.

.

.

February 1, 2009

မနေ့က တပ်မတော်နဲ့ ဒီနေ့ တပ်မတော် - အပိုင်း (၅)

အပေါ်ဖါး အောက်ဖိ၊ ကြီးနိုင်ငယ်ညှင်း၊ ရဲဘော်ရဲဘက်စိတ် ကင်းတဲ့ စစ်အာဏာရှင်တစ်ဦး - အပိုင်း(၂)

ဆောင်းပါးရှင် - ဒုဗိုလ်မှူးကြီး အေးမြင့်

စာဖတ်သူများ ခင်ဗျား-

အဘဦးအေးမြင့် တွေ့ဆုံခဲ့ရတဲ့ လူ့ဘီလူး စစ်အာဏာရှင်ကြီး ဒုဗိုလ်မှူးကြီး စိန်အောင်ရဲ့  ကြမ်းတမ်း ခက်ထန်ပုံ ကိုယ်တွေ့ ဖြစ်စဉ်ကို ဒီကနေ့ တင်ပြလိုက်ပါတယ်။ ယခုလို ဖေါ်ပြခွင့်ပြုတဲ့ အဘဦးအေးမြင့်အား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင် ရှိပါကြောင်းနဲ့ စာဖတ် သူများအား ပိုမို ပြည့်စုံစွာ သိရှိစေဖို့ အဘအား ဂါရ၀ တရား ရှေ့ထားကာ တင်ပြလာတဲ့ စစ်ဖက်နီးစပ်သူများရဲ့ ဖြည့်စွက်ချက်နဲ့အတူ တင်ပြ ပေးလိုက်ပါတယ် ခင်ဗျား။

ဗိုလ်စိန်အောင်ဟာ OTS အပတ်စဉ် (၉) ကျောင်းဆင်း ဖြစ်ပြီး ဗိုလ်သန်းရွှေနဲ့ တပါတ်စဉ်ထဲဖြစ်ပါတယ်။ ဦးအေးကိုရဲ့  တပည့်ပီသစွာ အဖားကောင်းလွန်းလို့ တက်လာခဲ့သူ ဖြစ်ပါတယ်။ န၀တ တက်ခါစ ဗိုလ်စိန်အောင် ကစထမှူး ဖြစ်နေချိန်မှာ ရပခ တိုင်းမှူး ဗိုလ်မောင်အေးကို နှိပ်ကွပ်ခဲ့ရာ သမိုင်း တစ်ပါတ်လည်ပြီး ဗိုလ်မောင်အေးက ဒုချူပ်ဖြစ်လာချိန်မှာတော့ စက်မှု (၁) ၀န်ကြီးဖြစ်နေတဲ့ ဗိုလ်စိန်အောင်အား ကြံခင်း ဘိလပ်မြေ စက်ရုံ စစ်ဆေးမယ်ဆိုကာ နှိပ်ကွပ်လိုက်ပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်း ကာလပြီးတော့ ဗိုလ်စိန်အောင်ဟာ စက်မှု (၁) ၀န်ထမ်းများအား လူထု အရေးတော်ပုံကြီးမှာ ပါဝင်ဆောင်ရွက်မှု ရှိ မရှိ စစ်ဆေးတဲ့ မေးခွန်းလွှာများကို ဖြေကြားစေခဲ့ပါတယ်။ မေးခွန်းများရဲ့ ဖြေကြားလွှာများ အပေါ် ဂဃဏန မစုံစမ်း မစစ်ဆေးတော့ဘဲ ထင်သလို ဖြုတ်ပစ်ခဲ့ရာ ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ၀န်ထမ်းများ၊ များစွာ ဘ၀ပျက်ခဲ့ရပါတယ်။ စက်မှု (၁) ၀န်ကြီးဟောင်း ဦးတင့်ဆွေကတောင် “ကိုစိန်အောင် အရမ်း မလုပ်ပါနဲ့၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးပါ၊ စက်မှု (၁) ခါးဆက် ပြတ်သွားလိမ့်မယ်” လို့ သတိပေးကာမှ ရပ်သွားခဲ့ပါတယ်။ သူ့ PA ဗိုလ်ကြီး တစ်ဦးကို စာရွက်စာတမ်း ကျန်ရစ်ခဲ့လို့ ဆိုပြီး ဆဲဆို ကြိမ်းမောင်း၊ ကားပေါ်မှ မောင်းချခဲ့ရာ PA ဗိုလ်ကြီးခမျာ လမ်းဘေးမှာ ငုတ်တုတ် ကျန်ခဲ့ရတဲ့အထိ ကြမ်းတမ်းခက်ထန်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့  လက်သီးကို အသုံးပြုပြီး ထိုးကြိတ်ရာမှာ လက်မြန်တဲ့ ဘီလူးကြီးအဖြစ်နဲ့ တပ်တွင်းမှာရော စက်မှု(၁) မှာပါ နံမည်ကြီးတဲ့သူ ဖြစ်ပါတယ်။ ဦးဆောင် ညွှန်ကြားရေးမှူးမှ အစ အောက်ခြေ၀န်ထမ်းအထိ သူ့ကို ကြောက်ရွံ့ ပုံကိုပြောရရင် အတွင်းရေးမှူး(၁) (၂) တို့က နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ လိုအပ်တဲ့ စက်မှု(၁)ထုတ် ပစ္စည်းများကိုဖြည့်ဆည်းခိုင်း ရာ မဖြစ်မနေ ပေးလိုက်ရလို့ အစည်းအဝေးက ပြန်လာတဲ့ အခါမှာတော့ မဆီမဆိုင် ၀န်ကြီး ဗိုလ်စိန်အောင်က လက်အောက် ၀န်ထမ်းတွေကို ကြိမ်းမောင်း အော်ငေါက် ပစ်တင်ပါတယ်။ ဒါ့အပြင်သူ့ရုံးခန်းထဲကိုဝင်တိုင်း နီးရာပစ္စည်းနဲ့ ဒေါသတကြီး ကောက်ပေါက်တတ်လို့ ဝေးဝေးမှ စိုးရွံ့စွာနေရခြင်း၊ စက်ရုံဂိုဒေါင်တွေ စစ်ဆေးရာ ဘ၀င်မကျလို့ ဗိုလ်စိန်အောင် အနားကပ်လိုက်မိတဲ့ ပညာရှင်တစ်ဦးဟာ ပိတ်ကန်ခံရပြီး ဖင်ထိုင်ရက်လဲကာ နံရိုးအက်သွားခြင်း စသဖြင့် ကြမ်းတမ်း မောက်မာ မိုက်ရိုင်းပုံကတော့ စံတင်လောက်သူဖြစ်ပါတယ်။

အဲဒီလို လူနဲ့ အဘဦးအေးမြင့်တို့ တွေ့ဆုံခဲ့ပုံကို ဆက်လက် ဖတ်ရှူကြပါ ခင်ဗျား။

ကျွန်တော်နဲ့ သူကလည်း စစ်ရေးပြပွဲကျမှ ဆုံရ တွေ့ရ သိရတာကိုး။ ကျွန်တော့် အကြောင်းကို သူ မသိရှာပါဘူး။ သူ မိုက်ရိုင်းမှုကိုတော့ဆရာသမား တချို့ က ပြောပြလို့ တစွန်းတစ သိထားပါတယ်။ သူ့ စောက်ကျင့်က သူ့ကို ကြောက်တတ်သူကို ဖြဲခြောက်ပြီး ဖိဟောက်တတ်သတဲ့။ ကျွန်တော်က ကြက်ခေါင်းဆိတ်မခံ ဂျစ်ကန်ကန် လုပ်တတ်တာကို သူရိပ်စားမိပြီး နောက်ပိုင်းမှာ မဟောက်ရဲတော့ပါဘူး။ လူရှေ့  သူရှေ့ ဆိုရင် သူပိုလို့ သတိထားပြီး အမိန့်ပေးတဲ့ ပုံစံနဲ့သာ ပြောဆိုဆက်ဆံလာပါတယ်။ မှားရင်တော့ ပိုင်နိုင်စွာ တွယ်မယ့်ပုံစံမျိုး ပေါ့ဗျာ။ ကျွန်တော်ကလည်း စစ်သားပီပီ စည်းကမ်းနဲ့ အညီ သာ လိုက်နာ ကျင့်ကြံတယ်။ ကြိုးစားပြီး အမှား မရှိအောင် သတိနဲ့ ထိန်းတယ်။ အကြီးအကဲ တစ်ဦးမို့ အမိန့်ကို မလွန်ဆန်ဘူး နာခံတယ်။ ရောရော ၀င်ဝင် ခင်မင်တဲ့ အရိပ်လက္ခဏာတော့ လုံးဝ မပြဘူး။ ခပ်တင်းတင်း မျက်နှာထား တပြားသားမျှ မလျှော့ဘူး ၊မာန်ကို လုံးဝ မချဘူး။

မတ်လ ၂၇ ရက်နေ့ စစ်ရေးပြပွဲကျတော့ သူက မျက်နှာချို သွေးပြီး တော်လှန်ရေး ပန်းခြံ လှုပ်ရှားမှု အမိန့်စဉ်များကို သူမမှားအောင် သူ့နောက်မှ တိုးတိုး တစ်ခုချင်း သတိပေးဖို့ ပြောလာပါတော့တယ်။ ခဏခဏ မှားမှုကြောင့် သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့တဲ့ သဘောပေါ့ဗျာ။ ကျွန်တော်ကလည်း မိုင်ဒါကွင်း လှုပ်ရှားမှု အမိန့်စဉ် မမှားဖို့သာ ကျွန်တော့်မှာ တာဝန်ရှိတယ်၊ မမှားစေရန် ကျွန်တော် လေ့ကျင့်မှတ်သားထားတယ်။ တော်လှန်ရေး ပန်းခြံ အမိန့်စဉ်နဲ့ လှုပ်ရှားမှုဟာ စစ်ရေးပြမှူးကြီးရဲ့  တာဝန်သာ ဖြစ်ပါတယ်။ ကျွန်တော့် တာဝန် ကျွန်တော် ကျေအောင်ပဲ လုပ်မယ်။ စစ်ရေးပြမှူးကြီးလည်း ကိုယ့်တာဝန်ကိုယ် ကျေအောင် လုပ်ပါ။ စစ်ရေးပြမှူးကြီးရဲ့  အမိန့်စဉ်ကို ကျွန်တော် မကျက်နိုင်ပါဘူး။ သတိလည်း မပေးနိုင်ဘူး။ ကျွန်တော့်ကို တရားခံ မရှာပါနဲ့။ ကိုယ်မှား ကိုယ်ခံ၊ ကိုယ့်တာဝန်နဲ့ ကိုယ် လုပ်သွားမှာပဲလို့ ပြတ်ပြတ်ပဲ ပြန်ပြောခဲ့တယ်။ ဒါကို ဒုဗိုလ်မှူးကြီး သူရတင်ဖေနဲ့ စစ်ရေးပြ နည်းပြအဖွဲ့ကိုပါ တိုင်တည်ပြီး တင်ပြခဲ့ပါတယ်။ ဗိုလ်မှူးကြီး တင်ဖေတို့ အဖွဲ့ကလည်း စစ်ရေးပြမှူးကြီး အပိုင်းနဲ့ စစ်ရေးပြ တပ်ရေး အပိုင်း (၂) ပိုင်းမှာ မှားခဲ့ရင် တာဝန်ရှိသူများကိုသာ အရေးယူမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

