမြင်ပြီး ‘Road Map’ (၇) ချက်ကြေညာကာ ထွက်ပေါက်ရှာခဲ့ပါတယ်။ ဒါ့အပြင် ဗိုလ်ခင်ညွန့်ဟာ အမျိုးသားညီလာခံမှာ အတိုက်အခံပါတီ NLD ပါဝင်မှ သဘာဝ ကျမယ်လို့သိမြင်ပြီး နအဖ ဥက္ကဋ္ဌကို ဖျောင်းဖျစည်းရုံးကာ NLD ပါတီကို ဖိတ်ကြားနိုင်တဲ့အထိ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဗိုလ်ခင်ညွန့်ဟာ ထောက်လှမ်းရေး တပ်ဖွဲ့အင်အားကို တိုးချဲ့ရာမှာ မဟာဗျူဟာ လေ့လာရေးဌာနကို တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် လက်အောက်ကို သွတ်သွင်းစေပြီး အဆိုပါဌာနမှ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ အားလုံးကို ပြန်လည်ခေါ်ယူ၍ တစ်စုတစ်ဝေးတည်း တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံးအဖြစ် ဖွဲ့စည်းပုံ သီးသန့် ပြင်ဆင်ခဲ့ပါတယ်။ ယင်းကိစ္စအား ဗိုလ်မောင်အေးက ကန့်ကွက်နေတဲ့ကြားထဲတွင် ဗိုလ်ခင်ညွန့်ဟာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး အောင်မြင်မှု ရရှိခဲ့ပါတယ်။ အဲဒီနောက် ထောက်လှမ်းရေးဗိုလ်မှူးချုပ် (၁ဝ) ဦးနဲ့ ဌာနကြီး (၁ဝ) ခုဖြစ်လာပြီး လက်နက်တွေ တိုးချဲ့တပ်ဆင်လာတာကို ထိပ်ပိုင်း စစ်အာဏာရှင်တွေ အနေနဲ့ ဘဝင်မကျ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာဘဲ ဦးနေဝင်းရဲ့ မြေးတွေဟာ ရဲချုပ်ကို ဝင်ရောက်စည်းရုံးပြီး ဥပဒေ အကာကွယ်ရယူ၍ ရန်ကုန်မြို့တွင် ထင်တိုင်းကြဲနေခြင်း၊ ၂ဝဝ၁ ခုနှစ်တွင် ဆီဒိုးနားဟိုတယ်တွင် ဦးနေဝင်း မွေးနေ့ ကျင်းပခဲ့ခြင်းတို့ကို စစ်အာဏာရှင်တွေဟာ ဘဝင်မကျဘဲ သတိကြီးစွာ စောင့်ကြည့်နေခဲ့ကြပါတယ်။ ဆက်လက်ပြီး ဦးနေဝင်းအတွက် လုံခြုံရေး ယူထားတဲ့ သနက (၄) တပ်ခွဲရဲ့ လက်နက်တွေ အေဒီလမ်းအိမ်ကို ရောက်ရှိခဲ့ပါတယ်။ ဒီသတင်းတွေဟာ တော်လှန်ရေးနေ့အတွက် ရန်ကုန်မြို့မှာ လုံခြုံရေးယူထားတဲ့ တပ်မ(၇၇) တပ်မမှူး ဗိုလ်မှူးချုပ်သန်းဌေးကို ဦးနေဝင်းမြေးတွေ သွားရောက်စည်းရုံးခဲ့ရာမှ အဲဒီတပ်မမှူး သတင်းပို့ လိုက်လို့ သိရှိရခြင်း ဖြစ်ပါတယ်။ အဲဒီသတင်းကို ထောက်လှမ်းရေးက ပေးပို့နိုင်ခြင်းမရှိလို့ ဗိုလ်ခင်ညွန့် အပေါ် ထိပ်ပိုင်း အာဏာရှင်နှစ်ဦးဟာ သံသယစတင်ဝင်ခဲ့ပါတယ်။

