ဒီမိုကရေစီနဲ့ တပ်မတော် - အပိုင်း(၃)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ဒီအပတ်မှာတော့ စစ်အာဏာရှင်တွေ အနေနဲ့ အာဏာကို လက်မလွတ်ချင်လို့ လွှတ်တော်မှာ ၀င်ရောက် ကြိုးကိုင်နိုင်ဖို့ ကြိုးပမ်းနေတာတွေ၊ နိုင်ငံရေး သီးသန့်လုပ်ချင်ပါက စစ်တပ်က ထွက်ပြီး ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နိုင်ပုံတွေ၊ ဒီမိုကရေစီ ရရှိရေးကို ကြိုးပမ်းရာတွင် တပ်မတော်အနေနှင့် ပါဝင်သင့်ပုံတွေ၊ အာဏာရှင်တစ်စု၏ အမာခံ တပ်မတော် မဖြစ်သင့်တဲ့ အကြောင်းရင်းနဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းရတဲ့ အကြောင်းရင်းက အာဏာရှင်စနစ်ကြောင့် ဖြစ်ရပုံတွေ၊ စစ်တပ်ထဲတွင် “ဒါဘာ” ခေါ်တဲ့ ဆန္ဒ ဖော်ထုတ်ပွဲ မှာတောင် ဒီမိုကရေစီ အသွင်သဏ္ဍာန် တင်းပြည့် ကျပ်ပြည့် ဖော်ထုတ်ခွင့် မရပုံတွေ၊ စစ်ဖက် ဥပဒေအရ အကျိုးခံစားခွင့်၊ နစ်နာခွင့်များနဲ့ စပ်လျဉ်းပြီး တပ်မတော်သားများ အတွက် အခွင့်အလမ်း ဆုံးရှုံးခဲ့ပုံတွေ၊ နိုင်ထက်စီးနင်း လုပ်ခံရပုံတွေကို အသေးစိတ် ရှင်းလင်း တင်ပြထားတာ တွေ့ရပါတယ်။ အခုလို ပေးပို့လာတဲ့ ပင်တိုင်ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား။
စစ်အာဏာရှင်တို့ ပြောသလို နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အမြင် (၄) ရပ် ပြည့်စုံပါသည် ဆိုလျှင် တပ်မတော်မှ ထွက်၍ ဒီမိုကရေစီ ကျင့်စဉ်အရ ၀င်ရောက် အရွေးခံ နိုင်ကြသည်။ ၄င်းတို့ အရည်အချင်း ရှိလျှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်မှာ သေချာသည်။ ထိုသို့လည်း ၄င်းတို့ သတ္တိ မရှိကြ။ လွှတ်တော်မှာ ၂၅% ယူထားသော်လည်း စိတ်မချသေးဘဲ ကြံ့ဖွံ့တွေကို အမာခံ ထားကာ ပါတီ (၃) ပါတီ အရွေးခံရန် ပြင်ဆင်နေကြပါသည်။ လွှတ်တော်မှာ စစ်တပ်ကို အမာခံပြုကာ အာဏာကို အလွယ်တကူ ချုပ်ကိုင်ပြီး လူမိုက် လုပ်နေခြင်းသာ ဖြစ်သည်။ တပ်မတော်သည် ပြည်သူလူထု အခွန်အခများဖြင့် နေထိုင် စားသောက်ရေး၊ ကျန်းမာရေး စသည့် အခွင့်အရေးများ ခံစားနေရသည့် ပြည်သူ့ဝန်ထမ်းမျှသာ ဖြစ်သည်။ ပြည်သူလူထုအပေါ် ပို၍ သစ္စာရှိရမည်။ ပြည်သူလူထု၏ အစေအပါးသာ ဖြစ်ရမည်။ ထို့ကြောင့် တပ်မတော်သည် နိုင်ငံတော် ဦးဆောင်မှုအခန်း၌ အချိန်အတိုင်းအတာ တစ်ခုသာ ပါသင့်ပါသည်။ နိုင်ငံရေးမှာ ပါလိုလျှင် ၀န်ထမ်းဘ၀စွန့်ကာ ၀င်ရောက် ယှဉ်ပြိုင်ရုံသာ ရှိသည်။
ဒီမိုကရေစီ လိုလားတဲ့ တပ်မတော်သားများ
တကယ်တော့ ဒီမိုကရေစီဆိုသည်မှာ လုပ်ထုံးလုပ်နည်း တစ်ခုသာ ဖြစ်သည်။ ပြည်သူလူထူ၏ အာဏာ သက်ရောက်သော ကျင့်စဉ်ဖြစ်သည်။လူတို့သည် မြေရှင်ပဒေသရာဇ်ခေတ်၊ သက်ဦးဆံပိုင်ခေတ်၊ ကျွန်ပိုင် ကျေးပိုင်ခေတ် စသည့်ခေတ်များကို ဖြတ်သန်းပြီး လူ လူချင်း အနှိမ်ခံ၊ အဖိနှိပ်ခံဘ၀မှ ပြည်သူလူထုကြီး ကိုယ်တိုင် အာဏာ ရှိစေသော၊ ပြည်သူ့အာဏာ သက်ရောက်စေသော ကျင့်စဉ်ကို ကြိုးစား ဖန်တီး တည်ဆောက် ခဲ့ကြခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ပြည်သူ့အာဏာ သက်ရောက်စေသော စနစ်တခုမှာ ဘယ်နိုင်ငံ ကလာသည်ဖြစ်စေ ကျင့်သုံးအပ်သည်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျင့်စဉ် မကျင့်သုံးနိုင်၍သာ သေဆိုသေရ၊ ရှင်ဆို ရှင်နေရသော အာဏာရှင် စနစ်ဆိုး ရှိနေရခြင်း ဖြစ်ပေသည်။ ရက်စက်ကြမ်းကြုတ်သော လက်နက်ကိုင် အာဏာရှင် တစ်စု ရှိနေ၍ ဒီမိုကရေစီ မရှိ ဆိတ်သုဉ်းရခြင်း ဖြစ်သည်။ “ဒီမိုကရေစီသည် မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထု၊ မြန်မာ့ တပ်မတော် အားလုံးအတွက် အလွန် လိုအပ်နေသည်”။
သက်ဦးဆံပိုင် အာဏာရှင် စနစ်ဆိုးရှိနေသရွေ့  မြန်မာပြည်သူလူထုနှင့် တပ်မတော် ပို၍ ပို၍ နိမ့်ကျဆင်းရဲ စုတ်ပြတ်သတ်နေမှာ ဖြစ်သည်။ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုများ၊ လူထုတော်လှန် အုံကြွမှုများ၊ လက်နက်ကိုင် တော်လှန်ရေးများ ဆက်လက်ရှိနေမှာ ဖြစ်သည်။ အာဏာရှင်များက ၄င်းတို့ အာဏာတည်မြဲဖို့ စစ်တပ်ကို အသုံးချ ပစ်ခတ်သတ်ဖြတ် ခိုင်းနေမှာလည်းဖြစ်၍ တပ်မတော်နှင့် ပြည်သူ စိတ်ဝမ်းကွဲကြ ရပေဦးမည်။ ကိုယ့်တိုင်းရင်းသား ညီအကိုများ အချင်းချင်း တိုက်ခိုက်နေကြရဦးမှာ ဖြစ်သည်။ ဤ ပြဿနာ အားလုံး ပြေလည်စေရေးသည် စစ်အာဏာရှင်ကို ဖယ်ရှားပစ်မှ ပြီးဆုံးနိုင်မည်။ ထို့ကြောင့် ဒီမိုကရေစီ ရရှိရေး သမိုင်းတွင် (သို့) ပြည်သူ့အာဏာ ပြည်သူသို့ ပြန်လည်အပ်နှင်းရန် ကြိုးပမ်းရာတွင် တပ်မတော်သည် ပြည်သူလူထုနှင့် ပူးပေါင်း ပါဝင် လက်တွဲသင့်သည်။ အာဏာရှင် စနစ်ကို ကာကွယ်နေသော၊ အာဏာရှင်ကို ဦးထိပ်ပန် တပ်မတော် မဖြစ်သင့်တော့ပေ။
ဒီမိုကရေစီဆိုသော စကားလုံးမှာ ပြည်သူလူထု၏ သြဇာအာဏာသည် အုပ်ချုပ်ရေး၌ အပြည့်အ၀ ရှိစေသည့် လုပ်ထုံးလုပ်နည်း (သို့မဟုတ်) လုပ်ကိုင်ဆောင်ရွက်မှု ပုံစံကို နာမည်ပေး ကင်ပွန်းတပ်ထားခြင်းသာ ဖြစ်သည်။ လူများတွင် ဟိုလူ၊ ဒီလူဟု မပြောပဲ မောင်သန်းရွှေ၊ မကြိုင်ကြိုင် ဟု နာမည်တပ် ပညတ်ပေးကာ ခေါ်ဝေါ်ရသကဲ့သို့ ဖြစ်သည်။ ကြောက်လန့်စရာ စကားလုံး၊ အဓိပ္ပာယ်မဲ့သည့် အနှစ်သာရ မရှိသည့် စကားလုံး မဟုတ်ချေ။ အဓိပ္ပာယ် အနှစ်သာရ ပြည့်ဝသည်။ ပြည်သူလူထုသည်သာ အရှင်သခင် ဖြစ်သည်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကြောင့် သက်ဦးဆံပိုင် မရှိ။ ကျွန်စနစ်မရှိ။ အာဏာရှင် မရှိ။ လက်နက်ကိုင်၍ အကြောက်တရားဖြင့် အဓမ္မ ခိုင်းစေမည့် အဖွဲ့မရှိ။ ရဲ၊ စစ်သား မြင်လျှင် ကြောက်နေရတာ မရှိ။ ကြံဖွတ်၊ စွမ်းအားရှင်၊ အရံ မီးသတ်ပင် ကြောက်နေရတာမျိုး၊ ဥပဒေမဲ့ ဧည့်စာရင်းစစ်၊ ခြင်ထောင်လှန် ခံရတာမျိုး မရှိ။
တရားဥပဒေ စိုးမိုးမှု အပြည့်အ၀ ရှိသည်။ လူတိုင်း တရားဥပဒေကို လေးစား လိုက်နာရသည်။ သမ္မတသည်ပင် တရားစွဲဆို ခံရနိုင်သည်။ ပေးအပ်ခံထားရသော လုပ်ကိုင်ဆောင်ရွက်နိုင်မှု အတိုင်းအတာကို ကျော်လွန် လုပ်ကိုင်ပါက ပြည်သူလူထုမှ လွတ်လပ်စွာ ဝေဖန်ပြောဆိုခြင်း၊ ဖယ်ရှားခြင်း ပြုနိုင်သည်။ “ပြည်သူလူထုသည် ဥပဒေ ဘောင်အတွင်းမှ လွတ်လပ်စွာ ရေးသားခြင်း၊ ပြောဆိုခြင်း၊ တွေးခေါ်ခြင်း၊ ဆန္ဒပြခြင်း စသဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု အပြည့်အ၀ ရှိသည်။” မတရား ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်ခြင်း၊ မတရား ကန့်သတ်ချုပ်ချယ် တားမြစ်ခြင်းများ ပြုလုပ်၍ မရ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာလည်း ပြည်သူလူထုကြီး ကပင် ရေးဆွဲပြီး ပြည်သူလူထုကြီးကပင် အတည်ပြု ပေးထားရသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ အတိုင်း ပြည်သူလူထုကြီးက လေးစားစွာ လိုက်နာကြရသည်။ ပြည်သူလူထုကြီးက လွတ်လပ်စွာ ရွေးချယ် တင်မြှောက်နိုင်ခွင့် ရှိသည်။ အကျဉ်းချုံး၍ တင်ပြရလျှင် ယနေ့ မြန်မာနိုင်ငံ စစ်အာဏာရှင် အုပ်ချုပ်ပုံနှင့် ရာနှုန်းပြည့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။
