.

.

.

January 24, 2009

မနေ့က တပ်မတော်နဲ့ ဒီနေ့ တပ်မတော် - အပိုင်း(၄)

အပေါ်ဖါး အောက်ဖိ၊ ကြီးနိုင်ငယ်ညှင်း၊ ရဲဘော်ရဲဘက်စိတ် ကင်းတဲ့ စစ်အာဏာရှင်တစ်ဦး - အပိုင်း(၁)

ဆောင်းပါးရှင် - ဒု ဗိုလ်မှူးကြီး အေးမြင့်

စာဖတ်ပရိသတ်များ ခင်ဗျား-

ဒီကနေ့မှာတော့ အဘ ဦးအေးမြင့်က သူ တွေ့ကြုံခဲ့ရတဲ့ စစ်အာဏာရှင်တစ်ဦး အကြောင်းကို ဖြစ်ရပ်မှန် တင်ပြထားပါတယ်။ တချို့  စစ်အာဏာရှင်တွေဟာ ပြည်သူလူထုအပေါ် မဆိုထားနဲ့ လက်အောက်ငယ်သား တပ်မတော်သားအချင်းချင်း အပေါ်မှာတောင် နိုင့်ထက်စီးနင်း ပြုမူဆက်ဆံပြီး “ငါသိ.. ငါတတ်.. ငါမှန်” ဆိုတာမျိုးကြောင့် စစ်သားစစ်စစ် စိတ်ဓာတ်တွေ ပျောက်ကွယ်နေတာကို အဘ ဦးအေးမြင့်ရဲ့  ကိုယ်တွေ့ဖြစ်စဉ်က လက်တွေ့ ပြသနေပါတယ်။ ပြည်သူလူထုနဲ့ တိုင်းပြည်အပေါ် တကယ်စေတနာထားပြီး တပ်မတော်ရဲ့  သမိုင်းကြောင်း ကောင်းမွန်အောင် စောင့်ရှောက်နိုင်မဲ့ တပ်မတော်သားမျိုးကို ပြည်သူလူထုက လက်ကမ်းကြိုဆို မျှော်လင့်တောင့်တရာမှာ ဒီမိုကရေစီစနစ်ကို ယုံကြည်မြတ်နိုးမှသာ ပြည်သူ့အကျိုး တပ်မတော်သားများ အကျိုးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီမိုကရေစီကို တောင်းဆိုနေကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေဟာ တပ်မတော်ရဲ့  ရန်သူ မဟုတ်ဘဲ တပ်မတော် တည်ထောင်ခဲ့တဲ့ မူလရည်ရွယ်ချက်၊ ရည်မှန်းချက်ကို ဖျောက်ဖျက်နေတာကမှ တပ်မတော်ရဲ့  ရန်သူအစစ် ဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။ ယခုလို ဖော်ပြခွင့်ရတဲ့အတွက် အဘ ဒုဗိုလ်မှူးကြီး အေးမြင့်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

