.

.

.

November 30, 2008

ဆုတောင်းပြည့်ခဲ့တဲ့ ဗိုလ်ခင်မောင်မြင့်

ကျောက်တိုင် အဓိဌာန်မှ ဓါတ်တိုင် ဘဝရောက်ခဲ့သူ - အပိုင်း(၂)

ပင်လုံကျောက်တိုင် အဓိဌာန်သူ ဗိုလ်ခင်မောင်မြင့် အနေနဲ့ ဆုတောင်းပြည့်ခဲ့ပါသည်။ ၂ဝဝ၁-ခုနှစ်၊ ဒီဇင်ဘာလတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရ-ပ-ခ)၏ တိုင်းမှူးအဖြစ် ပြောင်းရွေ့ခန့်အပ်ခံရပါတော့သည်။ မိမိရှေ့မှ ဗိုလ်ချုပ်မောင်ဘိုကတော့ ကျေးသီး-မိုင်းကိုင်လမ်းတွင် ချောင်းမြောင်း လုပ်ကြံပစ်ခတ်ခံမှု ဖြစ်ခဲ့ပြီး အသက်ဘေးမှ သီသီကလေး လွတ်မြောက်သွားကာ သေကံမရောက် သက်မပျောက်၍ စစ်တိုင်းမှူးကြီးရာထူးဖြင့် မွန်-ကရင်- တနသာင်္ရီသို့ လစ်သွားလေတော့သည်။

တိုင်းမှူးရာထူးလက်ခံရကတည်းက မိမိဆုတောင်းအဓိဌာန်ပြုခဲ့သော ပင်လုံကျောက်တိုင်ကို မျှော်မှန်း၍ လွမ်းဆွတ် ဝမ်းသာနေမိသည်။

ပင်လုံကျောက်တိုင်ကို ယုံကြည်မြတ်နိုးခဲ့တဲ့ ဗိုလ်ခင်မောင်မြင့်ဟာ တိုင်းမှူးဖြစ်ခဲ့တဲ့နောက် ပင်လုံကို သွားရောက်ခဲ့ရပါပြီ။

ပအိုဝ်ဂုရုကြီး မဟာအောင်ခမ်းထီနှင့် ပတ္တမြားနဂါးဒါရိုက်တာ နေဝင်းထွန်းတို့ အမည်ခံပြီးလှူဒါန်းသော ဘုရားပန္နက် ချပွဲရှိရာ ပင်လုံမြို့သို့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး ကောင်းကင်ခရီးဖြင့် ကြွလာမည်ဖြစ်ပါသည်။ ဈာန်ဖြင့်ကြွလာခြင်း မဟုတ်ဘဲ ရဟတ်ယာဉ်ဖြင့် ကြွလာခြင်းဖြစ်ပါသည်။ ဗိုလ်ချုပ်ခင်မောင်မြင့်ကတော့ ကြိုဆိုရမည်ဖြစ်သောကြောင့် ကားဖြင့်ပင်လုံသို့ဦးစွာ ရောက်ရှိနေသည်။ ဘုရားကုန်းပေါ်မှနေ၍ လှမ်းမြင်နေရသော ပင်လုံကျောက်တိုင်ကို သွားချင်ပေမဲ့ ကြိုဆိုရေးတွင် အဘက် ဘက်မှမလစ်ဟင်းရအောင် စီမံကွပ်ကဲနေရသည်။ လစ်ဟင်း၍လည်းမရပါ၊ ဗိုလ်မောင်အေးဆိုသူက လူသာရှည်သည် စိတ်က မရှည်တတ်ပါ။ ၁၉၉၉-ခုနှစ်၊ ညောင်ရွှေပွဲတော်တွင် ဗိုလ်မောင်ဘို တာဝန်လစ်ဟင်းမိသောကြောင့် ဗိုလ်မောင်အေး၏ အဆူအဆဲ ခံလိုက်ရသည့် သင်ခန်းစာ (ဖေါ်ပြခဲ့ပြီး) ကိုသိရှိထားပြီမို့ ပင်လုံတွင်လည်းတာဝန်မလစ်ဟင်းရအောင် ဂရုစိုက်နေရသည်။ အားလုံးအဆင်ပြေ ချောမွေ့ခဲ့ပါသည်။

ဘုရားပန္နက်ချပြီး ဒေသခံ ငြိမ်းချမ်းရေးခေါင်းဆောင်များနှင့်အတူ ထမင်းစားသောက်ကြသည်။ ဗိုလ်မောင်အေး၏ ထမင်းဝိုင်းတွင် ငြိမ်းခေါင်းဆောင်များဖြစ်ကြသော ရလလဖ-ဥက္ကဌ-စောတာကလယ်နှင့် ပအိုဝ်ဂုရုကြီး ဦးအောင်ခမ်းထီတို့ ဝိုင်းဖွဲ့မိကြ သည်။ ထမင်းမသုံးဆောင်မီ ဆုတောင်းကြပါဟု ဆော်သြသောအခါ ဘုန်းကြီး လူထွက် ဦးအောင်ခမ်းထီကတော့ ဂါထာများကို ရွတ်ဖတ်ပူဇော်လေသည်။ စောတာကလယ်ကို ဆုတောင်း ပေးရန် တိုက်တွန်းသောအခါ စောတာကလယ် ဆုတောင်းချက်ကြောင့် အားလုံးသောပါးစပ်များ ဟာလာဟင်းလင်း ဖြစ်သွားကြသည်။

“ခင်ဗျားတို့နဲ့ ကျနော်တို့ ...နောင်အခါ ရန်မဖြစ်မိပါစေနဲ့ဗျာ”

စောတာကလယ် ဆုတောင်းချက်ကြောင့် ဗိုလ်မောင်အေးအံ့အားသင့်သွားသလို တချိန်ကမိမိ စစ်ကြောင်းကို နမ့်စန် နှင့်လွိုင်လင်ကြား လေးပိုင်းပြတ်အောင် ချေမှုန်းခဲ့သော သူဖြစ်နေသောကြောင့် ရဟတ်ယာဉ်ပေါ် ရောက်သည်ထိ ဒေါသထွက် မျက်နှာကြီးနီနေလေတော့သည်။

၂ဝဝ၃-ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက် ပင်လုံဘုရားထီးတော်တင်လှူပွဲ

ဗိုလ်မောင်အေး ပန္နက်ချခဲ့သော ဘုရားကိုထီးတော်တင်လှူရန် ဗိုလ်ခင်ညွှန့် ခေါင်းဆောင်၍ ပင်လုံသို့ ရဟတ်ယာဉ်ဖြင့် ချီတက်လာသည်။ အလှူရှင်အမည်ခံ ဂုရုအောင်ခမ်းထီနှင့် ပတ္တမြားနဂါးဒါရိုက်တာ နေဝင်းထွန်းတို့ ကလည်း ခေါင်းပေါင်း တလူလူဖြင့် အလုပ်ရှုပ်နေသည်။ ရဟတ်ယာဉ်ဆင်းသက်လာသောအခါ တိုင်းမှူးအနေဖြင့် ဗိုလ်ခင်မောင်မြင့်က ဦးစွာကြိုဆိုရမည် ဖြစ်သော်လည်း ဂုရုအောင်ခမ်းထီကဦးစွာပြေးသွား၍ ဖက်လှဲတကင်း လောကွပ်ပြုနေသည်။ တရားနားချိန်မှာလည်း နှစ်ကိုယ် ကြားပြောလိုက်တဲ့စကား ... ထမင်းစားချိန်မှာလည်း တတွတ်တွတ် ပြောလိုက်တဲ့စကား..... ကြာလာတော့လည်း ဗိုလ်ခင်ညွှန့် နားပူလာပြီး ဂုရုအောင်ခမ်းထီကို စိတ်ပျက်လာပုံရသည်။

ဆရာတော်ကြီးကို သင်္ကန်းကပ်လှူနေတဲ့ ဗိုလ်ခင်မောင်မြင့်

“ကဲပါ ဦးအောင်ခမ်းထီရယ်.... ကျနော်ကအဝေးကလူပါ၊ ဦးအောင်ခမ်းထီက အနီးကလူကို မေ့နေတယ်ထင်တယ်။ ဦးအောင်ခမ်းထီကို အနီးကလူကပိုပြီးကူညီမှာနော်...” ဟူ၍ တိုင်းမှူး ဗိုလ်ခင်မောင်မြင့် ဘက်ကိုမေးငေါ့ပြီး ညွှန်ပြသောအခါ ပင်ကိုယ်နီနေသော ဂုရုအောင်ခမ်းထီမျက်နှာသည် ဆေးနီသုတ်လိမ်း ထားသကဲ့သို့ဖြစ်သွားလေတော့သည်။

ရဟတ်ယာဉ်များပျံတက်သွားပြီးနောက် တိုင်းမှူး၏ကားပေါ်မှာပါလာသော လွိုင်ကော်ကျောက်ပြားစက်ရုံထုတ် အခင်းကျောက်ပြားချပ်များကို ပင်လုံကျောက်တိုင်ခြေရင်းရှိ ယိုယွင်းကွဲအက်နေသော နေရာများ၌ ပြုပြင်လိုက်လေသည်။

မိမိ ဆုတောင်း အဓိဌာန်ပြုခဲ့သော ပင်လုံကျောက်တိုင်ကို အားပါးတရ ရှုမျှော်ရင်း ကျောက်တိုင်အနီး တို့ဟူးကြော်ဆိုင်ရှင် ရှမ်းအဖွားကြီးကို မျက်စိရှာဖွေမိတော့သည်။ လွန်ခဲ့သောနှစ်ပေါင်း (၂ဝ)ကျော်က ရှမ်းအဖွားကြီး လမ်းညွှန်ခဲ့လို့ အဓိဌာန်ပြုခဲ့တာ ယခုဆုတောင်းပြည့်ပြီး တိုင်းမင်းကြီး အဆင့်ဖြင့် ရှမ်းပြည်၏ အမြင့်ဆုံးရာထူးကို ရရှိခဲ့သည်။ ဆက်လက်၍လည်း တပ်မတော်၏ အမြင့်ဆုံးသောအဆင့်ကို ရရှိဖို့ ထပ်မံ၍ ပင်လုံကျောက်တိုင်ကို အဓိဌာန် ပြုမိပြန်သည်။ ကျောက်တိုင်ကို သုံးပါတ် မပတ်မိခဲ့ချေ။

တိုင်းမှူးခင်မောင်မြင့် ပင်လုံမှ မထွက်ခွာသေးသော်လည်း အမှတ် (၂)ထောက်လှမ်းရေးတပ်မှူး-မင်းလွင်ဆိုသူက ပင်လုံ ကျောက်တိုင်ကို ပြုပြင်မွမ်းမံနေသည့် သတင်းအား ရန်ကုန်ရှိ ကက-လှမ်းနှင့် ကက-ကြည်းတို့ကို တိုင်ကြားစာ အစီရင်ခံသတင်းပို့ပြီးဖြစ်လေတော့သည်။

နောက်ရက်မှာတော့ တပ်တွင်းပုန်ကန်မှုနဲ့ အချုပ်ဖောက်ထွက်ပြေးမှုတွေကြောင့် ငယ်ထိပ် မြွေပွေးပေါက်သလို ဖြစ်ခဲ့ရတဲ့ ဗိုလ်ခင်မောင်မြင့် အကြောင်းကို ဆက်လက် တင်ပြသွားပါမယ်။

No comments: