.

.

.

December 4, 2008

စည်းလုံးညီညွတ်မှု အတွက်

ရေဖြည့်ပေးစေချင်ပါသည်

တိုက်တွန်းပြောကြားသူ - ဒေါက်တာ တင့်ဆွေ (NCGUB အိန္ဒိယ)

စာဖတ်သူများခင်ဗျား

NCGUB ၀န်ကြီး ဒေါက်တာ တင့်ဆွေက ရေဖြည့်ပေးစေချင်ပါသည် ဆောင်းပါးအား ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာတဲ့အတွက် ဆရာ ဦးတင့်ဆွေအား ကျေးဇူးတင်ရှိပါကြောင်းနဲ့ စာဖတ်သူများ လေ့လာနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

အခုတလော ကိုယ်စားလှယ်တွေနဲ့ဆိုင်တဲ့အကြောင်းတွေ ဖတ်နေရတယ်။ နှစ်နေရာမကဘူးထင်တယ်။ တနေရာမှာဆို သရော်စာကဏ္ဍထဲမှာတောင် ပါလိုက်သေး။ သရော်စာဆိုတာ အင်မတန် ထိရောက်တာကလား။ ဟို ဘုရင်တွေ လက်ထက်မှာကတည်းက နေရာရခဲ့တာဘဲ။ ရိုးရိုးသားသားပြောရရင် အရေးခံရတာတော့ နာမိတယ်။ သိပါတယ် သရော်စရာရှိလို့သာ သရော်တာပေါ့နော်။

တချို့အချက်အလက်အပိုင်းတွေကိုတော့ တတ်နိုင်သလောက် ပြန်ရေးပါတယ်။ လွဲတာတွေရှိလို့၊ ကွဲတာတွေ ပိုမဖြစ်စေချင်လို့ပါ။ ကျုပ်တို့ကောင်းပါသည်ခင်ဗျားသဘော မဟုတ်ဘူးနော။ ကျုပ်တို့ ဆိုပြန်ရင် ကျုပ်တို့ကလဲ တသံစီထွက်နေတာ လူတိုင်းသိနေပြီ၊ သရော်စရာပေဘဲပေါ့။

နီပေါ ပါလီမန် ရှေ့ မှ ဒေါက်တာ တင့်ဆွေ

စာရေးတဲ့သူတချို့က ဘယ်သူဆိုတာ မသိရသူတွေလဲပါတယ်။ (ဘလော့-ပင်-နိမ်း)တွေပေါ့။ ဒါကလည်း ထုံးစံရှိပြီးသားမို့ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အဖို့တော့ လေဖမ်း-ဒန်းစီးရသလို ဖြစ်နေပါတယ်။ ဥစ္စာပျောက် ငရဲရောက် ဆိုတာလဲ ရှိသေးမို့လား။ ခက်တာက (ဘလော့ခ်)ပရိတ်သတ်ကြီးက အတော့်ကို ကျယ်ဝန်းတာကလား။ သိသမျှထဲ ရင့်ကျက်သူတွေနဲ့ ဂုဏ်အရကြီးမြင့်သူ(သံဃာတော်)တွေ ပါသလို၊ လက်သင်တွေနဲ့ ဖျက်ချင်သူတွေလည်း ပါတယ်။ ကွင်းဆက်တွေဆက်ဘို့ အချက်ရှာနေတဲ့ ထောက်လှမ်းရေး ဆိုတာက ၀ီရိယပိုကောင်းသေး။ ဒါ့ကြောင့် အတော်ကြီး သတိမထားရင် (ကီးဘုတ်) တချက်ကြောင့် အများဒုက္ခ ရောက်သွားနိုင်တယ်။ အကုန်အစဉ်မပြောရင် အထင်သေးမှာ စိုးလို့ဆိုပြီး မရေးဘို့ လိုသေးတယ်။ ကျောင်းမှာတုံးက သင်ရဘူးတယ်။ ခွဲစိတ်ဆရာဝန်ဆိုတာ ဘယ်လိုခွဲမလဲဆိုတာ တတ်ဘို့တင်မကဘူး၊ ဘယ်ဟာကို ခွဲဘို့မလိုသလဲပါ တတ်ရမယ်တဲ့။

(ဘလော့ခ်) တွေကို ကျေးဇူးတင်တယ်ဗျာ။ ဖွင့်ပေးသူ၊ တင်ပေးသူ၊ ၀င်ရေးသူ။ အဲ့ သရော်သူကိုလဲ မချန်ရဲဘူးဗျ။ မရှင်းလင်းလို့ မေးလာရင် ဖြေခွင့်ရတယ်။ နောက်ပြီး တယ်လဲ လွတ်လပ်တာကလား။ အများစုမှာ အယ်ဒီတာမရှိဘူး။ ဒါတော့ တမျိုးပေါ့။ သူ့ခေတ်၊ သူ့စနစ်လို့ နားလည်ကြည့်ပါ့မယ်။ ကျွန်တော်လဲ ခေတ်မီအောင် လုပ်ကြည့်နေတယ်ဗျ။ သူများဆီက သင်ရင်းပေါ့။ နိုင်ငံရေး-တော်လှန်ရေးဆိုတာ အထိတော့ မမှီဘူး။ မိဘတွေသင်ပေးတဲ့အသက်မွေးပညာကိုဘဲ (ဘလော့ခ်)လုပ်ပါတယ်။

ကျွန်တော်ဝင်ရေးရတာက တာဝန်ရှိတဲ့အဖွဲ့အစည်းတွေ အကြောင်းဖြစ်နေ၊ (ဘာလော့ခ်)ဖတ်ဘို့၊ ပြန်ရေးဘို့ အချိန်လည်း ရနေချိန်ဖြစ်လို့ပါ။ အားလုံးက ညီညွတ်ရေး-ညီညွတ်ရေးပြောနေကြတာကလည်း လိုအပ်တာ မှန်နေလို့၊ သူများထင်သလောက် မညီမညွတ် မဟုတ်ရပါကြောင်းမျှသာ ရေးပါတယ်။ မတူတာကလည်း တသက်လုံး မတူတော့တာ မဟုတ်၊ တူအောင်ညှိပါတယ်၊ အကြောင်းအရာတခုခုမှာ မတူယုံနဲ့ နေရာတကာမှာ မတူတာမဟုတ်ပါ။ ဖြစ်နိုင်လျင် ကွာနေတာကို နီးစေချင်တာပါ။ မှားတယ်၊ နုတယ်တော့ ဘယ်လို ပြောကြမလဲမသိဘူး၊ နိုင်ငံရေးအလုပ်ဟာ တတ်နိုင်သလောက် အပြုသဘောဆောင်၊ အပေါင်းဘက်ကိုရှာ၊ ကျောင်းဆရာများလို စေတနာထားသင့်တယ် ထင်တယ်လေ။ အပြောမတော်-အရေးမတတ်ရင် ဆရာကြီး လုပ်တယ်ပြောတော့မှာဘဲ။ ရေတ၀က်ရှိတဲ့ဖန်ခွက်ကို Half empty လို့မပြောဘဲ၊ Half full လို့ ပြောချင်တာမျိုးပါ။ ဇွတ်လိုက်လိမ်ပြောတာမျိုး မဟုတ်ပါခင်ဗျား။ ရေအပြည့်ရှိအောင် (မေတ္တာ) ရေလောင်း ပေးကြပါ။

စာရေးတဲ့အလုပ်မျိုးကို (ပရော်ဖက်ရှင်နယ်)လုပ်နိုင်တဲ့ အစွမ်းအစမရှိလို့ တကယ်လို့ ကျွန်တော်ဝင်ရေးလိုက်မှ ညီညွတ်ရေးကို ထိပါးတယ်ဆိုရင် (အင်စီဂျီယူဘီ)၊ (အင်ပီယူ) တို့မှာ တာဝန်မရှိပါ၊ ကျွန်တော့် တာဝန်သာ ဖြစ်ပါတယ်။

No comments: