.

.

.

December 13, 2008

သင်္ခါရ တရား နဲ့ စစ်အာဏာရှင်များ - အပိုင်း(၉)

ဒီအပတ်မှာတော့ ကစထမှူးတစ်ဦးဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း အလှည့် ကျပြီမို့ သူကရော အာဏာရှင်ကြီးတွေကို ဘယ်လို ချဉ်းကပ် ကြိုးပမ်းခဲ့တယ်၊ အာဏာရှင်ကြီးတွေက သူ့ကို ဘယ်လို ပုံစံနဲ့ ပညာတွေ ပေးခဲ့တာ ခံခဲ့ရတယ် ဆိုတာတွေကို စစ်ဖက်နီးစပ်သူတွေရဲ့  ကျွန်တော် ကိုဖိုးတရုတ်ထံ ပေးပို့လာချက်အရ စာဖတ်သူများ လေ့လာနိုင်ရန် တင်ပြပေးလိုက်ရပါတယ်။ ယခုလို ပေးပို့လာတဲ့ စစ်ဖက်နီးစပ်သူများကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား။


ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်းဟာ OTS - 31 အပတ်စဉ် ကျောင်းဆင်း ဖြစ်ပြီး ခလရ (၈၉) ကလေးမြို့ မှာ တပ်ရင်းမှူး တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးမှာ ဗိုလ်မှူးကြီး (Col. G.S) တာဝန်ကို ရယူခဲ့ပြီး တပ်မ (၈၈) မှာ ဒုတပ်မမှူး၊ ထို့နောက် တပ်မ (၁၁) တပ်မမှူး ထိုမှ တဆင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်များကို အဆင့်ဆင့် တိုးမြှင့် ပေးအပ်ခံခဲ့ရပြီးမှ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ရာထူးကို ရရှိခဲ့ပါတယ်။ သူ့ရဲ့  အမျိုးသမီး ဒေါ်မာလာတင့်ဟာ ဆွေစဉ်မျိုးဆက် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝသူ ဖြစ်ပြီး ရာထူးနဲ့ အာဏာကို ငွေကြေးနဲ့ လမ်းခင်း၍ အဆင့်ဆင့် တက်လမ်းရရှိအောင် စွမ်းဆောင် ကြိုးပမ်းခဲ့ကြောင်း စစ်တပ် အသိုင်းအ၀ိုင်းမှာ နံမည်ကြီး လူပြောများခဲ့တာ သိရပါတယ်။

ဗိုလ်ခင်မောင်သန်းအနေနဲ့ ကက(ကြည်း) စစ်ဆင်ရေး ဌာနကြီးမှာ Col. G.S ဖြစ်နေချိန်က ၁၉၈၈ လူထု အုံကြွမှု အရေးတော်ပုံကြီး ပြီးခါစ အချိန်မို့ တပ်အတွင်း ရှုပ်ထွေးမှုနဲ့ အလုပ်အရှုပ်ဆုံး အချိန်ကာလ တခု ဖြစ်ခဲ့ပါတယ်။ ထိပ်ပိုင်း အာဏာရှင်ကြီးတွေ ဖြစ်ကြတဲ့ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွှန့်တို့အပြင် မာကျောခက်ထန် လှတဲ့ ဗိုလ်ချုပ်တွေ ဖြစ်ကြတဲ့ ဗိုလ်မြင့်အောင်၊ ဗိုလ်မောင်လှ၊ ဗိုလ်ထွန်းကြည်တို့နဲ့ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံ ဆက်ဆံခဲ့ရပါတယ်။


စစ်ရေး ထူးချွန်တဲ့ ဗိုလ်မောင်လှဟာ စစ်ဆင်ရေး အထူးကွပ်ကဲရေးမှူး တာဝန်ထမ်းဆောင်နေစဉ် ရှေ့ တန်း စစ်ဆင်ရေး နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မ (၆၆) တပ်မမှူး ဗိုလ်မှူးချုပ် အေးကျော် (နောင်အခါ ပြန်ကြားရေး ၀န်ကြီး) ကို လေးကေမှာ ရန်သူ့ လက်နက်ကြီး မော်တာ ထိမှန် ဒဏ်ရာရနေတာမို့ ကက(ကြည်း) ထံ အရေးပေါ် ရဟတ်ယာဉ်တောင်းခံတဲ့ ဖြစ်စဉ် တခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီနေရာမှာ ဗိုလ်ခင်မောင်သန်းက ရဟတ်ယာဉ်တောင်းခံလိုရင် Safety Zone လုံခြုံရေး ဧရိယာ ရှိမရှိ လုပ်ထုံးလုပ်နည်းအရ ပြန်လည် မေးမြန်းနေတာမို့ ဗိုလ်မောင်လှက ဒေါသတကြီး ပြန်လည် တုန့်ပြန်မှု ဖြစ်ပွားခဲ့ပါတယ်။

အလားတူ တပ်ချုပ် ဗိုလ်စောမောင်ဟာ ပြည်တွင်းပြည်ပက နိုင်ငံရေး ဖိအားတွေကြောင့် စိတ် ဂယောက်ဂယက် ဖြစ်နေချိန်မှာ Col. G.S ဖြစ်နေတဲ့ ဗိုလ်ခင်မောင်သန်းကို အမိန့် မနာခံမှုနဲ့ စစ်ရုံးမှ မောင်းထုတ်ခိုင်းတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအခါ ဒုချုပ် ဖြစ်နေတဲ့ ဗိုလ်သန်းရွှေက ဗိုလ်ခင်မောင်သန်းကို သနားဂရုဏာသက်ပြီး တပ်မ (၈၈) ဒုတပ်မမှူးအဖြစ် နယ်ကို ပြောင်းရွှေ့ ကယ်တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဗိုလ်ခင်မောင်သန်းရဲ့  ဇနီး ဒေါ်မာလာတင့်ဟာ ကုန်းမြင့်သာက ဗိုလ်သန်းရွှေရဲ့  အိမ်တော်ကြီးကို ချောင်းပေါက်မတတ် ကူးလူးဆက်ဆံ တပည့်ခံကာ မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင်အား အစွမ်းကုန် ``ဖား´´ နေခဲ့ပါတယ်။

2 comments:

Remus-Adrian M. said...

Please enter on http://BestVideoSakin1985.blogspot.com Thank you very much from Romania [Europe]!

Unknown said...

ကိုဖိုးတရုတ်

မြန်မာ့သမိုင်းမှာ အဓိကအချက်အချာကျတဲ့ အချက်အလက်များကို ယခုလို ဝေဆာစွာတင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကူးယူပါရစေ။