.

.

.

January 4, 2009

ဒုတိယမြောက် လွတ်လပ်ရေး တိုက်ပွဲ နှင့် အနီးကပ်ဆုံး ရန်သူ

ယနေ့ ကျရောက်တဲ့ မြန်မာ့ လွတ်လပ်ရေးနေ့မှာ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် မှ ကိုရင်အေးရဲ့  လွတ်လပ်ရေးနေ့ တိုက်တွန်းနှိုးဆော်ချက်ကို စာဖတ်ပရိသတ်များအား တင်ပြပေးလိုက်ပါတယ်။ မြန်မာ ပြည်သူလူထု အမှန်တကယ် လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး အဖြစ် နေထိုင်နိုင်ကြဖို့ တပ်မတော်သားများ အားလုံး ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲကာ အာဏာရှင် စနစ်အား တွန်းလှန်သွားကြပါရန် ကျွန်တော် ကိုဖိုးတရုတ်မှ ဆန္ဒပြု တိုက်တွန်းအပ်ပါတယ်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်စွန့် ကြိုးပမ်းမှုကြောင့်၊ အမိမြန်မာပြည် တိုင်းတပါးကျွန်ဘဝမှ လွတ်မြောက်ကာ၊ လွတ်လပ်၍ အချုပ်အချာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်၊ ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် ပြည်သူတို့ အတူတကွ လက်တွဲကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြားသည့်အတိုင်း၊ အနီးကပ်ဆုံး ရန်သူဖြစ်သည့် ဖက်စစ်တို့အား တွန်းလှန်ခဲ့ပြီးသည့်နောက်၊ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးကို ညီညွတ်စွာ ရယူနိုင်ခဲ့သည်။

လာမည့် ၂၀၀၉ ခု၊ ဇန်နဝါရီ (၄)ရက် ဆိုလျှင်၊ လွတ်လပ်ရေး ရရှိခဲ့သည်မှာ (၆၁)နှစ်ပြည့်မြောက်တော့မည် ဖြစ်သည်။ (၆၁)နှစ်အတွင်း အမိမြန်မာပြည်မှာ ပြည်သူအများစုကြီးအနေနဲ့ ဗိုလ်ချုပ်တို့ အရယူပေးခဲ့သည့် လွတ်လပ်ရေး၏ အနှစ်သာရကို အမှန်တကယ် ရရှိခံစားခဲ့ကြရပါရဲ့လား ? . .

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး တပ်မတော်သည် ဖက်ဆစ်အမွေဆိုးကို အရယူခဲ့သည့် ခေါင်းဆောင်ဆိုး ၏ လက်အောက်သို့ ရောက်ရှိခဲ့ရပြီးနောက်၊ "ပြည်သူနှင့်အတူ တိုင်းတပါးကျွန်ဘဝမှ လွတ်လပ်ရေး အရယူပေးခဲ့သည့် တပ်မတော်ဘဝ" မှ "ပြည်သူအချင်းချင်း ကျွန်ပြုသည့်၊ စစ်အာဏာရှင်စနစ်ဆိုး၏ လက်ကိုင်တုတ် တပ်ဘဝ" သို့ ရောက်ခဲ့ရသည်ကို၊ အနှစ်(၆၀)သမိုင်းက အထင်အရှား သက်သေပြနေခဲ့ပြီ ဖြစ်ပါသည်။

မိမိတိုင်းရင်းသား ညီအစ်ကိုချင်းပြဿနာကို လက်နက်အားကိုး အာဏာရှင်စနစ်ဆိုး၏ ဖြေရှင်းမှုမျိုးဖြင့် ဖြေရှင်းခဲ့ ကြသဖြင့် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရပြီး ၎င်းဒါဏ်ကို ပြည်သူတရပ်လုံး ခါးဆီးခံခဲ့ ရသည်မှာ ယနေ့ထိတိုင် ဖြစ်သည်။ တိုင်းပြည် မွဲပြာကျခဲ့ရပြီး ကမ္ဘာ့အလည်မှာ အောက်တန်းနောက်တန်း ကျခဲ့ရသည်။ အစဉ်အလာကြီးမားခဲ့သည့် တပ်မတော်သည်လည်း တိုင်းရင်းသား ပြည်သူကိုဖိနှိပ်သည့် လက်ကိုင်တုတ် ယန္တရားအဖြစ် ရောက်ခဲ့ရပြီး လူထု၏ အော့နှလုံးနာမှုကိုခံခဲ့ရ ခံနေရဆဲ ဖြစ်ခဲ့ရသည်။

ဖက်ဆစ်အမွေဆိုးကို ဆက်ခံခဲ့သည့် အာဏာရှင်၏ လက်ဝေခံ စစ်အာဏာရူးတစ်စု၏ နဖါးကြိုး ထိုးထားခြင်း ခံနေရပြီး တပ်မတော်တွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အဆင့်ဆင့်တိုင်းသည် မိမိတို့၏ အရာရှိကို သာမကတော့ဘဲ အရာရှိ၏ မိန်းမ၊ သားသမီး၊ ယောက္ခမ အဆုံး အားလုံး၏ ကျေးကျွန်များ သဖွယ် ဆက်ဆံခံရ လုပ်ကျွေးပြုစု ပေးနေကြရသည်ကို တပ်မတော်သားတိုင်း သိလာကြပြီ ဖြစ်သည်။ မိမိပြည်သူချင်း အိုးမဲသုတ် သတ်ဖြတ်ခိုင်းထားခြင်း၊ အနှစ်သာရမဲ့ စစ်ပွဲများ ဖန်တည်းပေးထားခြင်းဖြင့်၊ တပ်မတော်သားအားလုံးကို မအားရအောင် မလိုအပ်ပဲ အသက်စွန့်ခိုင်း ထားခြင်းဖြင့် ၎င်းတို့၏ အာဏာကို ကြီးထွားသထက် ကြီးထွားအောင် တည်ဆောက်ထားခဲ့သည်။ တိုင်းရင်းသား ညီအကိုများ နေထိုင်ရာ နယ်စပ်ဒေသ များတွင်လည်း စစ်ပွဲများကြားတွင် မတရားမှုပေါင်းများစွာကို အစွမ်းကုန်ကျူးလွန်စေသော နည်းဖြင့် ရပ်တည်ခိုင်း ခံထားရပြီး ၎င်း၏ အကျိုးဆက်အဖြစ် တပ်မတော်တစ်ခုလုံး၏ ဂုဏ်သိက္ခာမှာ ကမ္ဘာ့အလည်တွင် အဖတ်မဆည် နိုင်အောင် ကျဆင်းစေခဲ့သည်။

၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်သည် ပြည်သူတရပ်လုံးနှင့် လက်တွဲ၍ တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ (၆၁)နှစ် တင်းတင်းပြည့်ပြီ ဖြစ်သည်။

ဒီကနေ့ အာဏာရှင်၏ အစေအခိုင်း ခံနေရသည့် တပ်မတော် ဘယ်လိုဆက်ရပ်တည်ကြမည်နည်း?

ပြည်သူလူထု တရပ်လုံးအနေနှင့် အာဏာရှင်တစ်စု၏ မတရားပြုကျင့် အုပ်စိုးထားမှုမှ လွတ်မြောက်ဖို့ရာ နည်းမျိုးစုံ ဖြင့်ကြိုးစားခဲ့ကြ ကြိုးစားနေကြဆဲပင် ဖြစ်သည်။ ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲအတွက် ဒီကနေ့ မျိုးဆက်တို့ ပေးဆပ်နေကြရသည်။ ဘုရားသားတော် သံဃာတော်များ လူမဆန်စွာ နှိပ်ကွပ် ခံနေကြရသည်။

အားလုံးမှာ လက်တဆုပ်စာ အာဏာရှင်တို့် မတရားရယူထားသည့် အခွင့်အရေးများ လက်မလွတ်ရရေး တစ်ခုတည်း အတွက်သာ စစ်တပ်တခုလုံးမှာ အသုံးချခံ အကာအကွယ် ပေးထားခဲ့ရသည်။ အဖိနှိပ်ခံပြည်သူ တရပ်လုံးမှာ စားရာမဲ့သောက် ရာမဲ့ အနာဂတ်မဲ့ နင်းပြား ဘဝများ ဖြစ်နေကြရသည်။

ထိုဘဝများစွာထဲတွင် ဒီကနေ့ တပ်မတော်သား အများစု၏ မိဘများ၊ ဇနီးမယား၊ သားသမီးများလည်း အပါအဝင် ဖြစ်နေကြရသည်။ တပ်မတော်သားများ၏ မိဘ၊ ဇနီး၊ သားသမီးများသည်လည်း ပြည်သူထဲမှ ပြည်သူများသာ ဖြစ်ကြသည်။ ပြည်သူလူထုကြီးနှင့် ထပ်တူခံစား နေကြရသူများသာ ဖြစ်ကြသည်။ ပြည်သူလူထုကြီး နှင့်အတူ လွတ်လပ်ရေးကို လိုလားနေကြသူများဖြစ်ကြသည်။

လက်တဆုပ်စာ အာဏာရူး စစ်ခေါင်းဆောင်တစ်စု၏ မိမိတို့နှင့် မိမိတို့ကိုသစ္စာခံသူ က္မျန်တစ်စုသာ ကောင်းစားရေး အတွက် အများစုကို စစ်ကျွန်ပြုထားသည့် စနစ်ဆိုးကြီးမှ ရုန်းထွက်သည့် "ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲ" တွင်၊ ပြည်သူလူထုကြီးနှင့်အတူ ပူပေါင်း ပါဝင်ကြခြင်းဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ ကို အချိန်မှီ ကယ်တင်ကြရမည့်အချိန်ပင် ဖြစ်သည်။

ဒါကြောင့် "မျိုးချစ်တပ်မတော်သား အပေါင်းတို့အနေနှင့် ယနေ့ ဇန်နဝါရီ(၄)ရက် နေ့ကစလို့ သင်တို့နှင့် အနီးကပ်ဆုံးရန်သူကို စတင်ရှာဖွေ တော်လှန်ကြခြင်းဖြင့် ဒုတိယမြောက် လွတ်လပ်ရေးတိုက်ပွဲကြီးမှာ ပြည်သူလူထုကြီးနဲ့အတူ ပူးပေါင်းကာ အာဏာရှင်စနစ်ဆိုးကြီးကို အမိမြေမှ အပြီးတိုင် ဖယ်ရှားကြပါစို့” ဟု (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့အခါသမယမှာ လေးနက်စွာ တိုက်တွန်း ဖိတ်ခေါ်လိုက်ပါတယ်။

No comments: