.

.

.

December 28, 2008

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၃)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၃)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဒီအပတ်မှာတော့ ပြည်ပရောက် တပ်မတော် အရာရှိ ဗိုလ်မှူးကျော်ကျော်ခိုင်က စစ်အာဏာရှင်တွေရဲ့  လစာ တိုးပေးမှု အပေါ်မှာ သုံးသပ် ထားတာတွေ၊ စစ်သားအဆင့်မှ ဗိုလ်ချုပ်မှူးကြီး အဆင့်ထိ နိုင်ငံ့ဝန်ထမ်း တစ်နည်းအားဖြင့် ပြည်သူလူထုက ပေးကျွေးထားတဲ့ သူတွေဖြစ်တဲ့အကြောင်းနဲ့ အသက် (၆၀) ပြည့်က စစ်တပ် ထုံးစံအရ သက်ပြည့်ပင်စင် ယူရမဲ့ ဥပဒေသကို ယနေ့ စစ်အာဏာရှင်တွေက ဖေါက်ဖျက်ပုံ၊ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးမှာ တရုတ်နိုင်ငံနှင့် မတူဘဲ ကမ္ဘာ့အလယ် ရှက်စဖွယ် တာဝန်ပျက်ကွက်ပုံတွေနဲ့ ပညာရေးကဏ္ဍ ပျက်ဆီး ယိုယွင်းနေပုံတွေကို ပုံစံဇယား ကားချပ်များဖြင့် အကျယ်တ၀င့် ရေးသား ပေးပို့ထားတာကို ကျွန်တော် ကိုဖိုးတရုတ်မှ အပိုင်း (၃) (၄) အဖြစ် ဆက်လက် တင်ပြ သွားပါမယ်။

တပ်မတော်ထဲက ဘယ်သူမှ နိုင်ငံတော်ကို အုပ်ချုပ်နေရတာ မဟုတ်ဘဲ စစ်အာဏာရှင်တွေ အုပ်ချုပ် နေတာပါ။ တပ်မတော်ထဲက အောက်ခြေအရာရှိ၊ အရာခံ အကြပ်တပ်သားတွေ မချမ်းသာကြပါဘူး။ စစ်ခေါင်းဆောင် ထိပ်ပိုင်းတွေအတွက်တော့ စစ်အာဏာရှင်တွေက ခိုင်းကောင်းဖို့ မသဒ္ဓါ ရေစာ ပေးထား၊ ကျွေးထားလို့ စံစား ရတာတွေတော့ ရှိပါတယ်။ အာဏာရှင်ကြီးတွေနဲ့ မိသားစု အပေါင်းအဖေါ်တွေ၊ သား၊ မြေး၊ တီ၊ ကျွတ် အဆက်ဆက်တွေသာ ကြွယ်ဝချမ်းသာ သွားကြတာပါ။ ဒါကြောင့် အများစု တပ်မတော်သားများ အနေနဲ့ ကိုယ့်ဘ၀ကိုယ် ပကတိ အခြေအနေမှန်ကို သိမြင်ဖို့ လိုပါတယ်။

ဖားတပိုင်း ငါးတပိုင်း စုတ်ပျက်နေတဲ့ တောကျွဲကြီး (ခေါ်) တပ်ကြပ်ကြီး တစ်ဦးရဲ့ အလှ (Source from Free Burma Rangers)

စစ်ဖက်၊ နယ်ဘက် ၀န်ထမ်းတိုင်းဟာ ပြည်သူလူထုက တာဝန်ပေးအပ် ခံထားရတဲ့ "ပြည်သူ့ဝန်ထမ်း" သာ ဖြစ်ပါတယ်။ ၀န်ထမ်းတိုင်းဟာ သီးသန့်လူတန်းစား မဟုတ်ဘဲ ပြည်သူလူထုထဲက ပေါက်ဖွားလာတဲ့ ပြည်သူတွေပါ။ ဗိုလ်ချုပ်မှူးကြီးကစပြီး တပ်သားအထိ သမ္မတ၀န်ကြီးချုပ်က စလို့ ပြာတာအထိ အားလုံးဟာ ပြည်သူ့ဝန်ထမ်းတွေပါဘဲ။ ပြည်သူက ပေးကျွေးထားတဲ့ ရာထူးတွေ လစာတွေပါ၊၊ အာဏာရှင်တွေ လစာ တိုးပေးတယ် ဆိုတာဟာလည်း စည်းရုံးရေး လက်နက် သက်သက်ပဲ ဖြစ်တယ်ဆိုတာ သိသာပါတယ်။ စစ်အာဏာရှင်တွေက လစာတိုးပေးတယ်လို့ အမှတ်ယူပေမဲ့ တပ်ရင်းသက်သာငွေတွေ ကိုတော့ ဖျက်သိမ်းပစ် လိုက်တာကြောင့် တပ်ရဲ့  လူမှုရေး၊ စီးပွားရေး၊ သာရေးနာရေး လုပ်ကိုင်ဖို့ အခွင့်အလမ်း နည်းသွားလို့ အောက်ခြေ အရာရှိစစ်သည်တွေ ကြပ်တည်းသွားတာကိုတော့ စစ်အာဏာရှင်တွေက မသိဟန်ဆောင်နေကြပါတယ်။

