.

.

.

January 25, 2009

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ - အပိုင်း(၅)

ဒီမိုကရေစီနဲ့ တပ်မတော် - အပိုင်း(၅)

ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်

ဒီအပတ်မှာတော့ ဒီမိုကရေစီ ကျင့်စဉ် လုပ်ထုံးလုပ်နည်းများ အကြောင်း၊ ဒီမိုကရေစီ ရရှိတဲ့ နိုင်ငံများမှာ တပ်မတော်သားများ အကျိုးခံစားခွင့် အပြည့်အ၀ ရရှိပုံ၊ ယနေ့ နအဖ စစ်အာဏာရှင်တွေက ဒီမိုကရေစီ ပေးလိုက်ရင်ဘဲ တပ်မတော်ဟာ နှိပ်ကွပ်ခံရပြီး အခွင့်အရေးတွေ ဆုံးရှုံးသွားမဲ့သဘော မှိုင်းတိုက် ၀ါဒ ဖြန့်ထားတာဟာ မမှန်ကန်ဘဲ လက်တွေ့ နိုင်ငံတကာ နယ်ပယ်မှာ နစ်နာခွင့် အကျိုးခံစားခွင့်များအား ဥပဒေ ကြောင်းအရ အကာအကွယ် ဖြည့်ဆည်းထားတာ ရှိကြောင်း ထောက်ပြထားပုံ၊ ယနေ့ စစ်အာဏာရှင် လက်ထက်မှာ တကယ်တမ်း အကာအကွယ် မရတဲ့ အပြင် တပ်မတော် မိသားစုများ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ဒုက္ခနဲ့ ရယကဆိုတဲ့ အနိမ့်ဆုံး အဖွဲ့အစည်းအဆင့်က ခြိမ်းခြောက်တာတောင် ခံနေကြရပုံ၊ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ မိဘပြည်သူတွေကို တပ်မတော်က ကာကွယ်စောင့်ရှောက် ပေးသင့်ပုံ၊ မိဘ ပြည်သူများကို နှိမ်နင်းခြင်းဟာ မိမိကိုယ်ကို အာဏာရှင် စနစ်ဆိုး အောက်၌ ဆိုးကျိုး ဆက်လက် ခံစားနေရန် ပြုလုပ်နေခြင်း ဖြစ်ပုံတွေကို ထိထိမိမိ ကွက်ကွက်ကွင်းကွင်း တင်ပြထားပါတယ်။ အခုလို ပေးပို့လာတဲ့ ဆောင်းပါးရှင် ဗိုလ်မှူး ကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါတယ်ခင်ဗျား။

ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများတွင် စစ်တပ်အပါအ၀င် ပြည်သူလူထုအားလုံး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဥပဒေ၊ စည်းကမ်းများကို တိကျစွာ လိုက်နာ ကျင့်သုံးကြရသလို မိမိ အကျိုးခံစားခွင့် ရှိလျှင်လည်း ကြောက်စရာမလို တောင်းနိုင် စံစားနိုင်သည်။ လွတ်လပ်စွာ တင်ပြပြောဆိုနိုင်သည်။ ဥပဒေ အကျိုးခံစားခွင့် အပြည့်အ၀ ရှိသည်။ ကုလသမဂ္ဂမှာ ဒီမိုကရေစီနိုင်ငံများမှ စေလွှတ်သော တပ်မတော်သားများမှာ အကျိုးခံစားခွင့်၊ နစ်နာခွင့်များ ပြည်တွင်းမှာ ထမ်းဆောင်သည်ထက် ပိုမိုအခွင့်အရေး ပေးကြသည်။ သူရဲကောင်းများ သဖွယ် ကြိုဆိုကြသည်။ ပြည်တွင်းမှာ ထမ်းဆောင်ရာတွင်လည်း တာဝန် ကျေနိုင်စေရန် မပူမပင် မကြောင့်မကျ သက်သာချောင်ချိရေး ပြည့်စုံကောင်းမွန်အောင် စီစဉ်ပေးသည်။ သတ်မှတ် စစ်မှုထမ်းချိန် အရွယ်ရောက်သူများ ငြင်းဆိုခဲ့ပါကလည်း မိုဟာမက် အလီ ကဲ့သို့ တိကျစွာ အပြစ်ပေး ထောင်ချခဲ့သည်။

ဘန်ကောက်မြို့ တောင်ဘက် မိုင် ၆၇၄ အကွာမှာ ရှိတဲ့ Yala ပြည်နယ်ရှိ ဆေးရုံမှာ တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း ဒဏ်ရာရလို့ တက်ရောက်ကုသနေတဲ့ ထိုင်းစစ်သားအား ထိုင်းအိမ်ရှေ့ မင်းသား Thai Crown Prince Maha Vajiralongkorn ကိုယ်တိုင် လိုအပ်သည်များ ထောက်ပံ့ချီးမြှင့်နေပုံ

ဒီမိုကရေစီနိုင်ငံတွင် စစ်မှုထမ်းများသည် (စစ်ရေးစစ်ရာ ကိစ္စမှ လွဲ၍) မိမိ၏ အခွင့်အရေးအတွက် မိမိပွင့်လင်းစွာ တင်ပြအရေးဆိုနိုင်သည်။ မတရားမှုများ မခံစားရ။ စစ်ရေးစစ်ရာ မဟုတ်သော ကိစ္စများတွင် ချယ်လှယ်ခြင်း မခံကြရ။ မိမိ ယူနီဖောင်းချွတ်၍ ပြင်ပရောက်လျှင်လည်း ထိုဒီမိုကရေစီ အရသာကို ပြည်သူလူထု တစ်ဦး အနေနှင့် ရရှိခံစားနိုင်သည်။ နယ်ဘက် အာဏာရှင်များ၊ စစ်ဘက်အာဏာရှင်များ မရှိ၍ မျက်နှာငယ်စရာ မလို။ (ဒီမိုကရေစီ မရှိလျှင်တော့ အရင်ဆုံး ရင်ဆိုင်ရမည်မှာ ရယက အာဏာရှင် အငယ်စားလေးများ ဖြစ်သည် မဟုတ်လား) အရာရှိကြီးများ ဖြစ်ခဲ့လျှင်တော့ ဟန့်စား၊ ဟောက်စား နိုင်သေးသည်။ စစ်တပ်ပြင်ပတွင် ရှိသော မိဘဆွေမျိုးများလည်း ဒီမိုကရေစီ အရသာ ခံစားနိုင်သည်။ ပြည်သူ့အာဏာရှိသော ကျင့်စဉ်ဖြစ်၍ ၄င်းတို့လည်း အာဏာရှိသည်။

ချပ်ဝတ်တန်ဆာအပြည့်အစုံ ၀င်ဆင်ထားသော US Special Force တပ်ဖွဲ့ဝင် တစ်ဦးအား M - 79 လောင်ချာတွဲ၊ M -16 ခေတ်မှီ မောင်းပြန် လက်နက်နဲ့အတူ အဆင့်မြင့် ကိရိယာများကို တပ်ဆင်ထားပုံ

ယခု တပ်ပြင်ပတွင် ရှိသော တပ်မတော်သားတို့၏ မိဘဆွေမျိုးသားချင်း၊ အပေါင်းအသင်း မိတ်ဆွေများကို မေးကြည့်ပါ။ ရုံးပြင်ကန္နားဆိုလျှင် မသွားရဲကြ။ မည်သူမှလည်း မသွားချင်။ ဟိုလူကဟောက် ဒီလူက ဟောက် အားလုံးကို ကြောက်နေရ၏။ ယုတ်စွအဆုံး အပေါက်စောင့်ကိုပင် ကြောက်ရ၏။ ဤကိစ္စမှာ ရင်နာစရာ ကောင်းလှ၏။ ၀န်ထမ်းဟူသမျှ ပြည်သူလူထု၏ အခွန်အခများ ရရှိခံစားကြရခြင်း ဖြစ်သည်။ နိုင်ငံတော်အတွက် လုပ်ငန်းဆောင်တာများကို ပြည်သူလူထုက ၄င်းတို့ ကိုယ်စား လုပ်ကိုင်ဆောင်ရွက်နိုင်ရန် တာဝန်ပေး ခံကြရသူများသာ ဖြစ်သည်။ ၀န်ထမ်းများကိုယ်တိုင် ပြည်သူလူထုထဲမှ ပြည်သူပင် ဖြစ်သည်။ မဆလခေတ်၌ပင် ပြည်သူ့ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေး အဖွဲ့ဆိုသည် ရှိခဲ့ပြီး ပြည်သူလူထုအတွက် အကျိုးပြုသော ၀န်ထမ်းကောင်းများ ရရှိရန် ရည်ရွယ်ခဲ့သည်။ “အာဏာရှင် ပေါက်စလေးများ မွေးထုတ်ခြင်း မဟုတ်။” ၀န်ထမ်းဟူသည် ပြည်သူ၏ အစေအပါး၊ ကျွန်သဖွယ် ဖြစ်သည်။

ပြည်သူလူထု၏ သြဇာအာဏာ သက်ရောက်သော လူ့အခွင့်အရေး ပြည့်ဝပြီး လွတ်လပ်မှု ရှိသည့် ဒီမိုကရေစီ နိုင်ငံများ၏ ၀န်ထမ်းများကို တွေ့ကြုံခံစားလျှင် မိမိနိုင်ငံဝန်ထမ်းများနှင့် အီးနှင့် နံ့သာ၊ ရေနှင့် ဆီ ကဲ့သို့ ကွာခြားလှသည်ကို သိမြင်နိုင်သည်။ အစိုးရ ၀န်ထမ်းဆိုသည်များကို တွေ့ပင် မတွေ့ချင်တော့။ “ရဲ” မြင်လျှင် အလိုလို ကြောက်နေရသည်။ ရယက ကိုသာမက အရန်မီးသတ်၊ ကြံ့ဖွံ့ အကုန်ကြောက်နေရသည်။ နေရာတကာ လာဘ်ပေးနေရသည်။ ဧည့်စာရင်းတိုင်ရင်တောင် ငွေပေးရပြီး ဧည့်စာရင်းစစ်ဆိုပြီး ခြင်ထောင်လှန်တာကိုလည်း ခံနေရ၏။သူခိုးက လူဟစ်တယ် ဆိုသလိုဖြစ်နေသည်။ ယုတ်စွအဆုံး ပြည်သူလူထုမှာ အရံရဲဆိုသော ဆိုက်ကား သမားကိုပင် ကြောက်နေရသည့် အခြေအနေဘ၀ ဆိုးကို ဒီကနေ့ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့နေကြရရှာပြီ။ အကြောင်းကိစ္စ ရှိလျှင် ဘယ်သူ့တိုင်၍ ဘယ်သူ့ အားကိုးရမလဲ မသိ။ မိမိသာလျှင် စစ်တပ်အားကိုးဖြင့် တပ်ထဲ၌ ရှိ၍ ပြင်ပ အခြေအနေကို မသိခြင်း ဖြစ်ပေသည်။ မိမိတပ်က ထွက်လျှင်လည်း ကြုံရပေဦးမည်။ ဤသည်မှာ ပြည်သူ့အာဏာ ရှိသော ဒီမိုကရေစီ ကျင့်စဉ် မရှိ၍ ဖြစ်သည်။

ဒီမိုကရေစီအကြောင်း မည်သူမျှ မပြောပြလည်း သိနိုင်သော နည်းလမ်းရှိပါသည်။ ပြည်တွင်း၌ ထုတ်နေကြသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်ရှင်များကို သေချာစွာ ကြည့်ပြီး သုံးသပ်ကြည့်ရင် နိုင်ငံရပ်ခြားနှင့် မိမိနိုင်ငံ ပညာရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ၊ လူကြီးလူကောင်း ဆန်သော လုပ်ရပ်များ စတာတွေကို နှိုင်းယှဉ်ကြည့်ပါ။ မိမိတို့ နိုင်ငံ၏ အစစ အရာရာ ညံ့ဖျင်းနိမ့်ကျပုံများကို တရေးရေး သိလာရပေလိမ့်မည်။

2 comments:

sin wa gam said...

I appreciate you for this massage. In the news group you only can mansion about burmese army. you give us good knowledge.

Zaw Latt
New Delhi,India

Henry Cheng (郑 国 锋) said...

မှန်လိုက်လေ၊ ဗိုလ်မှုးကျော်ကျော်ခိုင်ရယ်။
တပ်မတော်သားတွေကိုများများရှင်းပြပေးပါ။
ဒီမိုကရေစီဆိုတာ လူတိုင်းအတွက်ပါ။
နိုင်ငံသားတိုင်းအတွက်ပါ၊
တပ်မတော်သားတွေဟာလည်း နိုင်ငံသားတွေပါဘဲ။
ဒီမိုကရေစီနဲ့ စစ်တပ်ဟာ ရန်သူတွေ မဟုတ်သလို
ပြည်သူ နဲ့ စစ်သားဟာ လည်း ရန်သူတွေ မဟုတ်ပါဘူး။
ကျွှန်တော် စစ်တပ်ကို မမုန်းပါ။