၁၉၇၉ ခုနှစ်မှာပေါ့၊ တပ်မ (၄၄) တစ်ခု ထပ်မံဖွင့်ဖို့ စီမံချက်နဲ့ အဲဒီတပ်မအသစ်မှာ တပ်မမှူးခန့်ဖို့ကိုလည်း ကောင်း၊ ထိုတပ်မ ကွပ်ကဲမှု အောက်က တပ်ရင်း (၁၀) ရင်းအတွက် တပ်ရင်းမှူး ၁၀ ဦးကိုပါ ကြိုတင်လျာထား ရွေးချယ် ထားကြသတဲ့။ တပ်မမှူး ခန့်မယ့်သူကို ၁၉၇၉ ခုနှစ် တပ်မတော်နေ့ စစ်ရေးပြပွဲကြီးမှာ စစ်ရေးပြမှူး အဖြစ် လည်းကောင်း၊ တပ်ရင်းမှူး ၁၀ ဦးထဲမှ တစ်ဦးဦးကို စစ်ရေးပြ တပ်ရေးအဖြစ် လည်းကောင်း ရွေးချယ်ခန့်အပ် တာဝန်ပေး ပွဲထုတ်ပြတဲ့ အစဉ်အလာက ရှိနေတာလို့ သိရပါတယ်။ ဒီလိုနဲ့ ၁၉၇၉ တပ်မတော် စစ်ရေးပြပွဲကြီးမှာ စစ်ရေးပြမှူးကြီးအဖြစ် နမခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး စိန်အောင်ကို ပွဲထုတ်ခဲ့ပါတယ်။ စစ်ရေးပြ တပ်ရေးအဖြစ် ကျွန်တော့်ကို ပွဲထုတ်ခဲ့ပါတော့တယ်။ ဒီ အရိပ်အမြွက်များအရ အသစ်ဖွင့်မဲ့ တပ်မ (၄၄)မှူးဟာ ဗိုလ်မှူးကြီး စိန်အောင် ဖြစ်လာနိုင်သလို ကျွန်တော်ဟာလည်း တပ်မ (၄၄) ကွပ်ကဲမှုအောက် တပ်ရင်းတစ်ခုမှာ တပ်ရင်းမှူး ဖြစ်လာမယ်လို့ ဆရာသမားကြီး တစ်ဦးက ကြိုတင်လို့ အသိပေး ပြောကြားခဲ့ဘူးပါတယ်။ ထိုစဉ်က ကျွန်တော်ဟာ မှော်ဘီ လေထီး သင်တန်းကျောင်းမှာ လေထီး တပ်ခွဲမှူး ဗိုလ်မှူးအဆင့် ရာထူးနဲ့ တာဝန် ထမ်းဆောင်နေချိန် ဖြစ်ပါတယ်။

ကျွန်တော့် အနေနဲ့ အခုလို စစ်ရေးပြ တပ်ရေး တာဝန်ခန့်အပ်မှု ပြုစအချိန်မှ စပြီး ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုဗိုလ်မှူးကြီး သူရတင်ဖေအား သတင်းပို့ကာ လေ့ကျင့်မှုများကို အပတ်တကုတ် နာယူ လေ့ကျင့်ခဲ့ပါတယ်။ တော်လှန်ရေး ပန်းခြံအတွင်းမှာ ယာယီဖွင့်လှစ်ထားတဲ့ စစ်ရေးပြပွဲ စီမံခန့်ခွဲရေးရုံးမှာဘဲ အိပ် စားကာ စစ်မိန့်သံနဲ့ အမိန့်စဉ်လှုပ်ရှားမှုကို နည်းပြ ဗိုလ်ကြီးနဲ့ ဆရာကြီးများထံမှ ကြိုးစား ခံယူ လေ့ကျင့်နေ ခဲ့ပါတယ်။ စစ်ရေးပြမှူးကြီးကိုလည်း နည်းပြအဖွဲ့က လာရောက်လေ့ကျင့်ရန် ခေါ်ပေမဲ့ သူသိတယ်၊ တတ်တယ်၊ လေ့ကျင့်စရာ မလိုဘူးဟု ဆိုကာ တခါမှ လာပြီး မလေ့ကျင့်ခဲ့ပါ။ ဒါကို ဗိုလ်မှူးကြီး သူရတင်ဖေက မကျေနပ်လို့ စစ်ရေးပြ ဆပ်ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်ဝင်း (ရန်ကုန်တိုင်း ဒုတိုင်းမှူး) ကို သတင်းပို့ တိုင်ကြား ခဲ့ကြောင်း ကျွန်တော် သတိပြုမိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး စစ်ရေးပြမှူးကြီးနဲ့ ဗိုလ်မှူးကြီး သူရတင်ဖေတို့ရဲ့  ဆက်ဆံရေးဟာ အဆင်မပြေဘဲ တစ်ဦးနှင့် တစ်ဦး အမြင်မကြည်ကြတာ သတိပြုမိခဲ့ပါတယ်။

စစ်ရေးပြမှူးကြီး ဗိုလ်မှူးကြီး စိန်အောင် (ဒုဗိုလ်ချုပ်ကြီး ၀န်ကြီး၊ ကွယ်လွန်) ဟာ စစ်ရေးပြ၊ အမိန့်ပေးမှု အစီအစဉ်များကို အချိန်ယူ လေ့ကျင့်မှုမှာ စိတ်မ၀င်စားသော်လည်း စစ်ကြောင်းများ တည်းခိုရာ စခန်းအသီးသီး ကိုတော့ နေ့စဉ်လိုလို သွားရောက်စစ်ဆေးမှုမှာ အလေးထား စိတ်ဝင်စားမှု ရှိပါတယ်။ စစ်ကြောင်းမှူးတွေရဲ့  ဧည့်ခံကျွေးမွေးမှုများကို အငမ်းမတတ် စားပြီး နေထိုင်မှု၊ စည်းကမ်း၊ သန့်ရှင်းမှု မကောင်းတာတွေ့ရင် ဟောက်တော့ တာပါဘဲ။ ကျွန်တော်က သူနဲ့ အတူ အမြဲလိုက်ရသူမို့ ဒီမြင်ကွင်းမျိုးကို အမြဲမြင်နေရပါတယ်။ တချို့ စစ်ကြောင်းမှူးများဟာ ဟောက်တာ ဟိန်းတာကို မကြည်ကြပါ။ အမှန်အတိုင်း ရေးပြရလျှင် ကြည်းတပ်က စစ်ကြောင်းမှူးများက မပြောကြပေမဲ့ ရေတပ်၊ လေတပ်က စစ်ကြောင်းမှူးများက မခံနိုင်ကြတဲ့အကြောင်း ကျွန်တော့်ကို ရင်ဖွင့်ကြပါတယ်။ ကျွန်တော့်မှာ ဒီစစ်ကြောင်းမှူးများနဲ့ စစ်ရေးပြမှူးတို့အကြားမှာ အတော့ကို အနေရ အထိုင်ရ ခက်ခဲလာခဲ့ရပါတယ်။

စစ်ရေးပြ အစမ်း လေ့ကျင့်တဲ့ တစ်ရက်မှာ ဘင်ခရာအဖွဲ့က ထုံးစံအတိုင်း တမိနစ်လျှင် ခြေလှမ်း ၁၂၀ နှုန်းနဲ့ တီးမှုတ်ချီတက်ရာမှာ သူ့ခြေလှမ်းတွေဟာ စည်းချက်မညီလို့ ပြဿနာ ဖြစ်ပြီး စစ်တီးဝိုင်းအဖွဲ့ ခေါင်းဆောင် လေတပ်မှ အရာခံ ဗိုလ်အောင်မြင့်နဲ့ အချီအချ ငြင်းခုံကာ သူ့ခြေလှမ်းကို ကြည့်ပြီး တီးမှုတ်ဖို့ ဖိအားပေး ဟောက်တော့တာပါဘဲ။ ကျွန်တော်လည်း မနေသာတော့ဘဲ ၀င်ပြီး ပြောမိခဲ့ပါတယ်။ အစဉ်အလာ ထုံးထမ်းအရ ဘင်ချက်ကိုသာ မိမိရရ နင်းရန် လိုပါတယ်။ ဘင်တီးချက်ကိုသာ လိုက်ပြီး ဟန်ချက်ညီညီ လှမ်းရမှာ ဖြစ်တယ်။ ဘင်မှာ တာဝန်မရှိဘူး။ စစ်ရေးပြမှူးကြီးမှာသာ တာဝန်ရှိပါတယ်လို့ ကျွန်တော်ပြောတာကို သူက လက်မခံဘူး။ သူက စစ်ရေးပြမှူးကြီးမို့ သူ့အမိန့်အတိုင်း လုပ်ရမယ်လို့ ဟောက်တော့တာပါဘဲ။ ကျွန်တော်လည်း ဒီပြဿနာကို စစ်ရေးပြ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး သူရတင်ဖေကို သတင်းပို့လိုက်ရပါတော့တယ်။ ဒီမှာတင် သူနဲ့ ဒုဗိုလ်မှူးကြီး တင်ဖေတို့ စကားများကြတော့တာပါဘဲ။ အတော်လေးကို ပြဿနာ တက်ခဲ့ရပါတယ်။ ချီတက်စဉ်မှာလည်း ကျွန်တော်က ချီတက်ရာ လမ်းကြောင်းတည့်မတ်စေရန် သူ့နောက်မှ အသံတိုးတိုးနဲ့ ဘယ်ညာကို ထိန်းပေးခဲ့ပါတယ်။ ဒါကို သူက မကြိုက်ပါ။ မကြိုက်တော့ ကျွန်တော်လည်း ဘာမှ မပြောတော့ဘူးပေါ့။ သူ့ဟာသူ ထင်သလို သွားစေခဲ့ပါတော့တယ်။ တခါတခါ သူနဲ့ ကျွန်တော်တို့ တပ်ဦးဟာ အလှမ်းများစွာ ကွာဝေးသွားတတ်ပါတယ်။ ဒီလိုအခါကျတော့ ကျွန်တော့်ကို ဟောက် ပြန်ပါတယ်။ ကျွန်တော်ကလည်း ရွဲ့ ပြီး တမင်ကို မပြောဘဲ လွှတ်ထားလိုက်မိတာပေါ့ဗျာ။

အစမ်းလေ့ကျင့်မှုတွေမှာ ပြဿနာပေါ်ပြီး မှားတော့ စစ်ရေးပြဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်ဝင်းက သူနဲ့ တစ်ပတ်စဉ်တည်း ဆင်းဆိုတော့ သူငယ်ချင်းပြော ပြောတော့တာကို သူက မကြည်ဘူး။ ၀တ်စုံပြည့် နောက်ဆုံး လေ့ကျင့်ပွဲမှာ ဒုချုပ် ဒုဗိုလ်ချုပ်ကြီး အေးကိုရော စစ်ဦးစီး ဗိုလ်မှူးကြီး တင်ဦးနဲ့ ရန်ကုန်တိုင်းမှူးတို့ အပါအ၀င် ဦးစီးအဖွဲ့ဝင်များစုံညီစွာ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ စစ်မိန့်စဉ် မှားယွင်းမှုများ ရှိခဲ့သလို တပ်စစ်ဆေး မှုအပိုင်းမှာ ပါစင်အောင် ပုံပျက်ကာ မှားတော့တာကို လူကြီးတွေက မကျေမနပ်ဖြစ်ကုန်ကြလို့ ပြဿနာပေါ်ပြီး မူလပုံစံ အတိုင်း မရှိမှုအပေါ် ပြစ်တင်မှုခံရပါတော့တယ်။ ဒီတော့ ဗိုလ်မှူးကြီးခင်မောင်ဝင်းနဲ့ ဒုဗိုလ်မှူးကြီး သူရတင်ဖေတို့က ညှိနှိုင်းစည်းဝေးပွဲမှာ စစ်ရေးပြမှူးကြီးကို ၀ိုင်းဝန်းအပြစ်ဖို့ကြလို့ စစ်ရေးပြမှူးလည်း ရှက်ရမ်း ရမ်းတော့ပါဘဲ။

လူကြီးချင်း မကျေမနပ် ပြဿနာတက်ကြတာပါဗျာ။ လူကြီးချင်းကျတော့ မပြောဘဲ ကျွန်တော့်ကိုမဲပြီး အရွဲ့ တိုက်မှု အပါအ၀င် နင်ပဲ ငဆ ဟောက်တော့တာလေ။ ကျွန်တော်ကလည်း မခံဘူး။ မှန်တဲ့အတိုင်း ပြန်ပတ် ခဲ့တာပေါ့။ သူက ကျွန်တော့်ကို “ကိုအေးမြင့် ကျွန်တော် ကြည့်နေတာ ကြာပြီ၊ ခင်မောင်ဝင်းကိုကျတော့ ဒုတိုင်းမှူးလို့ ခေါ်တယ်၊ ကျုပ်ကို ကျတော့ စစ်ရေးပြမှူးကြီးလို့ ပြောဆိုဆက်ဆံတယ်။ ကျုပ်လည်း နမခရဲ့  ဒုတိုင်းမှူး” လို့ ပြောလာတယ်။ ကျွန်တော်ကလည်း ဗိုလ်မှူးကြီးကို ဒုတိုင်းမှူးလို့ မသိဘူး။ စစ်ရေးပြမှူးကြီး အနေနဲ့သာ သိလို့ခေါ်တာပဲ၊ ဗိုလ်မှူးကြီးခင်မောင်ဝင်းကိုတော့ နှုတ်ကျိုးနေလို့ ခေါ်တာပေါ့။ ဒါ အပြစ်လားလို့ ပြန်ပက်လိုက်မိပါတယ်။ “ခင်ဗျား ကျုပ်တိုင်း တပ်မ ကွပ်ကဲမှုရောက်ရင် တွေ့မယ်၊ သတိထား၊ လူပါးမ၀နဲ့” တဲ့။ ကျွန်တော်ကလည်း “ခင်ဗျား ကွပ်ကဲမှုအောက်ရောက်ရင် ရောက်တဲ့နေ့ဘဲ ကျုပ်တပ်ကထွက်မယ်၊ ကျုပ် မမှန်တာ ဘာမှ မလုပ်ဘူး၊ မဟုတ်ရင်လည်း ဘယ်သူမှ မခံဘူး” လို့ ပြန်ပက်မိခဲ့ပါတော့တယ်။ အဲဒီနေ့ကစပြီး သူနဲ့ ကျွန်တော်ဟာ စစ်ရေးပြပွဲ ပြီးသည်အထိ အဆင်မပြေကြတော့ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးဟာ တင်းမာခဲ့ရပါတယ်။ ကျွန်တော်က လူငယ်ဆိုတော့ ဖြစ်ပျက်သမျှကို ဗိုလ်မှူးကြီး ခင်မောင်ဝင်း၊ ဗိုလ်မှူးကြီး နေဒွန်း၊ ဒုဗိုလ်မှူးကြီး သူရတင်ဖေတို့ကို တရားနည်းလမ်းတကျ တိုင်တန်းအသိပေးထားခဲ့ရပါတယ်။

၁၉၇၉ ခုနှစ် တပ်မတော် စစ်ရေးပြပွဲကြီးမှာ ဗိုလ်စိန်အောင်နဲ့ ကျွန်တော် ထိပ်တိုက်တွေ့တဲ့ ဖြစ်စဉ်ဟာ တပ်မတော်မှာ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့အပြင် ကျွန်တော့် ဘ၀ ဖြစ်စဉ်ရဲ့  နောက်ဆုံး အနေအထားအထိ ရိုက်ခတ်ခံစားခဲ့ရတာမို့ ပြည့်ပြည့်စုံစုံ ရေးပြနေရတာပါ။ တကယ်တော့လည်း ဒီဖြစ်စဉ်ဟာ ကျွန်တော်နဲ့သာ ထိပ်တိုက်တွေ့မှု မဟုတ်ဘဲ စစ်ရေးပြပွဲကြီးရဲ့  အစိတ်အပိုင်းများစွာနဲ့ပါ သူဟာ ထိပ်တိုက်တွေ့ခဲ့တာပါ။ ဒီ ဖြစ်စဉ်ကြောင့်ပင် သူဟာ အစဉ်အလာ ပျက်ကာ တပ်မမှူးရာထူးနဲ့ လွဲခဲ့ရတာဟာလည်း တပ်မတော်ရဲ့  သမိုင်း တစိတ်တပိုင်းလို့ ဆိုနိုင်ပါတယ်။ အဓိက ခိုးလိုးခုလု မကျေမလည် ဖြစ်တာ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ဒုဗိုလ်မှူးကြီး သူရတင်ဖေ၊ ရန်ကုန်တိုင်း ဒုတိုင်းမှူး ဗိုလ်မှူးကြီး ခင်မောင်ဝင်း၊ သူနဲ့ ဗိုလ်သင်တန်း တပတ်စဉ်တည်း ရောင်းရင်းများ ဖြစ်ကြပါတယ်။ လေးလပတ် စစ်ဆင်ရေး စည်းဝေးပွဲတက်နေသော တချို့  တိုင်းမှူးများနဲ့ပါ ကသိကအောက် ဖြစ်ခဲ့တာ သတိပြုမိပါတယ်။

ဒုတိုင်းမှူး ဗိုလ်မှူးကြီး ခင်မောင်ဝင်း၊ ကျောင်းအုပ်ကြီး ဒု ဗိုလ်မှူးကြီး သူရတင်ဖေတို့ဟာ စစ်ရေးပြ ဆပ်ကော်မတီရဲ့  ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးများ ဖြစ်ကြပါတယ်။ ဗိုလ်စိန်အောင်က စစ်ရေးပြပွဲ အခင်းအကျင်း၊ လှုပ်ရှားမှု အစီအစဉ်၊ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်း တချို့ ကို စစ်ရေးပြမှူး ရဲ့ လုပ်ပို်င်ခွင့်ထက်ကျော်လွန်ကာ သူ့ သဘောဆန္ဒအရ ပြင်ဆင်ကာ ပြုလုပ်ခဲ့မှုအပေါ် တာဝန်ရှိသူများကို ညှိနှိုင်းစည်းဝေးပွဲများတွင် တရားဝင် ထောက်ပြကာ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်တာကို သူက ဆတ်ဆတ်ခါနာတာကို တွေ့ရပါတယ်။ စံပြုလို့ ပြရလျှင် စစ်ဦးစီးချုပ်က တပ်စစ်ဆေးမှု ပြုတဲ့ လှုပ်ရှားမှု သမားရိုးကျ အစီအစဉ်အရဆိုပါက ရှေ့ ဆုံးကိုယ်ရံတော် နှစ်ဦးက ဦးဆောင်မှု ပြုရပါတယ်။ နောက် စစ်ဦးစီးချုပ်က အလယ်၊ နောက်နှစ်ယောက်မှာ ဘယ်စစ်ကြောင်းမှူး၊ ညာ စစ်ရေးပြမှူးတို့ လိုက်ရပါတယ်။ ပုံစံအရဆိုလျှင် ကြယ်ငါးပွင့် အနှေးလျှောက်နဲ့ လှုပ်ရှားမှု သဘောပါ။ ဒါဟာ သမိုင်းစဉ် တလျှောက် ပုံစံချ သတ်မှတ်မှု တစ်ခု ဖြစ်ပါတယ်။

သမားရိုးကျ သတ်မှတ်ပြဌာန်းခဲ့တဲ့ အစီအစဉ်ကို စစ်ရေးပြမှူး ဗိုလ်စိန်အောင်က သူ့ သဘောနဲ့ သူ ပြင်ဆင်ကာ ပုံစံ တမျိုး ထွင်လိုက်ပါတယ်။ ရှေ့ ဆုံး ကိုယ်ရံတော် နှစ်ယောက်နောက် စစ်ဦးစီးချုပ်၊ နောက်တစ်တန်းတည်းမှာ စစ်ရေးပြမှူး၊ စစ်ကြောင်းမှူးတို့က တစ်ယောက်တန်း ပုံစံကို ပြင်ခဲ့ပါတယ်။ ပုံစံအရဆိုလျှင် T ပုံသဏ္ဍာန် ပေါ်နေပါတယ်။ ဒါကို ဒုချုပ်နဲ့ ဦးစီးအဖွဲ့ဝင်များ လာကြည့်တဲ့ ၀တ်စုံပြည့် အစမ်းလေ့ကျင့်ပွဲမှာ ဗိုလ်စိန်အောင်က ပြင်ခဲ့တာလေ။ ဒုချုပ်က ဒါကို မြင်သွားပြီး မကျေမနပ် ဖြစ်ကာ ဦးစီးကော်မတီ ဥက္ကဋ္ဌ Col:GS ဗိုလ်မှူးကြီး တင်ဦး (တုတ်တို) ကို ပြန်လည် စီစစ်ဖို့ အမိန့်ပေးခဲ့တာ ကြားရပါတယ်။ စစ်ရေးပြပွဲ အစမ်းလေ့ကျင့်မှု ပြီးလျှင်ပြီးချင်း ဗိုလ်မှူးကြီး တင်ဦးနဲ့ ဦးစီး အဖွဲ့ဝင်များဟာ ညှိနှိုင်းစည်းဝေးပွဲကို ကိုယ်တိုင်တက်ခါ ဒီ ပြဿနာကို အရေးယူ စီစစ်ဖော်ထုတ်ကြတော့တာပါဘဲ။ ဒီအခါမှာ စစ်ရေးပြဆပ်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခင်မောင်ဝင်းက သူတို့ အနေနဲ့ ဒီပြင်ဆင်မှုကို ခွင့်မပြုခဲ့ပါကြောင်းနဲ့ “ဘယ်ကောင်က ဘာကြောင့် ပြင်လိုက်ကြောင်း မသိဘူး” လို့ ချက်ကျကျ ထပြီး တင်ပြခဲ့ပါတယ်။ ဒီတော့ စစ်ရေးပြမှူးကြီး ဗိုလ်စိန်အောင်က “သူပြင်လိုက်တာပါလို့” ၀န်ခံလိုက်ပါတယ်။ ဗိုလ်မှူးကြီး တင်ဦးက ဒီသတ်မှတ်ချက်ဟာ ကျုပ်တောင် ပြင်လို့ မရဘူး။ ဒါဟာ အစဉ်အလာ တရပ်ဖြစ်တယ် လို့ပြောပြီး ပြင်ဆင်မှု အတွက် ထုချေလွှာ တင်ခိုင်းတော့တာပါဘဲ။ တရားခံဘ၀ကို ရောက်သွားတဲ့ စစ်ရေးပြမှူးဟာ မျက်နှာကြီး နီကာ ထုချေရရှာပါတော့တယ်။ စစ်ကြောင်းမှူးတဦးဖြစ်တဲ့ လေတပ် တပ်မှူးကြီး ဒု ဗိုလ်မှူးကြီး တင်မြင့် (ထားဝယ် ကောင်စီ ဥက္ကဋ္ဌဖြစ်သွားသူ) ဟာ အရပ်ကြီး ရှည်ပြီး အနှေးလျှောက်ရာမှာ ခြေလှမ်းကို ပုံစံကျ ညီညီညာညာ မလှမ်းနိုင်လို့ ကြည့်ရဆိုးလှကြောင်း၊ ဒါကြောင့် သူ့နောက်ကနေ သူ့လို ညီညီညာညာ စည်းချက်ကျကျ လှမ်းစေလို၍ ပြင်ခဲ့ရပါတယ်လို့ ထုချေတင်ပြပါတယ်။

ဒါကို အကွက်ရသွားတဲ့ ဒု ဗိုလ်မှူးကြီး သူရတင်ဖေက ထပြီး စစ်ကြောင်းမှူးများဟာ စစ်သက် ၃၀ အောက် တစ်ယောက်မှ မပါကြောင်း၊ ဘယ်ညာခြေလှမ်း ညီညီ မလျှောက်နိုင်လျှင် ခြေထောက်တွေကို ဓားနဲ့ ခုတ်ဖြတ်ပစ်ရပါမယ်။ သမားရိုးကျ စစ်ရေးပြ လုပ်ထုံးလုပ်နည်းကို ပြင်တာ စစ်ရေးပြမှူးမှာသာ လုံးဝ တာဝန်ရှိတယ်လို့ ကောတော့တာပါဘဲဗျာ။ လူကြီးတွေကလည်း ၀ိုင်းပြီး စစ်ရေးပြမှူးကိုသာ ပြစ်တင်ကြတာ တွေ့ရပါတယ်။ စစ်ရေးပြမှူး ဗိုလ်စိန်အောင် ဟက်တက်ကြီး ကွဲတော့တာပေါ့။ သူမှားပါကြောင်း လူဗိုလ်ပုံ အလယ်မှာ စောက်ရှက်ကွဲစွာ ၀န်ခံခဲ့ရပါတယ်။ အစည်းအဝေး ပွဲအပြီးမှာ ရှက်ရမ်းရမ်းလာလို့ ဟိုလူကြီးများကို မနိုင်ဘဲ ကျွန်တော့်ကို မဲတော့တာပါဘဲ။ ဒါဟာ တပ်ထဲက စက်ဆုပ်ရွံ့ရှာစရာကောင်းတဲ့ ကြီးနိုင်ငယ်ညှင်းဆဲ လုပ်နည်းကားတစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာ လူငယ်က ကြောက်ကြောက်ရွံ့ ရွံ့နဲ့ ဟောက်သမျှ ငြိမ်ခံတတ် ကြပါတယ်။ ကျွန်တော်ကတော့ မှန်တာဆိုရင် ငြိမ်ခံတဲ့ အကျင့် မရှိဘူးလေ။ ပြန်ပက်လိုက်တော့ သူအခံရခက်ပြီး ဟိုမှာ စခဲ့တဲ့ ဇာတ်လမ်းဟာ ကျွန်တော်နဲ့ အဆုံးသတ် ထိပ်တိုက်တိုးခဲ့ရတော့တာပါဘဲ။

4 comments:

ဒေါင်းမင်း said...

နောက်ပြီးဘာဆက်ဖြစ်သေးလဲကိုဖိုးတရုတ်
ပြီးသွားပြီလား...
ဖက်ကောင်းတုန်းရှိသေး

ဒေါင်းမင်း said...

ပြီးသားပြီးလား..မပြီးသေးဘူးထင်တယ်..
ဖက်ရတာဟတ်ကော့ကြီးကျန်နေတယ်..နောက်ပြီးဘာဆက်ဖြစ်သွားသေးလဲ

ဒေါင်းမင်း said...

ပြီးသွားပြီးလား..မပြီးသေးဘူးထင်တယ်..
ဖက်ရတာဟတ်ကော့ကြီးကျန်နေတယ်..နောက်ပြီးဘာဆက်ဖြစ်သွားသေးလဲ

ကိုဖိုးတရုတ် said...

ကိုဒေါင်းမင်းရေ့  အပိုင်း (၁) လို့ ရေးထားတာ အပိုင်း (၂) ဆက်ဖို့ ရှိသေးလို့ပါ။ ဆက်လက်အားပေး ဖတ်ရှုပါ ခင်ဗျား။ နောက်တစ်ပတ် စနေနေ့ တင်ပေးပါမယ်။