၂ဝဝ၄ ခုနှစ်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်ဟာ ‘မကြာခင် ထူးခြားသိသာတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတော့မှာပါ’ လို့ အနက်ခွစကားလုံးကို နိုင်ငံခြား အစည်းအဝေး တစ်ခုမှာ ပြောမိလိုက်တဲ့အတွက် စစ်အာဏာရှင်နှစ်ဦးက စိတ်ဆိုးခဲ့ကြပါတယ်။ ဦးဝင်းအောင် ဟာ ဗိုလ်ခင်ညွန့်ရဲ့ တပည့်ဖြစ်ပြီး နိုင်ငံခြားမှာတင် သူ့ကို တန်းဖြုတ်ခဲ့ရာမှ အခြေအနေ တင်းမာမှု ကြီးထွားခဲ့ပြန်ပါတယ်။ အမှန်တကယ်တော့ စစ်အာဏာရှင် တွေဟာ အာဏာကို လိမ်လည်ပြီး မတရား ရယူထားတာကြောင့် တိုင်းပြည်အနေနဲ့ အဖက်ဖက်က ယိုယွင်းပျက်ဆီးနေလို့ နိုင်ငံတကာ အလယ်မှာ ရှက်ဖွယ်လိလိ ဖြစ်နေခဲ့ရခြင်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဧရိယာအတွင်းက တပ်တွေရဲ့ သက်သာချောင်ချိရေးအတွက် နယ်စပ်က ဂြိုလ်တု စလောင်းတွေ တင်သွင်းလာတာကို ဥပဒေဘောင်အတွင်း မကိုက်ညီဘူးဆိုပြီး ထောက်လှမ်းရေးက ပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။ အောက်ခြေတပ်မတော်အတွင်းမှာ ကြည်းတပ်နဲ့ ထောက်လှမ်းရေး တပ်ဖွဲ့တွေအကြား အစာမကြေမှုတွေ များစွာရှိနေခဲ့ပါတယ်။ ကြည်းတပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီးတစ်ဦးဟာ ထောက်လှမ်းရေးက တပ်ဆွယ်မှူးအဆင့် တပ်ကြပ်ကြီးတစ်ဦး ကို တွေ့ခွင့် တောင်းနေရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိနေပါတယ်။

အဲဒီနောက်မှာတော့ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ ဖောက်ပြန်မှုကို တိုင်ကြားစာ တစောင်ဟာ ရမခတိုင်းမှူး ထံကို မိတ္တူအနေနဲ့ ပေးပို့ရောက်ရှိလာပါတယ်။ ယခင်ကဆိုရင် ယခုလို မိတ္တူပေးလာပါက တိုင်းမှူးများဟာ ထောက်လှမ်းရေးနဲ့ မငြိစွန်းလိုဘဲ ရှောင်ရှားကြပေမယ့် ရမခတိုင်းမှူး အနေနဲ့ ယခုအခါ (ကကကြည်း) ထံ တင်ပြကာ အရေးယူ ဆောင်ရွက်လာပါတယ်။ (၁ဝ၅) မိုင်စခန်း ထောက်လှမ်းရေးတပ် ဧရိယာဝင်းအတွင်း ဝင်ရောက်စီးနင်းသိမ်းပိုက်တဲ့အခါ တရားမဝင် ပစ္စည်းတန်ဖိုးဟာ ခန့်မှန်းလို့မရအောင် များပြားတာကြောင့် မနိုင်မနင်းဖြစ်ပြီး ရန်ကုန်က ဝန်ကြီးဦးစိုးသာ၊ စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်၊ တပ်မတော်စစ်ဆေးရေး အရာရှိချုပ်တို့ ပါဝင်တဲ့ အဖွဲ့ကြီးဖွဲ့ကာ သွားရောက်စစ်ဆေးခဲ့ရပါတယ်။ အခြေအနေ မကောင်းကြောင်း သိရတဲ့ အတွက် ထောက်လှမ်းရေးမှူးချုပ်ရုံးက ဗိုလ်မှူးချုပ်မြင့်ဇော်ဟာ အဲဒီအဖွဲ့ကြီးထံကို အပြေးအလွှား လေယာဉ်ပေါ် မှာ ကိုယ်တိုင်သွားရောက် တောင်းပန်ခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်သန်းရွှေက ဗိုလ်ခင်ညွှန့်ကို နှစ်နာရီကြာခေါ်ယူတွေ့ဆုံပြီး သတိပေး ဆူပူခဲ့ပါတယ်။ မနိုင်မနင်းဖြစ်နေတဲ့ ကကလှမ်းရဲ့ တာဝန်ကို ဒုတိယညွှန်မှူး ဗိုလ်ချုပ်ကျော်ဝင်းကို လွှဲပေးဖို့နဲ့ လက်အောက်ခံ တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူဖို့ ပြောကြားခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ အဲဒီအချိန်ကာလအထိ ဗိုလ်ခင်ညွန့်အနေနဲ့ တစ်ခုခုကို ဆုံးဖြတ်ဖို့ အချိန်ကျနေပြီ ဖြစ်ပေမယ့် စစ်အာဏာရှင်တွေက လက်ဦးမှုယူ နှိပ်ကွပ်သွားခဲ့ပုံကို အပိုင်း(၂)မှာ ဆက်လက် တင်ပြသွားပါမယ်။

1 comment:

aaa said...

hurry hurry ! read lo kg dal :D