.

.

.

December 15, 2008

နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့

The article of Mr. Benedict Rogers

စာဖတ်သူများခင်ဗျား

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ ICG အိုင်စီဂျီ ၏ ၂ဝဝ၈ အောက်တိုဘာ ၂ဝ ရက်ထုတ် 'နာဂစ်အလွန် မြန်မာပြည်—ပုံမှန်ဆက်ဆံရေးထူထောင်ဖို့ အချိန်ကျပြီ' အစီရင်ခံစာကို အင်္ဂလန်နိုင်ငံမှ Mr. Benedict Rogers က အောက်တိုဘာ ၂၇၊ ၂ဝဝ၈ ခုနှစ်ထုတ် ဂါးဒီးယန်းသတင်းစာမှာ ချေပရေးသားထားပါတယ်။ Mr. Benedict Rogers ဟာ အင်္ဂလန်နိုင်ငံ The Conservative Party Human Rights Commission မှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့အပြင် ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့မှ Research & Advocacy Officer, South Asia တာဝန်ခံ အနေနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူရဲ့  ချေပထားချက်အား ပင်တိုင်ဆောင်းပါးရှင် ဆရာဂါမဏိက ဘာသာပြန်ပြီး ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့တဲ့အတွက် Mr. Benedict Rogers နဲ့ ဆရာဂါမဏိကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ စာဖတ်သူများ လေ့လာနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။ I really thank Mr. Benedict Rogers who wrote this feature and Gamanii who translate this feature to Burmese.

မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် အရက်စက်အကြမ်းကြုတ်ဆုံးစစ်အစိုးရတစ်ခုက အုပ်ချုပ်ထားသည်။ ၎င်းအစိုးရ သည် ဒီမိုကရေစီကို ချိုးနှိမ်ထားရုံသာမကဘဲ ကမ္ဘာ့အဆိုးဝါးဆုံး လူသားချင်းစာနာရေးအကျပ်အတည်းကို ဖန်တီးပေါ် ပေါက်စေသည့်ပြစ်မှုပါ ကျူးလွန်ထားသည်။ ဤဖြစ်ရပ်ကိုတုံ့ပြန်ရာ၌ အိုင်စီဂျီသည် မူလနောက်ခံ ဇာတ်ကြောင်းကို မေ့လျော့သွေဖီသွားခဲ့လေသည်။


ယခုနှစ်အစောပိုင်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း မြန်မာပြည်ကို တိုက်ခတ်ခဲ့သည်။ သဘာဝကပ်ဘေးကို တုံ့ပြန်ရာတွင် အခြားမည်သည့် အစိုးရနှင့်မှမတူဘဲ မြန်မာစစ်အုပ်စုသည် နိုင်ငံတကာမှ ကူညီရေး ကြိုးပမ်းချက်များကို အစပထမ၌ ငြင်းပယ်ခဲ့သည်၊ ထို့နောက်တွင် အကန့်အသတ်ဖြင့်ခွင့်ပြုခဲ့ပြီး လမ်းလွှဲ အလွဲသုံးစား လုပ်ပစ်ခဲ့သည်။ စစ်အစိုးရသည် အကူအညီများကို ခိုးယူခဲ့သည်။ အကူအညီဖြန့်ဝေပေးရန် ကြိုးစားခဲ့သော မြန်မာပြည်သူများကို ဖမ်းဆီးခဲ့သည်။ တရားဝင်ဖြန့်ဖြူးသည့် အကူအညီ အနည်းအကျဉ်း မှာလည်း ဝါဒဖြန့်ချီရေးအတွက်သာဖြစ်ပြီး ဓာတ်ပုံနှင့်ဗွီဒီယိုများ ရိုက်ကူးပြီးပါက ပြန်သိမ်းယူသွားသည်။ စစ်အစိုးရ၏ တမင်တကာဥပေက္ခာပြုမှုနောက်ကွယ်တွင် အနည်းဆုံး လူ ၁၄ဝ,ဝဝဝ သေဆုံးပြီး လူနှစ်သန်းခွဲ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မုန်တိုင်းပြီးသည့်အခါ နောက်ထပ်လူသားချင်းစာနာရေးအကျပ်အတည်းတခု ပေါ်ထွက်လာပြန်ပါသည်။ ယခု တကြိမ်မှာ မြန်မာနိုင်ငံအနောက်ပိုင်း ချင်းပြည်နယ်တွင်ဖြစ်ပြီး သဘာဝအလျောက် နှစ် ၅ဝ တကြိမ် ဝါးသုဉ်းမှုကြောင့် ကြွက်ထရာမှ အငတ်ဘေးဆိုက်ခြင်ြး ဖစ်သည်။ ထုံးစံအတိုင်း စစ်အစိုးရသည် မျှော်လင့် တွက်ဆထားကြသည့် အငတ် ဘေးအတွက် ဘာတခုမှကြိုတင်ပြင်ဆင်ခြင်းမရှိဘဲ၊ ကူညီကယ်ဆယ်ရေး ကြိုးပမ်းချက်များကို အင်တိုက်အားတိုက် ပိတ်ဆို့ဟန့်တားခဲ့သည်။ စစ်အစိုးရတာဝန်ရှိသူများက ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကို နေရာလွှဲ ခေါ် ပြ ခဲ့ပြီး အငတ်ဘေးမရှိကြောင်း ကြေညာစေခဲ့သည်။ ထိုနောက်ပိုင်းတွင် ကုလရိက္ခာအဖွဲ့က မိမိတို့ရပ်တည်ချက်ကို ပြန်လည် ပြင်ဆင်ခဲ့သော်လည်း အငတ်ဘေးဆိုက် ``ချင်း´´ ပြည်သူများအား ကူညီပေးရေး ကြိုးပမ်းချက်များကို စစ်အစိုးရက ဆက်လက် ဟန့်တားနေသည်။

မြန်မာစစ်တပ်က နိုင်ငံ့အရှေ့ ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအပေါ် ထိုးစစ်ဆက်လက်ဆင်နွှဲနေရာ နောက် ထပ်လူသားချင်းစာနာရေးဘေးဒုက္ခများ ပေါ်ပေါက်နေစေသည်။ ၁၉၉၆ ခုနောက်ပိုင်းတွင် ကျေးရွာပေါင်း ၃၂ဝဝ မက ဖျက်ဆီးခံခဲ့ရပြီး လူတသန်း အိုးအိမ်စွန့်ခွာခဲ့ရသည်။ အရပ်သားများကို အနီးကပ် တည့်တည့်ချိန် ပစ်သတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မလုပ်အားပေးခိုင်းခြင်း၊ လူသားမိုင်းရှင်း ကရိယာများအဖြစ် အသုံးပြုခြင်းများ ကျူးလွန်နေသည်။ ကလေးသူငယ်များကို လမ်းပေါ်မှ ဖမ်းဆီးခေါ်သွားပြီး မြန်မာစစ်တပ်ထဲ အတင်းအကြပ် သွတ်သွင်း စစ်မှုထမ်းခိုင်း နေသည်။ ဗမာ့တပ်မတော်မှာ ကမ္ဘာပေါ်တွင် ကလေးစစ်သားအများဆုံးဖြစ်နေသည်။ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော် အကျဉ်းထောင်များအတွင်း ပင်ပန်းဆင်းရဲစွာဒုက္ခခံနေရရာ ယခင် နှစ်ကထက် အရေအတွက်နှစ်ဆရှိနေပြီး ကြောက်လန့် တုန်လှုပ်ဖွယ် နှိပ်စက်ညှဉ်းပန်းမှုကို ခံကြရသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်ကျခံခဲ့ရသည်မှာလည်း ၁၃ နှစ်ပြည့်သွားပြီဖြစ်သည်။

နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ကမူ ဤအရာအားလုံး ကျနော်တို့အပြစ်ဖြစ်သည်ဟု ဆိုနေပါသည်။ ယခု အချိန်မတိုင်မီအထိ အများလေးစားခံရပြီး ဂုဏ်သိက္ခာရှိခဲ့သော အိုင်စီဂျီအဖွဲ့ကြီးက ထူးဆန်းအံ့သြဖွယ် အကောင်းဆုံး အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ရာတွင် စစ်အုပ်စုကို မသိမသာဖြင့် သိမ်မွေ့စွာ ကာကွယ်ပေးထားပြီး 'နိုင်ငံရေး တိုက်ပွဲ' ကို အလွန်အကျူး အလေးပေးရကောင်းလားဟု နိုင်ငံတကာ အသိုင်းအဝိုင်းကို အပြစ်ဆိုထားပါသည်။ စစ်အစိုးရသည် 'ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည်ဟု ပြောလာသူတိုင်းကို လုံးဝအဟန့်အတားမရှိ ခွင့်ပြုဖို့ တွန့်ဆုတ်ခြင်း'ကို နားလည်ပေးနိုင်သည်၊ အဘယ့်ကြောင့် ဆိုသော် အနောက်နိုင်ငံများက စစ်အုပ်စုအပေါ် မိမိပြည်သူများကို သတ်ဖြတ်ခြင်းရပ်စဲဖို့ အလွန်အမင်း ဖိအားပေး နေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု အိုင်စီဂျီက ဆင်ခြေပေးထားသည်။ အိုင်စီဂျီ အဆိုအရ အနောက်တိုင်း မီဒီယာများမှာလည်း အပြစ်မကင်းဟုဆိုသည်၊ အကြောင်းမူ စစ်အစိုးရ တာဝန်ရှိသူများ မြစ်ချောင်းထဲ ပစ်ချထားသည့် အလောင်းကောင်တို့ ဓာတ်ပုံများကို ဖော်ပြပေးသောကြောင့် သနားစရာဗိုလ်ချုပ်များ 'အလွန်တရာ နေရထိုင်ရခက်' ဖြစ်စေခဲ့သည်ဟု ဆို၏။

အကျပ်အတည်း၏အကြောင်းရင်းခံမှာ နိုင်ငံရေးဖြစ်သည်ဟု အိုင်စီဂျီက စိတ်မပါလက်မပါနှင့် ဝန်ခံထားသော် လည်း ယင်းအကျိုးဆက်အရ ဖြေရှင်းချက်များမှာလည်း နိုင်ငံရေးပင်ဖြစ်သည် ဟူသောအယူအဆကိုမူ အိုင်စီဂျီက ငြင်းဆိုထားပုံရသည်။ အိုင်စီဂျီအစီရင်ခံစာက မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေး၊ အရပ်ဖက် လူထုအသင်းအဖွဲ့ စီမံ ချက်များကို ထောက်ခံအားပေးရေးတို့ကိုမူ မှန်ကန်သင့်လျော်စွာတောင်းဆိုထားပြီး မြန်မာပြည်တွင် လူသားချင်း စာနာ ရေး မဟာအကျပ်အတည်းကြီး ဆိုက်လုနီးနေပြီဟု သတိပေးထားသည်။ ဤသည်တို့ကို ကျနော် သဘောတူထောက်ခံ ပါသည်။ ဖြစ်ရပ်များနှင့် ကိန်းဂဏန်းများကလည်း အတိအလင်း ပြဆိုနေပြီဖြစ်ပါသည်။ သို့ရာတွင် အိုင်စီဂျီက ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများသည် အကူအညီ ပေးရေးကို ဆန့်ကျင်နေသည်ဟူသော မုသားစကားကိုဖြန့်ချိဖို့ လုပ် ဆောင်နေသည်။ အမှန်အားဖြင့်ဆိုရလျှင် အကူအညီပိုပေးရေးကို တောင်းဆိုခဲ့ကြသည်မှာ ကမ်ပိန်းအဖွဲ့များပင် ဖြစ်လေသည်။

ဥပမာအားဖြင့် ဗြိတိန်အစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပိုပေးရေးကို ယမန်နှစ်က ဗြိတိန်နိုင်ငံတွင် အောင် မြင်စွာဦးဆောင်လုံးပမ်းခဲ့သူများမှာ ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ BCUK နှင့် ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ CSW တို့ဖြစ်သည်။ ယင်းအဖွဲ့များသည် အရပ်ဖက် လူမှုအသင်းအဖွဲ့များနှင့် ဒီမိုကရေစီအဖွဲ့ များကို ရန်ပုံငွေပိုပေးရေး၊ နယ်စပ်ကျော် လူသားချင်းစာနာရေး ကယ်ဆယ်မှု ပိုမိုပြုလုပ်ရေးနှင့် ကုလသမဂ္ဂမှ ပိုမိုထိတွေ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြသည်၊ တောင်းဆိုနေကြဆဲဖြစ်သည်။ ယင်းအဖွဲ့များသည် ဗိုလ်ချုပ် ကြီးများကို ကုလသမဂ္ဂ၊ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် တိုင်းရင်းသားအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် အချိန်များစွာအကုန်ခံ တွန်းဆော်ပေးနေခဲ့ကြသည်။ ယင်းအဖွဲ့များက ဆန့်ကျင်ခဲ့ကြသည်မှာ စစ်အစိုးရ အိတ်ထောင်များထဲသို့ ပိုက်ဆံထည့် ပေးရန် အိုင်စီဂျီ၏တောင်းဆိုမှုကိုသာဖြစ်သည်။ ဤသို့ဆန့်ကျင်ရခြင်းမှာ စစ်အုပ်စုသည် ၎င်းတို့၏ စစ်တပ်တိုးချဲ့ရေး၊ လက်နက်များပိုမိုဝယ်ယူနိုင်ရေးနှင့် ပြည်သူလူထုကို ပိုမိုသတ်ဖြတ်နိုင်ရေးအတွက် အဆိုပါဘဏ္ဍာငွေကို အသုံးချလိမ့် မည် ဟူသည့် ရိုးရိုးစင်းစင်း အကြောင်းတရားကြောင့်သာ ဖြစ်ပါသည်။

ကျနော်တို့ထင်ခဲ့သည်မှာ အိုင်စီဂျီသည် ပဋိပက္ခတားဆီးဖြေရှင်းရေးနှင့် သက်ဆိုင်သည်ဟု ထင်မိခဲ့သည်။ သို့ရာတွင် ယခုမူ ၎င်းတို့သည် စစ်အစိုးရအားကာကွယ်စောင့်ရှောက်ရေးနှင့် သက်ဆိုင်ပုံရနေပါသည်။

1 comment:

Anonymous said...

ICG ကနေ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေ ထုတ်နေခဲ့တာ ၂၀၀၀ခုနှစ်အကုန်ကတည်းကပါ။ ယေဘုယျဆိုရရင် စောစာပိုင်းထွက်ခဲ့တဲ့ “စစ်တပ်ဟာ ဘယ်လောက်အားကောင်းပါသလဲ”၊ “လူမှုအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍ”၊ “(အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်)”တို့ကတော့ မဆိုးပါဘူး။ ကောင်းတဲ့အချက်တွေပါခဲ့တယ်။ ကောင်းတယ်ဆိုတာကလည်း ပညာရှင်တွေအမြင်မျိုးဆိုတဲ့ ပေတံနဲ့တိုင်းရင်ပြောတာပါ။ နောက်ပိုင်း(ရီပို့တ်)တွေမှာတော့ နိုင်ငံရေးပေတံနဲ့တိုင်းရင် အတော်မတည့်တာတွေ ပါလာတာတွေ့လာရတယ်။

ICG ရဲ့ mail list ဟာ လူ တစ်သိန်းကျော်ရှိတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် လူ သုံးသန်းက သူ့ report တွေကို website ကနေ download လုပ်တယ်လို့ gareth Evans ကဆိုတယ်။

နိုင်ငံတကာပညာရှင်တွေရဲ့အမြင်မျိုးဆိုတာ ပေါ်လစီအဆုံးအဖြတ်တွေမှာ အနည်းနဲ့အများ လွှမ်းမိုးနိုင်တာမျိုးပါ။ (အာစီယန်)ပဋိညာဉ်စာတမ်းရေးတုံးကပညာရှင်တွေနဲ့စရတာမျိုးလည်းရှိတယ်။ “နအဖကို ကာကွယ်ပေးမနေစမ်းပါနဲ့”ကို ဖတ်ရပါတယ်။ (အိုင်စီဂျီ)ကို အခုလို တုံ့ပြန်ရေးဖော်ရသူ၊ ဘာသာပြန်သူနဲ့ (ဘလော့ခ်)မှာ တင်ပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီထက်လိုသေးတာက ပညာရှင်အမြင်မျိုးကို ပညာရှင်တွေက၊ သမိုင်းအမြင်မျိုးကို သမိုင်းပညာရှင်တွေက နေရာနဲ့နေရာ ပြန်လည်ချေပဘို့ဖြစ်ပါတယ်။ ဥပမာ သန့်မြင့်ဦးရဲ့စာအုပ် The River of Lost Footsteps ကို http://generation96.blogspot.com/2007/10/thant-myint-disgraced-grandson-of-u.html မှာ ရေးကြတာ တွေ့တယ်။ (ဘလော့ခ်)မှာတင်ယုံလောက် မရဘူး။ ဒါ့ထက် လုပ်စရာတွေ အများကြီးရှိတယ်။ ဘာလို့လည်းဆိုတော့ သူ့စာအုပ်ထုတ်အပြီး၊ အိန္ဒိကနေ တကူးတက ဖိတ်ခဲ့တယ်။ တခြားနိုင်ငံတွေကိုလည်း စာအုပ်အကြောင်းပြုပြီး သွားရတယ်ကြားတယ်။ ဒီနောက် နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အတော်ဖတ်ကြ၊ ကိုကားပြောကြတာတွေ့ရတယ်။ သန့်မြင့်ဦးကပြောတဲ့သမိုင်းကို ခိုင်မာတဲ့အထောက်အထားမပါဘဲ ဇွတ်ငြင်းလို့မဖြစ်ဘူး။ နိုင်ငံရေးသမားအမြင်နဲ့ ချေပတာလည်း မထိရောက်လှဘူး။ သူပြောစကားထဲက စစ်အုပ်စုကို(အိုင်ဆိုလိတ်)လုပ်-မလုပ်ဆိုတာကိုသာ ၀င်ထောက်နိုင်ခဲ့တယ်။

ထောက်ပြဝေဖန်တယ်ဆိုတာ အချက်အလက်ကိုသာ ဖြစ်တယ်။ (အိုင်စီဂျီ)ထုတ်သမျှဖြစ်စေ ပညာရှင်တယောက် ရေးသမျှဖြစ်စေ အကုန်မယူနိုင်ဘူးလို့တော့ မဆိုသင့်ပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံသား ပညာရှင်များ-သမိုင်းဆရာများ ကျေးဇူးပြုပြီး လုပ်ပေးစေချင်တယ်။ ဒါကလည်း (ဘလော့ခ်)တို့ မြန်မာဘာသာနဲ့လွှင့်တဲရေဒီယိုတို့လောက်နဲ့ မရဘူး။ သိစေချင်တဲ့ပရိဿတ်အထိ ပေါက်ရောက်မဲ့နည်းလမ်းနဲ့မှသာဖြစ်မှာ၊ အခုကျွန်တော်ရေးသလိုမျိုး ကျွန်တော်တို့အချင်ချင်း အပြန်အလှန်လေးနဲ့တော့ မထိရောက်နိုင်သေးပါ။

တင့်ဆွေ

ICG Burma Reports
• HOW STRONG IS THE MILITARY REGIME? - 21 December 2000
• THE ROLE OF CIVIL SOCIETY - 6 December 2001
• THE MILITARY REGIME’S VIEW OF THE WORLD - 7 December 2001
• THE POLITICS OF HUMANITARIAN AID - 2 April 2002
• THE HIV/AIDS CRISIS - 2 April 2002
• THE FUTURE OF THE ARMED FORCES - 27 September 2002
• ETHNIC MINORITY POLITICS - 7 May 2003
• SANCTIONS, ENGAGEMENT OR ANOTHER WAY FORWARD - 26 April 2004
• AID TO THE BORDER AREAS - 9 September 2004
• AFTER THE CRACKDOWN - 31 January 2008
• AFTER NARGIS: TIME TO NORMALISE AID RELATIONS - 20 October 2008