ရွာက ကြက်ကို ခိုးပြီး ရောင်းနေရရှာတဲ့ ရဲဘော်တွေရဲ့ ဘ၀ (Source from Free Burma Rangers)

လစာတိုးပေးပေမဲ့ မလောက်ငှတာဟာ ၀ိသမ စီးပွားရေးသမားတွေကြောင့် နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ဆိုပြီး လက်ညှိုးထိုးပြတာကလဲ သူတို့ အသုံးမကျတာကို ကာကွယ်ဖို့ အကြောင်းပြချက် သက်သက် ဖြစ်ပါတယ်။ လစာ တိုးပေးလို့ ပြဿနာ အရင်းခံဟာ ဘယ်တုန်းကမှ မပြေလည်ခဲ့ဖူးဘူး ဆိုတာ ကိုလည်း စစ်အာဏာရှင်များက သိကြပါတယ်။ ဒီမှာ ကျွန်တော် ဆိုလိုချင်တာက “အရပ်ဘက် ၀န်ထမ်းရော တပ်က၀န်ထမ်းရော အားလုံးကို ပြည်သူလူထုကပေး၊ ကျွေးထားတဲ့အတွက် ပြည်သူလူထုကို သစ္စာစောင့်သိ ရိုသေကြရမယ်” ဆိုတာပါဘဲ။ ၀န်ထမ်းဆိုတာ အရိုးသားဆုံး အပွင့်လင်းဆုံး စကားနဲ့ ဆိုရရင် ပြည်သူရဲ့ ကျွန် ပြည်သူရဲ့  အခိုင်းခံသာ ဖြစ်ရမှာပါ။ ပြည်သူလူထုရဲ့  အရှင်သခင် ရှင်ဘုရင် လုပ်လို့ မရပါဘူး။ စစ်အာဏာရှင်တွေက ပြည်သူတွေကို တံတားနဲ့ ဆည်ဖွင့်ပွဲတွေမှာ နိုင်ငံတော်ရဲ့  ကျေးဇူးစေတနာအား တုန့်ပြန်ဖို့ ပြောခိုင်းနေတာဟာဖြင့် နားခါးစရာ ကောင်းလှပါတယ်။ အစိုးရတစ်ရပ်ရဲ့  တာဝန်ကို မသိဘဲ အစိုးရလုပ် နေတဲ့အတွက် ရှက်စရာ ဖြစ်နေပါတယ်။

စစ်တပ်ဟာ မိမိဘယ်နေရာမှာ ရှိရမယ်၊ စစ်အာဏာရှင်ဟာ စစ်တပ်မဟုတ်၊ စစ်တပ်ဟာ စစ်အာဏာရှင် မဟုတ် ဆိုတာတွေကို သိမြင်သဘောပေါက် နားလည်နိုင်ပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင် အုပ်ချုပ်ပုံကြောင့် တိုးတက်သွားတဲ့ တိုင်းပြည် မရှိခဲ့ဘဲ အာဏာရှင် ဖြုတ်ချရေး ကိုလုပ်ဆောင်ခဲ့တဲ့ တိုင်းပြည်တွေသာ ရှိခဲ့ပါတယ်။ အာဏာရှင်ဟာ အစွမ်းအစ မရှိဘဲ ညံ့ဖျင်းသူ၊ ကောက်ကျစ်သူ ယုတ်မာသူ ကိုယ်ကျိုးကြည့်သူ တိုင်းသူပြည်သားတွေကို လစ်လျူရှူသူ ဖြစ်ရင်တော့ သူ့ရဲ့  အမိန့်အာဏာ တစ်ခုတည်းနဲ့ လုပ်နေရတဲ့ လုပ်ငန်းကဏ္ဍတွေဟာလည်း အနိစ္စသဘောနဲ့ ပျက်ဆီးခြင်းသာ ဖြစ်ရတာ ဓမ္မတာပါဘဲ။ ပြည်သူလူထု ပါဝင်ခွင့်မရတဲ့ ဝေဖန်ထောက်ပြ ဆွေးနွေးခွင့်၊ လုပ်ပိုင်ခွင့် မရတဲ့ အခြေအနေမှာ ဒီစစ်အာဏာရှင် တစ်ဦးတစ်ယောက်ရဲ့  ညံ့ဖျင်းတဲ့ ဦးနှောက်က ထွက်လာတဲ့ အမိန့်တစ်ခုအတိုင်း နောက်က "ဟုတ်ကဲ့" ဆိုပြီး လိုက်လုပ်နေ ရတာဟာဖြင့် ဘယ်လောက် ဆိုးရွားနေလဲဆိုတာ ဒီနေ့ တပ်မတော်သားများ အားလုံးက စီစစ် ဝေဖန်ကြည့်ဖို့ လိုပါတယ်။

စစ်အာဏာရှင် စနစ်ကို လက်ခံလို့ မရသလို စစ်တပ်ကို နာမည်ခံ အသုံးချနေတာကိုလည်း လက်ခံနိုင်စရာ လုံးဝ မရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင် ဘာတွေ လုပ်နေလဲ၊ စစ်တပ်နဲ့ ပြည်သူလူထုထဲ ဘာတွေ ဖြစ်နေလဲ၊ တိုင်းပြည်မှာ ဘာတွေ ဖြစ်နေလဲဆိုတာ ကိုယ့်ဥာဏ်နဲ့ ကိုယ် တွေးကြည့်ဖို့၊ ကိုယ်ချင်းစာဖို့ လိုလာပါပြီ။

စစ်အာဏာရှင်ဟာ သူ့ရဲ့  အာဏာ တည်မြဲဖို့အတွက် ဘာပဲ လုပ်ရလုပ်ရ လုပ်မှာပါ။ ဒါကြောင့် သူ့ရဲ့  အမိန့်အတိုင်း စစ်တပ်က လိုက်လုပ်နေရတာကိုက မှားယွင်းတဲ့ လမ်းကြောင်းပေါ် ရောက်နေပါတယ်။ အာဏာရှင်ဟာ စစ်ခေါင်းဆောင် ကိုယ်တိုင် ဖြစ်နေတော့ သူနဲ့ စစ်တပ်ဟာ ရောထွေးလို့ ကိုယ်ယောင်ဖျောက်သွားနိုင်ခဲ့ပါတယ်။ အရပ်သား အာဏာရှင်ဆို ဒီလောက် ကြာကြာ မခံနိုင်တဲ့အတွက် စစ်တပ်ကို မရမက ကပ်ထားတာ ဖြစ်ပါတယ်။ အသက် (၇၀) ကျော် (၈၀) တိုင် တပ်ရဲ့  ရာထူးကို မလွတ်တမ်း ကိုင်ထားတာဟာလည်း ဥပဒေနဲ့ အညီ မဟုတ်ပါဘူး။ စစ်တပ်ထုံးစံအရ အသက်(၆၀) ပြည့်ရင် ပင်စင် ယူရပါမယ်။ စစ်တပ်နဲ့ အာဏာကို လက်မလွတ်နိုင်အောင် ဥပဒေကို လက်တလုံးခြား လုပ်ပစ်တာ ဖြစ်ပါတယ်။ နောင်လာနောင်သားကိုတောင် ရာထူးလွှဲမပေးနိုင်၊ ပင်စင်မယူနိုင် ဖြစ်နေပါတယ်။ အမှန်တကယ် သူတို့ ကိုယ်တိုင်က ဥပဒေတွေကို ချိုးဖောက်ထားတာ တွေ့ရပါမယ်။ ရာသက်ပန် မသေမချင်း ရာထူး ယူထားတယ်ဆိုတာ လူကျင့်ဝတ်နဲ့ မညီ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ စစ်တပ်နဲ့ စစ်တပ်ကို Back Up လုပ်ထားတဲ့ စစ်အာဏာရှင်ရယ် တကယ့် စစ်ခေါင်းဆောင်ရယ် ဆိုတာကို ကျွန်တော်တို့ ခွဲထုတ်ကြရပါလိမ့်မယ်။ ဒါဟာ“ ဒီနေ့ စစ်တပ်ရဲ့  အရေးကြီးဆုံး တာဝန် ”ဆိုတာ တင်ပြချင်ပါတယ်။

No comments: