ဒီမိုကရေစီနဲ့ တပ်မတော် - အပိုင်း(၄)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
ထိုအာဏာရှင် စနစ်ကြောင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အကျင့်စရိတ္တ၊ တရားစီရင်ရေး အဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးပြီးရင်း ပျက်စီးနေသည်။ ဖွံ့ဖြိုးတိုးတက်ရန် မည်သည့်အခါမျှ လမ်းစ မမြင်နိုင်။ ထို ဆုတ်ယုတ်ပျက်စီးနိမ့်ကျမှုများသည် တပ်မတော်၌လည်း ကြုံတွေ့ခံစားကြရပါသည်။ စစ်အာဏာရှင် တစ်စုသာ လုပ်ပိုင်ခွင့် ခံစားခွင့် ပေါင်းစုံ ရရှိခံစား စံစားနေကြပြီး အရာရှိ၊ အရာခံ၊ အကြပ်တပ်သား အားလုံးမှာ တန်ဖိုးမဲ့ ငွေစက္ကူများစွာ သုံးစွဲ၍ လစာများကို တိုးမြှင့်ပေးထားသော်လည်း တောက်ပြောင်မှုမရှိ၊ ကျပ်တည်းသထက် ကျပ်တည်း လာနေကြရသည်။ တန်ဖိုးမဲ့ တိုးမြှင့်လစာများမှာ အာဏာရှင်များ၏ ကျေးဇူးရှင်အဖြစ် အထင်ခံလိုမှု နှင့် စည်းရုံးလိုမှုကြောင့်သာ ဖြစ်၏။ အမှန်စင်စစ် ထိုသို့ တိုးမြှင့်ပေးခြင်းမှာ သဲထဲ ရေသွန် ကိစ္စသာ ဖြစ်ကြောင်း အာဏာရှင်များ သိပြီး ဖြစ်၏။ တကယ်တော့ ပြည်သူလူထု တစ်ရပ်လုံး အေးချမ်းသာယာ ၀ပြောပါမှ၊ တိုးတက်ဖွံ့ဖြိုးပါမှ ပြည်သူ့ ၀န်ထမ်းများ ဘ၀လည်း တိုးတက်ဖွံ့ဖြိုးနိုင်မှာ ဖြစ်၏။ ရေမြင့်မှ ကြာတင့်နိုင်ပါမည်။ တပ်မတော်လည်း ခေတ်မှီအင်အား တောင့်တင်းလာပါမည်။
လူအင်အား၊ လက်နက်အင်အား ဘယ်လောက် ဖြည့်တင်း ဖြည့်တင်း ခေတ်မှီ အင်အားရှိသော တပ်မတော် ဖြစ်မလာ။ ယခင်က တရုတ်၊ အိန္ဒိယမှ လွဲ၍ ပတ်ဝန်းကျင် နိုင်ငံများကို ဂရုမစိုက်သော်လည်း ယခု ဘင်္ဂလားဒေ့ရှ် ရေကြောင်း စိန်ခေါ်မှုကို ထိပ်တိုက်မရင်ဆိုင်ရဲတဲ့ ဖြစ်စဉ်က သက်သေပြနေသည်။ ၂၀၀၂ ခုနှစ် တာချီလိတ်မြို့ ပေါ် ထိုင်း F-16 တိုက်လေယာဉ် ဖြတ်ပျံပြခြင်းက လေယာဉ်ပစ်ဖို့ မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံမဆိုထားနှင့် F-7 တရုတ် တိုက်လေယာဉ် မယှဉ်နိုင်လို့ Power ကွာနေမှုမှာ သိသာလှပါသည်။
လူတစ်ဦးချင်း ၀င်ငွေကြည့်လျှင် လူဦးရေ (၆၅) သန်း ရှိသော ထိုင်းသည် GDP _ per capita (PPP) $ 4000၊ လူဦးရေ (၁၅၃) သန်း ရှိသော ဘင်္ဂလားဒေ့ရှ်သည်ပင် $ 500 ခန့် နှင့် လူဦးရေ သန်း (၅၀) ခန့်ရှိ မြန်မာသည် $ 239 ခန့်သာ ရှိပေသည်။ Government Type သည် စစ်အစိုးရ (Military Junta) ပုံစံ ဖြစ်သည့် အပြင် စစ်အာဏာရှင်ကြီးများ၏ နိုင်ငံရေး၊ စီးပွားရေး စွမ်းရည် ညံ့ဖျင်းမှုကြောင့် ဖြစ်သည်။ စစ်အာဏာရှင်များကို ဖယ်ရှားပြီး နိုင်ငံရေး စနစ်ပြောင်းလဲနိုင်မှ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံ ဖြစ်ပါမည်။ နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှ တပ်မတော်လည်း တိုးတက်ပါမည်။ ရေမြင့်လျှင် ကြာတင့်သည့် သဘော ဖြစ်သည်။
၎င်းအပြင် အရာရှိ၊ စစ်သည်များအနေနှင့် တပ်တွင်း အခြေအနေများကိုလည်း ပြန်သုံးသပ်ကြည့်စေ လိုပါသည်။ ဆန္ဒဖေါ်ထုတ်ပွဲ (ဒါဘာ) တွင် လွတ်လွတ်လပ်လပ် တင်ပြနိုင်ကြရဲ့ လား။ ဒါပါပဲကွာဟု ပြောကြရသည် မဟုတ်ပါလား။ တိုင်စာရေးသား တင်ပြနိုင်ခွင့် မရှိ။ ဒုက္ခရောက်နိုင်သဖြင့် ပစ်စာ ကိစ္စ ပေါ်ပေါက်လာသည်။ အမှုတစ်ခု ဖြစ်လာလျှင် အမြင်ကတ် ပုဒ်မ၊ ပုဒ်မ(၆၅) စစ်စည်းကမ်း ဖောက်ဖျက်မှုသည် မည်သို့မျှ အပြစ်ရှာမရပါက အချိန်မရွေး အရေးယူနိုင်သည့် ပုဒ်မ ဖြစ်သောကြောင့် အနည်းနှင့်အများ ပြစ်ဒဏ် စီရင်ခံနေရပါသည်။ ပုဒ်မ (၆၅) ဖြစ်စေကာမူ ဥပဒေကြောင်းအရ တရားခံဘက် အရာရှိထားပေးသော်လည်း အကျိုး ခံစားခွင့် မရ။ စစ်တရားရုံးဖြင့် အရေးယူ ခံရသော အမှု ၉၅% မှာ ဂွင်းလုံးကျွတ် လွတ်မြောက်ဖို့ အလားအလာ မမြင်ပါ။ ပြစ်မှုစွပ်စွဲချက်ကိုလည်း အမှုကြီးသည်ထက် ကြီးအောင် လုပ်နိုင်သမျှ ဆွဲထည့် ပုဒ်မများတပ်ကာ ဂွင် ဆင်လေ့ရှိ၏။ ချမှတ်မည့် ပြစ်ဒဏ်မှာလည်း အာဏာရှိသူ၏ ကြိုတင်သတ်မှတ် ပေးသည့်အတိုင်း စစ်တရားရုံးများက ဖတ်ပြရုံသာ ဖြစ်သည်။
ဤ အကျင့်ဆိုးများမှာ စစ်အာဏာရှင်များ ပြည်သူ့အာဏာကို လုယူသိမ်းပိုက်၍ စစ်အုပ်ချုပ်ရေး စတင်ရာမှ နယ်ဘက်တရားရုံးများ၌ပါ ကူးစက် သွားတော့၏။ ဤ အကျင့်ပျက် အကျင့်ဆိုးများကြောင့် တရားစီရင်ရေး စနစ်တခုလုံး ပျက်ဆီးနေပြီ ဖြစ်သည်။ ပြည်သူလူထုမှ အာဏာပြန်လည် လွှမ်းမိုးနိုင်မှသာ (ဒီမိုကရေစီ ရရှိမှသာ) တရားမျှတသော တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကို ပြန်လည် တည်ဆောက်နိုင်မည် ဖြစ်သည်။ ဗိုလ်ချုပ်တစ်ဦးဆိုလျှင် တပ်မမှူးဘ၀က အရာရှိတစ်ဦးသည် ၄င်း ၀င်လာချိန်တွင် ကျောပေးလျှက် အနေအထားကြောင့် မမြင်၍ အလေးမပြုမိသည်ကိုပင် အလွန်မခံ မရပ်နိုင်ဖြစ်ကာ အရေးယူခဲ့သည်။ ထိုဗိုလ်ချုပ် တိုင်းမှူး ဖြစ်လာသည့် အခါမှာလည်း စစ်ရာထူးခန့် တိုးမြှင့်ချိန်များတွင် အငြိုးကြီးစွာ နှိပ်ကွပ်တတ်သည်ကို တွေ့ရ၏။
ထို့အတူ လုပ်ပိုင်ခွင့် အာဏာ ပိုမို လာသည်နှင့်အမျှ အာဏာရှင် ဖြစ်လာကာ စစ်ခေါင်းဆောင်ဘ၀ ပျောက်ကွယ်လာကြသည့် အရာရှိကြီးများ များစွာရှိပါသည်။ သို့သော်လည်းဘဲ ဥာဏ်ပညာထက်မြက်၍ အမြင်ကျယ်သော လေးစားဖွယ်ကောင်းသည့် ဆရာသမားများနှင့် စီနီယာကြီးများ ရှိသည်ကိုလည်း အသိအမှတ် ပြုပါသည်။ ဥပဒေအရ နှိုင်းဆချင့်ချိန်မှု မပြုတော့ဘဲ အငြိုးအတေး၊ မာန်မာန အရ အာဏာဖြင့် အပြစ်ပေးခဲ့ကြသည်လည်းရှိသည်။ သတ်မှတ်ပြီးသား ပြစ်ဒဏ်များကို တရားရုံး ဥက္ကဋ္ဌက ဖတ်ပြ လက်မှတ် ထိုးခြင်းသာ ရှိသည်။ စာချုပ်ချုပ်ဆို၍ စစ်မှုထမ်းဆောင်ကြသော်လည်း စာချုပ် သက်တမ်း ပြည့်သော်လည်း အလွယ်တကူ ထွက်ခွင့်မပေး။ ခြိမ်းခြောက်ခံထားရသည်။ အချို့ ကျတော့ တပ်သားသစ် ဘယ်နှစ်ဦး စုဆောင်းပေးမှ ရမည်ဟု အညစ်ခံရသည်။ စည်းမျဉ်းစည်းကမ်း၊ ဥပဒေအရ ဆောင်ရွက်နိုင်ခွင့် အကျိုးခံစားခွင့် မရရှိကြ။ တပ်ထဲဝင်ချိန်တွင်လည်း စစ်မှုထမ်း ဥပဒေကို လက်မှတ်သာ ထိုးကြရ၏။ မည်သူမျှ အရေးတယူ မရှင်းပြသည့်အပြင် လက်မှတ်ရေးထိုးသူကလည်း အမှန်တကယ် မသိနားမလည်ချေ။ ၄င်းအပြင် ယောင်္ကျား လုပ်သူတစ်ဦး စစ်မှုထမ်းလုပ်သည်နှင့် ဇနီး၊ မိသားစု တစ်ခုလုံး ယခု မျက်မှောက်ခေတ် တပ်မတော်၌ ကျွန် ဖြစ်ရတော့သည်။ အပြောကတော့ တပ်မိသားစု၊ ရဲမေ။ တကယ့် တကယ်က လယ်စိုက် ကောက်စိုက်၊ လုပ်အားပေး ပေါင်းစုံ လုပ်ခိုင်းတာဟာ လက်တွေ့ အမှန်တကယ် ဖြစ်နေတာတွေမို့ လက်လွတ်စပယ် လစ်လျူရှူဖို့ မသင့်ပါ။
ယနေ့ တပ်မတော် အောက်ခြေတွင် စစ်ကားများ ရှိပါလျှက် အကျိုးခံစားခွင့် ကောင်းစွာမရ။ ဓာတ်ဆီသာ ထုတ်ရောင်းနေကြပြီး၊ လူမမာများကို ဆေးပေးခန်းမှ ဆေးတပ်သို့ လမ်းလျှောက်သွားခိုင်းသည်။ ဘယ်သူမှ တိုင်၍ မရ။ စစ်ရေးစစ်ရာ စစ်လေ့ကျင့်မှု မသက်ဆိုင်သော ထင်းခုတ်၊ မီးသွေးဖုတ်၊ အုတ်ဖုတ်၊ စစ်အာဏာရှင် ယတြာအတွက် ရော်ဘာပင် စိုက်၊ သစ်ဆိမ့်ပင် စိုက် စသည့်လုပ်ငန်းများဖြင့် အချိန်ကုန်ကြရသည်။ ဘာမှ ပြောခွင့်မရှိ။ လစာကို သဘောတူညီမှု မရှိပဲ အတင်း စုဆောင်းခိုင်းသည်။ ဘာမှ မပြောနိုင်။ “ခွင့်” နှင့်ဆိုင်သော လုပ်ထုံးလုပ်နည်း အခွင့်အလမ်း ရှိသော်လည်း “ခွင့်” မပေးကြ၊ စသည်ဖြင့် အခွင့်အရေးများ ပိတ်ပင် ခံထားကြရ၏။ ပြောရလျှင်တော့ တပ်မတော်မှာ မဖြစ်သင့်တာတွေ ဖြစ်နေရတာ များစွာ ရှိသည်။ အမြီးအမောက် မတည့်တာ များစွာရှိသည်။
ဤသို့ ဖြစ်ရသော တပ်တွင်း အခြေအနေများမှာ အာဏာရှင်စနစ် နှင့် သက်ဆိုင်သည်။ မင်းစိတ်ပေါက် ရူးသွပ်နေကြခြင်းနှင့် သက်ဆိုင်သည်။ အကယ်၍ ပြည်သူလူထု အာဏာရှိသော စနစ် (ဒီမိုကရေစီ စနစ်) ကို ပြောင်းလဲနိုင်ပါက ဒီမိုကရေစီ ကျင့်စဉ်တွင် စည်းကမ်းရှိမှု၊ တရားမျှတမှု၊ ဥပဒေ လွှမ်းမိုးမှု၊ စနစ်တကျ ရှိမှု၊ လူ့အခွင့်အရေး ပြည့်ဝမှုများ ရှိသဖြင့် ပြည်သူလူထုကြီးသာမက တပ်မတော် အတွင်းရှိ အရာရှိ စစ်သည် စစ်မှုထမ်းများ အားလုံးလည်း ထို အကျိုးကျေးဇူးကို ရရှိခံစား နိုင်ကြပေလိမ့်မည်။
အပိုင်း(၅) အား နောက်အပတ်မှာ ဆက်လက် တင်ဆက်သွားပါမယ် ခင်ဗျား။
အောက်ပါ သတင်းများကို ညွှန့်ပေါင်းသတင်းလွှာမှ ရရှိပါသည်။
No comments:
Post a Comment