.

.

.

December 29, 2008

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၄)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၄)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့  လုပ်ပုံအချိုးကိုလည်း ကြည့်လိုက်ပါဦး၊ ဥပမာ ဆိုရင် နာဂစ်မုန်တိုင်း ကိစ္စမှာ မုန်တိုင်းလာမှာ ကြိုသိရက်နဲ့ ပြည်သူလူထုကို အသိပေး၊ ကြိုတင် ကာကွယ်၊ ကယ်ဆယ်စောင့်ရှောက်ဖို့ ကိစ္စတွေကို မလုပ်ဘဲ ဥပက္ခာ ပြုထားခဲ့တယ်။ ဖြစ်ပွားပြီးတော့လည်း တာဝန်မရှိသလို လစ်လျူရှူထား ခဲ့ပါတယ်။မရှေးမနှောင်းဖြစ်ခဲ့တဲ့ တရုတ် မြေငလျင်မှာတော့ တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင် လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်း အင်အားသုံးပြီးတော့ ကြပ်မတ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲလို့ ကိုယ့်ကိုကိုယ် နံမည်တပ်ထားသူ ဗိုလ်သန်းရွှေက မုန်တိုင်းအပြီး (၂) ပတ်အကြာ အမေရိကန် စစ်သဘောင်္တွေ လာနေပြီးမှ တရုတ်ဝန်ကြီးချုပ်ကို အားကျကာ လူမြင်ကွင်းကို သွေးအေးအေးနဲ့ ထွက်လာခဲ့ပါတယ်။ ဒါက မကောင်းတတ်လို့ ထွက်ပြီး လူဟန်ပြတဲ့ သဘော ဖြစ်ပါတယ်။ ပြီးတော့ ၀န်ကြီးချုပ်လုပ်သူ ဗိုလ်သိန်းစိန်ကရော လွတ်လွတ်လပ်လပ် အစွမ်းကုန် လုပ်ကိုင်နိုင်ဖို့ လွတ်ပေးထားတာ ဆိုပြီး သတင်းစာမှာ ရေးလိုက်တာ တွေ့ရပါသေးတယ်။ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန် လုပ်သူကရော ဘာပြောခဲ့တယ် မှတ်သလဲ။

"အခုလာကြည့်တယ်.. အခုတော့ ဘာမှပါမလာဘူး၊ အခုသိသွားပြီ။ အိုးခွက် ပုဂံ၊ ဇွန်းကအစ လိုတယ်၊ ပြန်သွားရင် အစည်းအဝေးမှာ တင်ပြမယ်" တဲ့.. တရုတ် ၀န်ကြီးချုပ်က ဘာပြောသလဲဆိုတော့ "စက္ကန့်တိုင်းဟာ ကလေးတစ်ယောက်ရဲ့  အသက်" တဲ့ .. ပစ္စည်း ပစ္စယ အစုံ တစ်ပါတည်း ယူလာခဲ့တယ်။ ဒါတောင် ကွန်မြူနစ် နိုင်ငံနော်။ စင်္ကာပူထုတ် သတင်းစာမှာ "Asia's Twin Tragedies" ဆိုပြီး ခေါင်းစဉ်နဲ့ တရုတ်၊ မြန်မာ ဘေးဒုက္ခနဲ့ ကူညီစောင့်ရှောက်မှု နှိုင်းယှဉ်ချက်တွေကို ဖော်ပြ ခံရလောက်အောင် ဖြစ်ခဲ့ရပါတယ်။ နှိုင်းယှဉ်ချက် အချို့ ကို တပ်မတော်သားတို့ သိဖို့ တင်ပြရရင်--


တရုတ်မြန်မာ
မေ (၁၂)မေ (၂)
လူ (၇၄၀၀၀)ခန့် သေဆုံးလူ (၁၃၄၀၀၀)ခန့် သေဆုံး
ပြည်သူလူထုအတွက် ဦးစားပေးသူများရဲ့  အလှူပစ္စည်း ဂိုဒေါင်ထဲ သိမ်း
အစိုးရ ကိုယ်တိုင် စောင့်ရှောက်သန်းရွှေ ကိုယ်တိုင် မဲပုံး ကိစ္စနဲ့ အလုပ်ရှုပ်
တရုတ်ကလေးများ ပျော်ရွှင်စွာ ကျန်ရစ်မြေကြီးပေါ်နေပြီး သေဖို့ အချိန် စောင့်မျှော် နေ
ကျွမ်းကျင် အဆင့်မြင့် ကုသမှု ခံရ
မရှိ
ဒုက္ခသည်များ ကောင်းကောင်းမွန်မွန် နေရ
လမ်းမပေါ် နေနေကြ
ကယ်ဆယ်ရေး လူ၊ ၀န်ထမ်း ၀င်ခွင့်ရငွေနဲ့ ပစ္စည်းကိုသာ လက်ခံပြီး ကယ်ဆယ်ရေး လူဝန်ထမ်း ၀င်ခွင့်မရ


Asia's Twin Tragedies




ဒါတင် မဟုတ်သေးပါ။ ဂိုထောင်ထဲမှာ သူတစ်ပါးရဲ့  အလှူပစ္စည်းများကို ဥစ္စာချောက်ပြီး အပြီးအပိုင် ထည့်သွင်း မောင်ပိုင် စီးခဲ့ပါတယ်။ ဒါ့အပြင် ကြွက်သေတစ်ခု အရင်းပြု စကားပုံအစား လူသေကောင်ပေါင်း မြောက်မြားစွာ အရင်းပြုပြီး နိုင်ငံတကာက အလှူငွေကို ဘီလီယံနဲ့ ချီပြီး အိတ်ထဲထည့်ဖို့ ကြံစည်ခဲ့ပါသေးတယ်။ အရှက်မရှိ ဒေါ်လာ (၁၁) ဘီလီယံ အိတ်ထဲထည့်ရန် တောင်းခံ ခဲ့ပါသေးတယ်။ နိုင်ငံတကာက အကူအညီတွေကို လက်ခံတဲ့အခါမှာ ပစ္စည်းတွေကိုသာ လက်ခံပြီး ပညာရှင်နဲ့ လူပုဂ္ဂိုလ်တွေကို လက်မခံ ခဲ့တာကတော့ သူတို့ရဲ့  အိတ်ထဲထည့်မဲ့ အကြံအစည် လုပ်လို့ မရမှာ စိုးလို့ဖြစ်ပါတယ်။ ဒါတောင် နိုင်ငံခြား အကူအညီ ပစ္စည်းတွေရဲ့  အပေါ်မှာ ဗိုလ်ချုပ်မြင့်ဆွေ လှူဒါန်းတယ်ဆိုပြီး အရှက်မရှိ နံမည်တပ် လှူဒါန်းပေးပို့ခဲ့လို့ နိုင်ငံတကာက ဝေဖန်ခဲ့တာ ခံခဲ့ရပါတယ်။ တချို့  အကြောင်းအရာလေးများကိုတော့ အများကြီးထဲက နည်းနည်းလေး ဆွဲထုတ် ပြပါဦးမယ်။

ပညာရေးကဏ္ဍက ကိုယ့်နိုင်ငံမှာ သူများနိုင်ငံနဲ့ အဆင့်တူအောင် ပညာရေးကို ပြုစုပျိုးထောင်မပေးဘဲ ထိပ်ပိုင်း စစ်အာဏာရှင်တွေရဲ့  သားသမီး၊ မြေးမြစ်များကိုတော့ နိုင်ငံခြားပို့ပြီး ခေတ်ပညာသင်စေခြင်းဟာ ကိုယ့်နိုင်ငံရဲ့  ပညာရေးကဏ္ဍကို ကမ္ဘာကိုဝင်မတိုးနိုင်တာ ကိုယ့်နိုင်ငံရဲ့  ပညာရေးဟာ နိမ့်ကျနေတာ သိသာထင်ရှားစေပါတယ်၊ တနည်းပြောရရင် အာဏာရှင်တွေရဲ့ အတ္တကြီးပြီး ကိုယ်ကျိုးသာ သိတာ၊ ကိုယ့်နိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု မလုပ်ချင်တော့တာ ဖြစ်ပါတယ်။ သူတို့နဲ့ သူတို့ရဲ့  ဆွေစဉ်မျိုးဆက်တွေသာ သူတစ်ပါးထက် အမြဲ ခေါင်းတစ်လုံးမြင့် နေစေချင်တဲ့ သဘော ဖြစ်ပါတယ်။ တကယ်တမ်းတော့ လုပ်သင့်တာ၊ လုပ်နိုင်တာတွေက အမှန် ဖြစ်ပါတယ်။ မလုပ်ပေးတာက စေတနာ မထားလို့ ဖြစ်ပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေကို ပြင်ပကျူရှင် ယူမှ မျက်နှာပွင့်တာတွေ၊ ကျောင်းက သင်ခန်းစာများကို အကုန်ကျေညက်အောင် မသင်ဘဲ ဖြတ်တောက် သင်ပြ ပေးခဲ့တာတွေ၊ ကလေးအချင်းချင်း ငွေနဲ့အာဏာ မျက်နှာ တစ်ခုသာ ကြည့်ပြီး ဆရာ၊ ဆရာမတွေက ခွဲခြား ဆက်ဆံတာတွေ၊ ကျောင်းစအပ်ကတည်းက ကျောင်းဝင်ကြေး အပြင် တရားဝင်ရော၊ တရားမ၀င်ပါ ငွေကြေး လာဘ်လာဘ သိန်းနဲ့ ချီပြီး လာဘ်ထိုးရတာတွေနဲ့ အားလုံးပျက်စီးနေကြပါပြီ။ တိုင်းပြည်မှာ ဒီလူငယ်တွေရဲ့  အသိပညာ၊ ဥာဏ်ပညာ မြင့်မားရှင်သန်မှုဟာ တိုင်းပြည်ရဲ့  အကျိုးကျေးဇူးကို ဖြစ်စေတယ်ဆိုတာ သိရင် ဒီလူငယ် မျိုးဆက်တွေအတွက် ပညာရေးကဏ္ဍကို လုပ်ကို လုပ်ပေးကြရမှာ ဖြစ်ပါတယ်။

No comments: