.

.

.

December 3, 2008

ဓါတ်တိုင် ဝန်ကြီး ဖြစ်ရှာပြီ

ကျောက်တိုင်အဓိဌာန်မှ ဓါတ်တိုင် ဘဝရောက်ခဲ့သူ - အပိုင်း(၅)

ဦးခွန်ထွန်းဦး အပါအ၀င် ရှမ်းခေါင်းဆောင် (၈)ယောက်ကို စုစုပေါင်းထောင်ဒဏ် နှစ်ပေါင်း (၆၉၇)နှစ် ချမှတ်လိုက်ပြီး ယင်းတို့ထဲမှ ဦးမြင့်သန်းသည် သံတွဲထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရပါသည်။ ၂ဝဝ၆-ခုနှစ်၊ မေလဆန်းပိုင်းတွင် မာလာမုန်တိုင်း တိုက်ခတ်၍ ရခိုင်ပြည်ရှိ ကျောက်ဖြူနှင့် သံတွဲဒေသမှာ မုန်တိုင်းဒါဏ်ကို အနည်းငယ် ခံလိုက်ရသည်။ ထိုအချိန်တွင် မုန်တိုင်းဒါဏ်ခံရသည့် သံတွဲမြို့ကို ဗိုလ်ခင်မောင်မြင့် စစ်ဆေးနေခိုက် နိုင်ငံရေးအကျဉ်းသား အသုဘကို ရဲများ တင်းကြပ်သည့် ကြားမှပင် သံတွဲပြည်သူလူထု အများအပြား လိုက်လံပို့ဆောင်ကြ၍ စည်ကားနေသည့် သတင်းဝင်လာသည်။ ထူးဆန်းသော အသုဘကို စုံစမ်းခိုင်းလိုက်ရာ သေဆုံးသူမှာ ရှမ်းပြည် နိုင်ငံရေး အကျဉ်းသားနှင့် မိမိအား ရှမ်းပြည် အမျိုးသားနေ့တွင် သဘာပတိအဖြစ် ဖိတ်စာကမ်းလှမ်းခဲ့သော ဦးမြင့်သန်း ဖြစ်နေလေသည်။ ထို့ကြောင့်လည်း ဗိုလ်ခင်မောင်မြင့်သည် အသုဘ ပို့ဆောင်သူများကို အတင်းအကြပ် တားဆီးခြင်းမပြုရန် ကိုယ်ရေးအရာရှိမှတဆင့် အမိန့်ပေးလိုက် လေတော့သည်။

ဓါတ်တိုင်ဝန်ကြီးဖြစ်ရှာပြီ

ထိုမှတဆင့် ၂ဝဝ၆-ဇွန်လတွင် နပခ စစ်တိုင်းမှူးဘဝမှ ရာထူးလျောကျကာ အမှတ် (၂)လျှပ်စစ်ဝန်ကြီး ရာထူးဖြင့် လျှပ်စစ်မီး ထိန်ထိန်လင်းနိုင်ရေးအတွက် ဓါတ်တိုင်များကို ဝန်ကြီး ဗိုလ်ခင်မောင်မြင့်သည် အချိန်ပြည့် စစ်ဆေးနေ ရတော့သည်။ နေပြည်တော်ရှိ တပ်မတော်နေ့စစ်ရေးပြပွဲတွင် ဗိုလ်လောင်းဘဝကာလ ရေသည်ပြဇာတ်ကို ကပြစဉ်က ပါးစပ်ဆိုင်းတီး၍ကူညီခဲ့ကြသော ငယ်ပေါင်းများဖြစ်သည့် ရဲမြင့်၊ ခင်ဇော်၊ မင်းအောင်လှိုင်နှင့်သာအေးတို့ကို တတိယအထူးတန်းခုံနေရာများတွင် တွေ့နေရသည်။ ရေသည်ဇာတ်ကောင် ခင်မောင်မြင့် တစ်ယောက် အပြင်မှနေ၍ လျှပ်စစ်မီးများအချိန်ပြည့်လင်းနိုင်ရေးအတွက် အလုပ်ရှုပ်နေသည်။ အခမ်းအနားပြီးသောအခါ ငယ်သူငယ်ချင်းများက စိတ်မကောင်းသောမျက်နှာဖြင့် ကြည့်ရှုသောအခါ လွန်စွာ ခံရခက် နေရပါသည်။

ပြင်ဦးလွင်ခေါ် မေမြို့သည် ထူးထူးခြားခြား မီးထိန်ထိန်လင်းနေသည်မှာ သုံးရက်ပြည့်နေပြီ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲကို တပ်ချုပ်ကြီးကိုယ်တိုင်တက်ရောက်သောကြောင့် မီးများလင်းနိုင်ဖို့ ဝန်ကြီးခင်မောင်မြင့်၏ စွမ်းဆောင်ချက်ဖြစ်သည်။ သင်တန်းဆင်း ညစာစားပွဲတွင်လည်း လျှပ်စစ်မီးများ ထိန်ထိန်ညီးအောင် ထွန်းထားပေးသော ဝန်ကြီး ခင်မောင်မြင့်ကို ငယ်သူငယ်ချင်းများက ချီးကျူးနေကြသည်။ ၄င်းချီးကျူးသံများကို တပ်ချုပ်ကြီး ကြားသိသောအခါ စိတ်ဆိုးသည့်ဟန်ဖြင့် “ဘာမဟုတ်တဲ့ ပင်လုံ ကျောက်တိုင်ကို... ကိုးကွယ်ချင်တဲ့ကောင်၊ ဒါကြောင့် ဓါတ်တိုင်ရာထူးပေးထားတာ ဘယ်နေ့ဓါတ်လိုက် သေမလဲဆိုတာ စောင့်ကြည့်ကြပေါ့ကွာ၊ အဲ့ဒါမင်းတို့လည်း သင်ခန်းစာယူထားကြ” ဟု စစ်တိုင်းမှူးကြီး များကို သြဝါဒ ပေးလိုက်လေသည်။

ရွှေမန်းမြေခေါ် မန္တလေးမြို့သည် လျှပ်စစ်မီးများ ကွက်တိကွက်ကျားလင်းနေသည်မှာ သုံးရက်ရှိပြီ။ အဘယ်ကြောင့် ဆိုသော် ပြင်ဦးလွင်ဓါတ်အားလိုင်းထဲသို့ လျှပ်စစ်အားများ ဖြည့်တင်းနေသောကြောင့် အလှည့်ကျ မီးဖြတ်စနစ်ဖြင့် မန္တလေးကို အမှောင်ချနေသော ဝန်ကြီးခင်မောင်မြင့်လက်ချက်ဖြစ်သည်။ မီးမှောင်အောက်မှ အချို့သောအပျော်ကျူး ရွှင်မြူးနေသော သူများကိုမြင်ယောင်နေသော လျှပ်စစ်ဝန်ကြီး ခင်မောင်မြင့်တယောက် တကိုယ်တည်း သက်ပြင်းချ ညီးငြူမိတာက “အော်... အဖေဖြစ်တဲ့ တပ်ချုပ်ကြီးခမျာ မီးရောင်အောက်က ထမင်းစားပွဲမှာ အားပါးတရ စားသောက်နေတဲ့အချိန် ...သမီးတော်လေးတွေက မီးမှောင်အောက်မှာ တရုတ်ပေါက်ဖော် လေးတွေနဲ့ ဒူးတိုက်သံစဉ်လှိုင်း....ခံစားနေကြတာကို တပ်ချုပ်ကြီး တယောက် မသိရှာလေဘူး....” ဟူသတည်း။

1 comment:

Unknown said...

သတင်းများထုတ်ပြန်ပေးတာ ကျေးဇူးတင်ပါတယ်။
စာရင်းထဲထဲ့ဖို့ ကူးယူသွားပါပြီ။
ဓါတ်ပုံလေးများရ နိုင်ရင် ထဲ့ပေးပါ လို့ မေတ္တာရပ်ခံလိုပါတယ်။