.

.

.

January 4, 2009

စစ်တပ်နဲ့ စစ်အာဏာရှင် - အပိုင်း(၅)

စစ်အာဏာရှင်ကို တော်လှန်ခြင်းသည် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည် - အပိုင်း(၅)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဒီအပတ်မှာတော့ ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့ နအဖအနေနဲ့ စီမံကွပ်ကဲ ပံ့ပိုးမှု ညံ့ဖျင်းတာကြောင့် ပြည်သူလူထုရဲ့  ကျန်းမာရေး ဆိုးဝါး ထိခိုက်ပုံတွေ၊ ဘုရားသား ရဟန်းသံဃာတော်များ အပေါ်မှာ ကမ်းကုန်အောင် ပြစ်မှားကျူးလွန်ကြတဲ့အတွက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မတော်သား အားလုံး ကို အ၀ီစိငရဲ ကျတဲ့အထိ ဆွဲချခဲ့ပုံတွေ၊ တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ရမည် ဆိုတာဟာ ပြည်သူလူထုရဲ့  ကြည်ဖြူလိုလားစွာ ခွင့်ပြုမှုအပေါ်မှာသာ မူတည်ရမှာ ဖြစ်တာမို့ စစ်အာဏာရှင်ရဲ့  လှည့်ကွက်ကို သိမြင်ကြဖို့ ဂုဏ်သိက္ခာရှိဖို့ လိုအပ်လှပုံတွေ၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သေးသိမ်မှေးမှိန် အောင် ပြုလုပ်ပုံတွေ၊ ကျေးဇူးရှင်ကို ကျေးစွပ်ပုံတွေ၊ အငြိုးတရား အာဃတ တရား ကြီးပုံတွေကို အပိုင်း နှစ်ပိုင်းအနေနဲ့ နိဂုံးချုပ် ဖော်ပြပေးလိုက်ရပါတယ်။ အခုလို ဆောင်းပါး ရေးသား ပေးပို့ခဲ့တဲ့ ဗိုလ်မှူးကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

ကျန်းမာရေး ကိစ္စ စောင်းငဲ့ကြည့်ပြန်ရင်လည်း သူတို့ကျတော့ သူတို့ရဲ့  အသက်ကို သိတတ်ပြီး စင်္ကာပူလို နိုင်ငံခြားမှာ ဆေးတွေစစ်ကြ၊ ဆေးကုသကြတယ်။ အပေါ်ယံ ကြည့်ရင် တိုင်းပြည်ခေါင်းဆောင်ဆိုပြီး ခွင့်လွှတ်စရာ ဖြစ်ပေမဲ့ တကယ်တော့ အတ္တ သမားကြီးတွေ ဖြစ်ပါတယ်။ ဒီလို ဆေးကုသခံနိုင်တဲ့ အခွင့်အရေးမျိုး ပြည်သူလူထုကြီးမှာ ရော မရှိဘူးလားလို့ မေးစရာ ရှိပါတယ်။ ကိုယ့်တိုင်းပြည်မှာ ဒီလို ခေတ်မှီ ဆေးရုံ ဆေးပေးခန်းတွေ ပြည်သူလူထု တစ်ရပ်လုံးအတွက် လုပ်မပေးသင့်ဘူးလား ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။

ဆေးရုံတွေမှာ ဆေးမရှိတဲ့အပြင် ဆေးရုံအပေါက်စောင့်၊ ဓာတ်လှေကား မောင်းသူကအစ သူနာပြု ဆရာမ အဆုံး အဆင့်ဆင့် ကိုပေးကမ်းရပြီး ဆရာဝန်က သူ့ရဲ့  ကိုယ်ပိုင် အပြင် ဆေးခန်းမှာ လာပြထားတဲ့သူ ဖြစ်မှ မျက်နှာသာပေးပြီး ကြည့်ရှူတဲ့ ခေတ်ကို ရောက်နေပါတယ်။ လမ်း(၄၀) ဆက်သွယ်ရေးရုံးက အင်ဂျင်နီယာချုပ် ဦးဟန်ဝင်းရဲ့  မိခင်ဟာ ဒေါင်ဒေါင်မြည် နေကောင်းလျက် ရှိနေရာမှ မထင်မှတ်တဲ့ အနာလေး တစ်ခု ကိုဆေးရုံကြီးမှာ တက်ရောက်ခွဲစိတ် ကုသရာ မဖြစ်သင့်ဘဲ အသက်ဆုံးရှုံးသွားရတဲ့အထိ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်း နိမ့်ကျပုံကို ကြားသိရပါတယ်။ အခုမြန်မာပြည်မှာ သာမန် ကလေးမွေးရင်တောင် မွေးတဲ့ မိန်းကလေးကို သူနာပြု ဆရာမက ငွေကြေးစကားပြောပြီး ကလေးမွေးလုဆဲဆဲ အသက် လုနေရတဲ့ အချိန်မျိုးမှာတောင် ငွေထပ်ညှစ်တဲ့ အနေအထားမျိုး ရက်စက်မှုအပေါင်း သရဖူ ဆောင်းကာ အားကောင်း နေပါတယ်။ “ခေါင်ကမလုံတော့ မိုးယို” နေတာလည်း မဆန်းလှပါ။ သူတို့ ကိုယ်တိုင် ပြည်သူလူထုနဲ့ သာတူညီမျှ ပြည်သူလူထုက ပေးတဲ့ အခွင့်အရေးက လွဲလို့ မခံစားသင့်ပါ။ ဒါဟာ သူက ဗိုလ်ချုပ်ကြီးမို့ သူက သာမန် အရပ်သားမို့ဆိုပြီး ဖြေကြားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် လုပ်ပေးရမဲ့ တာဝန်ကို အာဏာရှင်တွေဟာ ဒီလိုပဲ လစ်လျူရှု ထားတတ်ပါတယ်။

နိုင်ငံတကာမှာ အရှက်ကွဲရတဲ့ နအဖရဲ့  လုပ်ရပ်

ဒီလိုဘဲ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နေရာတိုင်းမှာ အာဏာရှင်တွေဟာ ကိုယ်ကျိုးအတွက်သာ ကြည့်နေတာ တွေ့ရပါတယ်။ နိုင်ငံရေးမှာ ဆိုရင်လည်း တက်ကြွလှုပ်ရှားသူတွေကို အရက်စက်ဆုံး ရဟန်းသံဃာပါ မချန်ဘဲ နှိပ်ကွပ်ပစ်တာ တွေ့ရပါတယ်။ ရဟန်းသံဃာများ ကံဆောင်ပွဲမှာ သူတို့ပြောတဲ့ သံဃာတု ဆိုရင်တောင်မှ ပါဝင် ဆင်နွှဲကြတဲ့ သံဃာထုဟာ ထောင်သောင်းနဲ့ချီပြီး ရှိတာမို့ လုပ်ကြံဝါဒဖြန့်တာ သိသာလှပါတယ်။ ဒီလို သပိတ်ကံဆောင်ပွဲမှာ အင်နဲ့အားနဲ့ ထုထည်ကြီးမားစွာ ချီတက်ကြတဲ့ သံဃာတွေဟာ သံဃာတု မဟုတ်တာမို့ စစ်တပ်မှာတော့ ထုံးစံအတိုင်း အခြေအနေမှန် မသိအောင် ဖုံးဖိပြီး “ဒါဘာ” ဆိုတဲ့ တပ်တွင်း ဆန္ဒဖေါ်ထုတ်ပွဲတွေ လုပ်ကာ လိမ်ညာဝါဒဖြန့် ပြောထားကြမှာကို အတွင်းသိမို့ မြင်ယောင်မိပါ သေးတယ်။ များပြားလှတဲ့ သံဃာတော်တွေက တရားဓမ္မနဲ့အညီ ကံဆောင်ကြတာဖြစ်ပါတယ်။ ဒါကို မတရား နှိမ်နင်းခိုင်းလို့ ဗိုလ်ချုပ်မှူးကြီး လုပ်သူဟာ သူတွင်မက စစ်တပ်ကိုပါ ဘ၀သံသရာ အဆက်ဆက် မဟာအ၀ီစိငရဲမှ မတက်အောင် ဆွဲချခဲ့ပြီး ဖြစ်သလို ဒီ စစ်အာဏာရှင် ရှိသမျှ ဒီလိုပဲ စစ်တပ်ဟာ ခံနေရဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီအရေးအခင်းဟာ ဒီမျှ ဖြစ်လာစရာမရှိဘဲ ပခုက္ကူမှာတင် သံဃာပရိတ်ရွတ်ပွဲမို့ သံဃာနည်းနဲ့ သာသနာရေးနဲ့တင် ရှင်းရင် အေးအေးဆေးဆေးကြီး ဖြေရှင်းနိုင် ရက်သားနဲ့ သံဃာတော်တွေကို ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်မှု ဖြစ်စဉ်၊ ရက်စက်ယုတ်မာတဲ့ အမှုကို အာဏာရှင်တွေက စတင်လုပ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပဲယင်းမှာ ရက်ရက်စက်စက် သတ်ဖြတ်မှု လုပ်တာလည်း ဗိုလ်သန်းရွှေရဲ့  အမိန့် ဖြစ်ပါတယ်။ ဒီနေရာမှာလည်း သူ့ရဲ့ ကောက်ကျစ်တဲ့ ဥာဉ်ကို အားလုံး မြင်တွေ့ရမှာ ဖြစ်ပါတယ်။


ဒါပေမဲ့ ပြောပြချင်ပါသေးတယ်။

ဦးနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း)ဟာ ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး လုပ်သူ) ရဲ့  ကျေးဇူးရှင် စစ်စစ်ပါ။ ဘယ်လို အခြေအနေဘဲ ဖြစ်ပါစေ၊ ကျေးဇူးရှင် ကျေးစွပ်တာမျိုး မလုပ်သင့်ပါ။ ပြည်သူလူထုရဲ့  အမုန်းအား ဦးနေ၀င်း ခံနေရတာကို အရင်းပြုပြီး ဦးနေ၀င်းကို ချုပ်ကိုင်နိုင်အောင် လုပ်ခဲ့ပါတယ်။ ဦးနေ၀င်း ညှိုးငယ် သိမ်ငယ်စွာ သေဆုံးပြီး လူသူမသိအောင် နိဂုံးချုပ် စေခဲ့တာကိုက သူ့ရဲ့  စိတ်ထားသေးသိမ်မှု၊ ဂုဏ်သိက္ခာမဲ့မှု၊ ကျေးဇူးရှင် ပြစ်မှားတတ်တဲ့ လူယုတ်မာ ဆိုတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ သူကိုယ်တိုင် ဒီလို အဖြစ်မျိုး ရောက်မှာ စိုးလို့ မသေမချင်း အာဏာရှင် လုပ်နေတာလည်း ဖြစ်ပါတယ်။

No comments: