.

.

.

January 28, 2009

လွတ်လပ်မှု အသေအချာ နှစ်သစ်ကူး နွေမှာ

“ မျိုးစေ့မှန်မှ အပင်သန်မည်”

ဆောင်းပါးရှင် - Lt.Comet (ခ) တရုတ်မ (MAI)

စာဖတ်ပရိသတ်များခင်ဗျား

ဒီကနေ့တော့ ပင်တိုင်ဆောင်းပါးရှင် Lt.Comet (ခ) တရုတ်မ ရဲ့  တင်ပြချက်ကို ဖေါ်ပြပေးလိုက်ပါတယ်။ Lt.Comet (ခ) တရုတ်မ ဟာ မေမြို့ စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိတစ်ဦး ဖြစ်ကာ အဆင့်မြင့် သင်တန်းများသို့ ရွေးချယ်စေလွှတ် ခံရသူ ဖြစ်ပါတယ်။ ကျောင်းဆင်းဆင်းချင်း ခြေလျင်တပ်ရင်းများတွင် သာမန်အရာရှိများကဲ့သို့ ကြာမြင့်စွာ မနေရဘဲ အဆင့်မြင့် သင်တန်းများသို့ တက်ရောက်ဖို့ ရွေးချယ်ခံရသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သင်တန်း တက်နေစဉ် အချိန်တွင် တပ်မတော်ရဲ့  ယိုယွင်းပျက်စီးနေမှု အပေါ် စိတ်ပျက်ကာ တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒပြင်းပြသူ ဖြစ်ပါတယ်။ ယခုလို ပေးပို့လာတဲ့ တပ်မတော် အရာရှိ Lt.Comet (ခ) တရုတ်မ အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

စစ်တပ်ကို အသုံးချကာ ခါးပိုက်ဆောင်တပ် လုပ်ပြီး အုပ်ချုပ်နေတဲ့ နအဖဟာ ဘယ်လောက်တောင် ဆိုးဝါးသလဲ ဆိုတာတွေကို ကျွန်တော် တရုတ်မက ပြောပြပါ့မယ်။ မိမိနိုင်ငံကို ခေတ်မှီ တိုးတက်အောင် လုပ်ဆောင်ပေးနေတယ် ဆိုတာတွေက အပြောမှာတော့ မှန်သလိုရှိပါတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ နအဖက သူ့အကျိုးကို မျှော်ပြီးတော့ လမ်းတွေ ဖောက် တံတားတွေ ဆောက်နေတာပါ။ ဘာလို့ အဲဒီလိုပြောရလဲဆိုတော့ မြန်မာပြည်သူတွေ စဉ်းစားကြည့်ပါ။ အခုဆိုရင် မြ၀တီနဲ့ မော်လမြိုင် ကားလမ်းက စီးပွားရေး သမားတွေ အတွက် အရမ်းကို အရေးပါတဲ့ လမ်းပါ။ အဲဒီလမ်းက ကောင်းသလား စဉ်းစားကြည့်ပါ။ အဲဒီလို မေးလိုက်တော့ နအဖ အစိုးရက ပြောမယ်။ တောင်တွေနဲ့ လမ်းကို ဘယ်လို လုပ်ပြီးတော့ ဖောက်ပေးလို့ ရမလဲဆိုပြီးတော့ ပြောပါလိမ့်မယ်။ နအဖဆိုတဲ့ စစ်တပ်က လူကြီးတွေ အားလုံးဟာ အကျိုးအမြတ် ကြည့်ပြီးတော့ လမ်းတွေ ဖောက် တံတားတွေ ဆောက်နေတာတွေကို ပြည်သူတွေ သိစေချင်တဲ့ စေတနာနဲ့ပါ။ နအဖကို ၀င်ငွေတွေ ကောင်းကောင်းပေးနေတဲ့ ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က လမ်းတွေဆိုရင် ကောင်းသလား... စဉ်းစားကြည့်ပါ။ လမ်းတွေ ဖောက်နေတဲ့ နေရာတွေဟာ ဘယ်လိုနေရာတွေကို လမ်းတွေ ဖောက်ပေးနေတာလဲ။ မြန်မာနိုင်ငံမှာ ရှိတဲ့ သယံဇာတတွေကို သူတို့ အလျှင်အမြန်ထုတ်ရောင်းလို့ ရအောင်လို့သာ အဲဒီလို လမ်းတွေကိုသာ နအဖက ကောင်းကောင်းလေး ဖောက်ပေးနေတာပါ။ လမ်းတွေဖေါက် တံတားတွေဆောက်တဲ့ အဲဒီ နအဖ၀န်ကြီးတွေကလည်း တသက်စား မကုန်အောင် မြိုးမြိုးမြက်မြက်ကလေး ရလိုက်ပေမဲ့ ပြည်သူတွေခမျာမှာတော့ လမ်း၊တံတားဖြတ်ခ မတန်တဆ ပေးရလို့၊ ညဖက်မဖြတ်ရလို့ ဖြတ်မှရတဲ့ ပုပ်ကုန်ပစ္စည်းတွေမို့ သာသာထိုးထိုးပေးကမ်းရလို့ စတဲ့ အခက်အခဲတွေနဲ့ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေး ဆိုတာလိုဖြစ်နေပါတယ်။

ပြီးတော့ စစ်အာဏာရှင်တွေဟာ မြန်မာနိုင်ငံမှာ ထွက်တဲ့ တွင်းထွက်တွေကို မိမိအိမ်က ပစ္စည်းကို ခိုးပြီး မှောင်ခို ဈေးကွက်မှာ သွားရောင်းနေသလိုဘဲ မိမိအိမ်က ပစ္စည်းက မှန်ပါတယ်။ ဒါပေမဲ့ အိမ်ထဲက ပစ္စည်းဆိုတော့ အိမ်သူအိမ်သားတွေနဲ့ လည်းဆိုင်တယ်လေ။ အဲဒီတော့ အိမ်သူအိမ်သားတွေ မသိအောင်ခိုးရောင်းရတော့ ပွဲစားဆိုတာ ထွက်လာတာပေါ့။ ပွဲစားကိုတော့ ဦးတေဇ ဆိုတဲ့ ကောင်က လုပ်ပေးပြီးတော့ အိမ်ထဲမှာ ရှိသမျှ ပစ္စည်းတွေကို မှောင်ခိုဈေးကွက်ထဲရောက်အောင်လို့ တရုတ်ကြီး အ၀ယ်ဒိုင်မှာ သွားရောင်းပေးပါတယ်။ တရုတ်ကြီးကလည်း မှောင်ခိုရတဲ့ ပစ္စည်းတွေကို ပြန်ပြီး ပြုပြင်ပြီးတော့ ဆိုင်တွေ ပေါ်တင်ပြီး သူ့ပစ္စည်းလို လုပ်တော့တာဘဲ။ အဲဒီတော့ ဘယ်သူတွေ နစ်နာလဲ။ အိမ်သူအိမ်သား ဖြစ်တဲ့ ပြည်သူဘဲ နစ်နာတာပေါ့။ ဘာလို့လဲဆိုတော့ အဲဒီက ရတဲ့ ငွေတွေဟာ နိုင်ငံမှာ ရှိတဲ့ အခြား အခြားသော ကိစ္စတွေမှာ အသုံးပြုရမှာကို အသုံးမပြုဘဲ စစ်အာဏာရှင်တွေရဲ့ အိတ်ကဒ်ထဲကို ရောက်သွားတော့ ကောင်းလား။

စစ်အာဏာရှင်တွေဟာ မိမိရာထူးတွေ မိမိထိုင်ခုံတည်တံ့ဖို့တွေကိုဘဲ ကြည့်ပြီးတော့ စစ်အင်အားတွေ မလိုဘဲ တိုးချဲ့နေတာတွေဟာလည်း မကောင်းပါဘူး။ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ ပညာရေးအတွက် အသုံးစရိတ် နဲ့အခြားအခြားသော အသုံးစရိတ်တွေကို မဖြစ်စလောက် နည်းနည်းလေးဘဲ သုံးထားပါတယ်။ သုံးတယ်သာပြောတာပါ။ တကယ်တော့ အဲဒီအသုံးပြုဖို့ ချပေးလိုက်တဲ့ ငွေတွေ အားလုံးဟာလည်း ၀န်ကြီးတွေနဲ့ သူ့ရဲ့ အပေါင်းအပါတွေရဲ့ အိတ်ကဒ်ထဲကိုဘဲ တရားဝင်ငွေလို ၀င်သွားတာဖြစ်ပါတယ်။ ဒါကို ဘယ်သူ ငြင်းမလဲ။

ပြည်သူတစ်ယောက် မြန်မာနိုင်ငံမှာ ဆေးရုံတက်ရင် ဆေးထိုးအပ်က စပြီး အစစ အရာအရာ အားလုံးကို မိမိငွေနဲ့ သာဝယ်ရပါတယ်။ အဲ့ဒီတော့ သူတို့တွေ ပြောပြောနေတဲ့ နိုင်ငံတော်က ကျန်းမာရေး အတွက် အသုံးပြုတယ် ဆိုတဲ့ငွေတွေက ဘယ်မှာသွားသုံးနေတာလဲ။ ၀န်ကြီးရဲ့သားသမီးတွေ နိုက်ကလပ်တက်ဖို့ သုံးတာလား။ ဒါမှမဟုတ်ရင် ၀န်ကြီး ကတော်တွေ အလှအပ ပြိုင်တဲ့နေရာမှာ သုံးတာလား။ ဘယ်နေရာမှာ သုံးတာလဲ... အားလုံးသိကြပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပြောမယ်ဆိုရင် ရင်လေးစရာပါဘဲ။ အခုအချိန်မှာ နအဖကို ပြည်သူတွေက မကျေနပ်လို့ အသေခံပြီး တိုက်ခိုက် ဖြုတ်ချလိုက်ရင်တောင်မှ မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ဖို့ အရမ်းကိုနောက်ကျနေ ပါသေးတယ်။ ပြီးတော့ နအဖရဲ့ သွေးခွဲအုပ်ချုပ်မှုအောက်မှာ တိုင်းရင်းသားတွေလဲ အစိတ်စိတ် အမွှာမွှာ ကွဲနေပါတယ်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက စေတနာနဲ့ တိုင်းရင်းသားတွေ စည်းစည်းလုံးလုံးဖြစ်အောင် လုပ်ခဲ့ပေမဲ့ မ၀တ၊ နအဖ စတဲ့ ခေတ် အဆက်ဆက် တိုင်းပြည်ကို နစ်မွန်းအောင်လုပ်ခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ စေတနာ အမွဲတွေကြောင့် အခုဆိုရင် စစ်အာဏာရူးတွေက တိုင်းရင်းသားတွေကို သွေးခွဲရုံတင်မကဘူး. ပြည်သူတွေကိုပါ သွေးခွဲနေတာတွေကို ပြည်သူတွေက မသိဘူးဖြစ်နေပါတယ်။ အခု ပြည်သူမှာ ၂ ပိုင်း ၃ ပိုင်းလောက်တောင် ကွဲနေပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးလို့ခေါ်တဲ့ အဖွဲ့အစည်းကို ၀င်ရင် မိမိနေထိုင်ရာ ရပ်ကွက်မှာ ရပ်ကွက်လူကြီးလုပ်လို့ ရပါတယ်။ ပြီးတော့ စွမ်းအားရှင်လို့ ခေါ်တဲ့ တရားဝင် လူမိုက်အဖွဲ့အစည်းကတော့ ရပ်ကွက်လူကြီးတွေနဲ့ အတူ မကောင်းတာတွေ လက်တွဲလုပ်ဖို့ကို ထူထောင်ပေးထားတဲ့ အဖွဲ့အစည်း ဖြစ်နေပါတယ်။ အဲဒီလူတွေဟာလူထု အကျိုးဘာလုပ်တာတွေ့လဲ။ မိုက်ကြေးခွဲတဲ့ နေရာမှာတော့ နာဂစ်ဒုက္ခသည်တောင် မရှောင်ဘူး။ ရသမျှ အကုန် ဗုန်းဖို့ဘဲ ချောင်းနေတယ်။အဖေ့ခြေရာ ဆိုတာ ဒါမှအစစ်ပေါ့။

ပြီးတော့ အခုလိုမျိုးတွေ နအဖက ဖွဲ့စည်းပေးလိုက်တော့ ဘာတွေ ဖြစ်လာလဲ။ ပြည်သူတွေ ကြားထဲမှာ သွေးကွဲမှုတွေ ဖြစ်လာတာပေါ့။ အဲဒီလောက်တောင် အောက်တန်းကျလှတဲ့ နအဖ စစ်အာဏာရူး လက်တ၀ါးစာကို ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံး ၀ိုင်းဝန်းတွန်းလှန် ဖြုတ်ချဖို့ လိုတယ်ဆိုတာကို ပြည်သူတွေ အားလုံး သိမယ်ဆိုရင် ကျွန်တော်တို့တတွေ မြန်မာနှစ်ကူးပြီးတာနဲ့ အင်နဲ့အားနဲ့ တိုက်ခိုက်လိုက် ကြတာပေါ့။ ပြည်သူတွေ ဘက်ကလည်း စိတ်မပူပါနဲ့၊ဒီတစ်ခေါက် ဖြစ်ရင် အတိုက်အခံတွေ ဘက်ကလည်း လက်နက်နဲ့ ပြန်လည်ပြီး ပြည်သူတွေဘက် ကနေ ရပ်တည်ပေးဖို့ လိုမယ်ဆိုတာကို သိရှိမယ်ဆိုရင် ပြည်သူတွေ အနေနဲ့ နအဖကို ဆန့်ကျင်ဖို့ ဆန္ဒ ရှိမယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနှစ်သစ်ကူးပြီးတာနဲ့ အားလုံးသော ပြည်သူတွေ စည်းစည်းလုံးလုံးနဲ့ နအဖ ပြုတ်ကျရေးကို ပါဝင်ဖို့ ကျွန်တော် တရုတ်မက လက်တွဲခေါ်ပါတယ်။

“တရုတ် ကုလား အားကိုး အာဏာသူခိုး၊ လူထုဆန္ဒ မကြည့်ချင်သူတွေကို တိုက်ခိုက်ကြ”


No comments: