.

.

.

January 27, 2009

မြန်မာ့မြေမှ တိုင်းရင်းသား ညီအကို မောင်နှမများ

၁၃၅
စာဖတ်သူများခင်ဗျား-

ပင်တိုင် ဆောင်းပါးရှင် ဆရာဂါမဏိက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး နအဖက ကြေညာထားချက် အပေါ်တွင် အချက်အလက် အထောက်အထားများဖြင့် မှားယွင်းနေကြောင်း ထောက်ပြ ရှင်းလင်းထားတဲ့ ဆောင်းပါးတစ်ပုဒ် ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ဆရာဂါမဏိကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ စာဖတ်ပရိသတ်များအတွက် ဗဟုသုတ ရရှိစေဖို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ် ခင်ဗျား။

နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဦးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာတစ်ခု တစ်ယောက် စသဖြင့် သုံးစွဲရေး၊ ဗိုလ်စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုး၊ ဗိုလ်ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ ပုံတောင် ပုံညာက-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်းသား ၁၃၅ မျိုး တကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။

ပထဆုံး ကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖက ကချင် ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုး ထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ် တော့ ကချင်ဆိုတာ အားလုံးကိုòခံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေ ချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်းနဲ့ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။နအဖရဲ့ ကယားလူမျိုးစာရင်းထဲမှာ လူမျိုး ၉မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း၊ (ပဒေါင်)၊ ကဲ့ခို၊ ယင်းဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ အမည်ကွဲတွေ သို့မဟုတ် မျိုးနွယ်ကွဲတွေ သာဖြစ်လို့ နအဖပြောတဲ့ ၉ မျိုးဟာ လက်တွေ့မှာ ၅ မျိုးဘဲဖြစ်သွားပါတယ်။ ဂေဘားလူမျိုး ကတော့ ဘွဲကရင်ထဲမှာ ပါဝင်ပါတယ်။
နအဖရဲ့ကရင်လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့ နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကိုလွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုး ကသတ်သတ်၊ စကော၊ ပိုး၊ ဘွဲ စတဲ့လူမျိုး ကသတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။ လူမျိုးတွေဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာ လုပ်လိုက်တာ တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရလုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့ စရာ ဖြစ်ကုန်ပါတယ်။ ကရင်လူမျိုးဟာ ၃ မျိုးဘဲရှိပါတယ်။ ပကူး၊ တလှေပွား၊ မောနေပွား ဆိုတာတွေဟာ စကော ကရင် မျိုးနွယ်ကွဲတွေဖြစ်သလို ကရင်ဖြူ၊ ပလေကီး ကတော့ ဘွဲကရင်ရဲ့ အမည်ကွဲနဲ့ မျိုးနွယ်ကွဲသာဖြစ်ပါတယ်။ မိုးပွား နဲ့ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာမဟုတ်ဘဲ ခရစ်ယန်ဘာသာ ဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ် လုပ်မှုကို ထင်ရှားနေစေပါတယ်။

ကယား၊ ကယန်း လူမျိုးများဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်လူမျိုး ဖြစ်ပေမဲ့ မျက်မှောက်ကာလမှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ကယားလူမျိုးထဲထည့်ထားတဲ့ ဂေဘားလူမျိုးကလည်း ဘွဲကရင်ဘဲ ဖြစ်ပါတယ်၊ သီးခြားလူမျိုးအမှတ်အသားလက္ခဏာ ခံယူတဲ့ အနေအထားမရှိသေးဘဲ ဘွဲကရင်မျိုးနွယ်ကွဲ အမှတ်အသား လဏ္ခာကိုသာ ခံယူနေဆဲဖြစ်ပါတယ်။ ပအိုဝ်း လူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင် ဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။

နအဖ စာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်းလူမျိုး ၅၃ မျိုး ပြထားတာပါဘဲ။ ထုံးစံအတိုင်း ချင်း ဆိုတဲ့နံမည် နဲ့ လူမျိုးတမျိုးလည်း ပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ Identity မသတ် မှတ်နိုင်တဲ့ နာဂ၊ မဏိပူရနွယ်ဘွားကသည်း နဲ့ နီပေါနွယ်ဘွားလင်းဘု ကိုလည်းထည့်ထားတယ်။ ဒီကနေ့ ချင်း နိုင်ငံ ရေးပါတီတွေနဲ့ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းလူမျိုး ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race/ Tribe မဟုတ်တဲ့ မျိုးနွယ်စု/ဆွေမျိုးစု Clan ၊ စကားဝဲအစု Dialact တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက် ရင် အခုလိုတွေ့ရပါတယ်။

ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးလူမျိုးဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးအဖြစ် ရပ်တည်ပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားလူမျိုးအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင်လူမျိုး ထဲထည့်မထားရင် ချင်း ၅၅မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁ဝဝ နားကပ်သွားနိုင်ပါတယ်။ နာဂလူမျိုးကိုတော့ ချင်းလူမျိုးထဲ သတ်မှတ် ထည့်သွင်းလို့ မရဘဲ သီးခြား မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးတမျိုးအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ နအဖရဲ့ ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက်များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသားအရေအတွက်” ၃ဝဝ ကျော်သွား နိုင်ပါတယ်။

နအဖက ဗမာလူမျိုးစုအရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြားလူမျိုးတွေအဖြစ် ပြထားတယ်။ စကားဝဲ Dialect အစုကွဲသာဖြစ်တယ်လို့ မနုဿဗေဒပညာရှင်များနဲ့ ဘာသာ ဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ အခုအချိန်ထိတော့ ဒီအစုတွေဟာ သီးခြား လူမျိုး သရုပ်လက္ခ ဏာနဲ့ ရပ်တည်ချင်စိတ်ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြား သရုပ် လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင်ပါတယ်။ နအဖဟာ ရှမ်းပြည်က သီးခြား ဗမာလူမျိုးစု အနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားပါတယ်။ ကဒူးနဲ့ ကနန်းကိုလည်း ခွဲပြထားသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲက ဖွန်းလူမျိုးနဲ့ တိဘက်-မြန်မာအနွယ် မဟုတ်တဲ့ ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒ အသိ နုံ့နဲ့ရာ ကျပါတယ်။ စစ်ကိုင်းတိုင်း ထဲက နာဂတွေကျတော့ ချင်းလူမျိုးထဲထည့်ထားပေမဲ့ ကချင်ပြည်နယ်ထဲက ကဒူး ကနန်းတွေ ကိုတော့ ဗမာလူမျိုးထဲ ထည့်ထားတယ်။

နအဖဟာ မွန်ကိုတော့ တမျိုးထဲပဲပြထားပြီး တခြားမွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲထည့်ပြထားပါတယ်။


ရခိုင်လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပြီး နအဖရဲ့ ချင်း ၅၃ မျိုးဆိုတဲ့အထဲပါပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို့ ဟာ သီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ တမျိုး တည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။

နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ ဗမာမျိုးနွယ်တွေ၊ တခြား တိဘက်ဗမာမျိုးနွယ်တွေ၊ မွန်ခမာ မျိုးနွယ်တွေစသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလီ၊ တိုင်းလျန် (ရှမ်းနီ) နဲ့ ဒရယ် ကိုချန်ထားတယ်။ တိုင်း (ရှမ်း) လူမျိုးတွေဟာ သီးခြားလူမျိုးတွေအဖြစ် သရုပ်လက္ခဏာ ခံယူမလား၊ တိုင်းလူမျိုးကြီးထဲက မျိုးနွယ်ကွဲ၊ စကားဝဲ အစုကွဲတွေအဖြစ်သာ ခံယူမလား ဆိုတာတော့ ဆက်လက်ဖော်ထုတ်ရအုံးမှာ ဖြစ်ပါတယ်။

အင်၊ စုံ၊ ဝ နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် တမျိုးတည်း ဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) နဲ့ အိုက်ဆွယ် တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်း ထိစပ်နေလို့ ယူနန်တရုတ် လူမျိုးကို ဗမာပြည်ရဲ့ တိုင်းရင်းသား ကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ထားတာ တွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း)၊ တိုင်းလျမ် (ယူနန်) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာ တွေ့ရတယ်။ ချင်းပြည်ဘက်မှာလည်း ကသည်း (မဏိပူရ) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသား သတ်မှတ်ထားပေမဲ့ အလားတူ ဗမာပြည်နယ်နိမိတ်ထဲ နေထိုင်နေတဲ့ တိုင်းလိ (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသားအဖြစ် ဖော်ပြထားတာ မတွေ့ရပါဘူး။

ဒါကို ချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာမှာ ၇၆ မျိုးဟာ စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာဖြစ်နေပြီး (၅၉) မျိုးသာ တကယ်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၅၉ မျိုးသာရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ တိဘက်၊ ဂေါ်ရခါး၊ တိုင်းလျန်၊ တိုင်းလိ၊ တိုင်းနူ၊ ဒရယ်၊ မလေး-ပသျှူး၊ ဗမာမူဆလင်၊ စစ်တကောင်းသားဘင်္ဂါလီ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့လူမျိုးတချို့ ရှိပါသေးတယ်။ ဒီထဲမှာ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ ခမူတို့ဟာ မျိုးတုံးလုဆဲဆဲ၊ သို့မဟုတ် လူဦးရေရာ ဂဏန်းလေးသာရှိတဲ့ လူမျိုးတွေဖြစ်ပါ တယ်။ ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ်ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ မျိုးနွယ်ကွဲတွေ ရှိနိုင်ပါသေးတယ်။ ရှမ်းလူမျိုးကွဲ တွေထဲက သီးခြား လက္ခဏာ အမှတ်အသား မခံယူလိုတာရှိရင် ဒီထက် အရေအတွက် လျော့နိုင်ပါတယ်။ ဒါကြောင့် ဗမာပြည်မှာ တိုင်းရင်းသား လူမျိုး အရေအတွက်ဟာ ဘယ်လိုနည်းနဲ့မှ ၇ဝ မကျော်ပါဘူး။ ဒါပေမဲ့ နအဖ ဟာ စစ်အာဏာရှင်စနစ်ကျင့်သုံးပြီး တိုင်းပြည် အာဏာကို လက်ဝါးကြီးအုပ်ထားချင်တော့ လူမျိုး ၁၃၅ မျိုး ရှိနေတဲ့ အတွက် ပြည်ထောင်စု မပြိုကွဲရအောင် သူတို့ထိန်းမှ ဖြစ်မယ်ဆိုပြီး လိမ်ညာနေတာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းရင်းသား လူမျိုး အရေအတွက် ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာဏာရှင်စနစ် ထူထောင်မှာပါဘဲ။ ဒါ့ကြောင့် နအဖစကား၊ နအဖစာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာ မရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့ နိုင်ငံထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည်အချင်း မရှိဘူး ဆိုတာကို နအဖရဲ့ ၁၃၅ မျိုး စာရင်းက သက်သေခံနေပါတယ်။

2 comments:

Khumi said...

အခုလို ဝေဖန်ရေးသားပေးတဲ့ အတွက် ကျေှးဇူး တင်ပါတယ်. နအဖ ကမှားယွင်းရေးလို့ ဝေဖန်တယ်. ဝေဖန်တဲ့သူကလည်း မှားယွင်းရေးတယ်. ဘယ်သူရေးတာကိုယုံရမှာလည်း။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုစိတ်ဝင်စားရင် တိုင်းရင်းသားအကြောင်း, တိုင်းရင်းသားအမည်တွေကိုတော့ သိအောင်လုပ်သင့်တယ်ထင်ပါတယ်။

Khumi said...

Try to know about race and tribe's name if you want to criticize Junta's one. if not sure, Junta is right or u r right. I think both are not right. learn it very well