နာမည် ပညတ်သည် အဓိက မဟုတ်ပဲ လုပ်ထုံးလုပ်နည်း အနှစ်သာရသာ အဓိက ဖြစ်သည်။ ထို့ကြောင့်လည်း ယနေ့ ကမ္ဘာတွင် ဒီမိုကရေစီ ၀ါဒ ထွန်းကားရခြင်း ဖြစ်သည်။ ဤ ကျင့်စဉ်ကို ဒီမိုကရေစီဟု နာမည်မပေးပဲ အခြားနာမည် ပေးထားလျှင်လည်း အဓိပ္ပာယ် အနှစ်သာရ ပြည့်ဝသော လုပ်နည်းလုပ်ဟန် ဖြစ်သဖြင့် လိုက်နာ ကျင့်သုံးသင့်သည်သာ ဖြစ်သည်။ မည်သည့် နိုင်ငံမှ ပေါ်ထွန်းလာသည် ဆိုသည်မှာ အဓိက မဟုတ်ပါ။
ဥပမာ တစ်ခုဖြင့် ဆိုပါမည်။ မြန်မာပြည်သည် ယဉ်ကျေးသော၊ ဗုဒ္ဓဘာသာ ထွန်းကားသော တိုင်းပြည်ဟု ဆိုရာတွင် ဗုဒ္ဓဘာသာသည် အိန္ဒိယ၌ စတင် ထွန်းကားခဲ့သည်။ သီဟိုဋ် (ခေါ်) သီရိလကာင်္၌ ထွန်းကားခဲ့သည်။ ထိုမှ မြန်မာပြည်သို့ ဗုဒ္ဓသာသနာ ရောက်ရှိ ထွန်းကားခဲ့သည်။ အိန္ဒိယမှ စတင်စေကာမူ သစ္စာထိုက်သဖြင့် (အမှန်တရားကို ဖြစ်စေသဖြင့်) မြန်မာတို့ လက်ခံ ကျင့်သုံးကြရသည်။ မြန်မာ့နည်း မြန်မာ့ဟန် လုပ်၍ မရစကောင်း။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် သင့်တော်ပြီး၊ အကျိုးရှိလျှင် လက်ခံ ကျင့်သုံးကြရမည် ဖြစ်ပေသည်။ နအဖသည် အမှန်တကယ် စိတ်ထားမှန်ပြီး၊ စေတနာ အပြည့်အ၀ ရှိခဲ့လျှင် ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်ကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးနိုင်သည်မှာ အနှစ် (၂၀) ခန့်ရှိပြီး ဖြစ်လိမ့်မည်။ ၁၉၈၈ ခု မွေး လူငယ်မျိုးဆက် တစ်ဆက်ပင် ဒီမိုကရေစီကို ကောင်းစွာ သိရှိ နားလည် ကျင့်သုံးမည့် မျိုးဆက်များ ဖြစ်လောက်ပေပြီ။ “ဤ အနှစ် (၂၀) ခန့်သည် တိုင်းပြည်အတွက် လွန်စွာ ဆုံးရှုံးနစ်နာခဲ့ရပေပြီ။”
ယခုမူ ပြည်သူ့အာဏာ သက်ရောက်မှု မရှိ၊ စစ်အာဏာရှင်၏ ရက်စက်ယုတ်မာသော အာဏာကသာ ပြည်သူလူထုပေါ် သက်ရောက်နေ၍ ပြည်သူလူထုမှာ ကိုယ့်အာဏာ အလုခံထားရသည့်အပြင် သက်ဦးဆံပိုင် ခေတ်၊ ပဒေသရာဇ်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ ဖက်ဆစ် ခေတ်များသို့ ပြန်လည် ရောက်ရှိ ဒုက္ခခံနေ ကြရသည်။
No comments:
Post a Comment