တကယ့်နေ့မှာ အမှားအယွင်းမရှိ ပြေလည်အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။ ကျွန်တော့်ကို ကိုင်လို့ ဟောက်လို့ မရတော့ အလံကိုင် အရာရှိများ တပ်ဖွဲ့ဘက်ကို စစ်ရေးပြမှူးကြီးဟာ ဦးလှည့်သွားခဲ့ပါတယ်။ အလံကိုင် အရာရှိများ တပ်ဖွဲ့ဟာ စစ်ရုံးချုပ် ဌာနပေါင်းစုံက ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဦးစီးအရာရှိများနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ နောက်ဆုံး အစမ်းလေ့ကျင့်ပွဲအပြီးမှာ အလံကိုင် အဖွဲ့များကို မဲပြီး စစ်ဆေးပါတော့တယ်။ ဆံပင်ရှည်သူများနဲ့ စစ်ဘောင်းဘီ အိတ် နှစ်ဖက်မပါသူ (၆) ဦးခန့်ကို တွေ့ပြီး ဆိုင်ရာ တိုင်းမှူးတွေနဲ့ လူကြီးတွေထံ အသိပေး တိုင်ကြားဖို့ စီမံတော့တာပါဘဲ။ ဒီအထဲမှာ မှတ်မှတ်ရရ စစ်ရုံးချုပ် စစ်ဆင်ရေးဌာနက ဦးစီး အရာရှိတချို့  ပါခဲ့တာ သတိပြု မိပါတယ်။ ဗိုလ်ကြီး သီဟသူရစစ်မောင် (ဗိုလ်ချုပ်၊ ရတခ၊ တိုင်းမှူး ရဟတ်ယာဉ်ပျက်ကျ) ပါဝင်ခဲ့ပြီး ပြဿနာ တက်ခဲ့ရပါသေးတယ်။ စစ်ရေးပြမှူးကြီးက စင်မြင့်ပေါ်ကနေပြီး အသံချဲ့ စက်နဲ့ စစ်ရုံးက ထောင့်မကျိုးတဲ့ အရာရှိတွေ သတိထား၊ တပ်မတော်နေ့ တကယ့် စစ်ရေးပြပွဲမှာ စစ်ဆေးလို့ အပြစ်တွေ့ရင် အရေးယူမယ် လို့ လူသိရှင်ကြား ဟိန်းလိုက်ဟောက်လိုက် ပါသေးတယ်။

စစ်ရုံးက အရာရှိ ဆိုသူများဟာ ညောင်ပင်ကြီး ကောင်းလို့ God Father ရှိလို့ အာစရိများ ရှိလို့ ရောက်နေကြတာ သူ မသိရှာတာ သနားစရာ ကောင်းလှပါတယ်။ တပည့်သားမြေးတွေက ပြန်လည် သံတော်ဦးတင်ခဲ့ကြလို့ သူ့အပေါ် လူကြီး တော်တော်များများက အပုပ်ကောင် သရုပ်ဆောင်မှု ဖြစ်စဉ်ကို နားမဆန့်အောင် ကြားနေကြပြီလို့ ကြားခဲ့ဘူးပါတယ်။ အရေးပါတဲ့ ဦးစီးအရာရှိ ဗိုလ်မှူးတဦးရဲ့  ပြောပြချက်အရ ဆိုရင် သူအားကိုးတဲ့ဆရာ ဒုချုပ်ဗိုလ်အေးကို ကပင်လျှင် ကိုစိန်အောင် သင်ခန်းစာ ယူနိုင်ဖို့ ပညာပေး ရဦးမယ်လို့ ညည်းတွားခဲ့သတဲ့။ ဒါဟာ မှန်ကန်ကြောင်း စစ်ရေးပြပွဲပြီးချိန်မှာ အဖြေမှန် ရလိုက်ပါတယ်။ တပ်မ (၄၄) မှာ သူဟာ တပ်မမှူး မဖြစ်ဘဲ စစ်ရုံးချုပ်မှာ Col: GS ရာထူးသာ ရခဲ့ပါတယ်။ တပ်မမှူးဟာ ရတခ က ဒုတိုင်းမှူး ဗိုလ်မှူးကြီး မြသင်း ဖြစ်သွားခဲ့ရပါတယ်။ ကျွန်တော်ကတော့ ခမရ(၁) တပ်ရင်းမှူး ဖြစ်လာခဲ့ပါတယ်။

နောက်တစ်ပတ်မှာတော့ တပ်သမိုင်း ထုံးစံ တပတ်ပြန်လည် ရာမှာ ဗိုလ်စိန်အောင်နဲ့ ပြန်လည် ဆုံတွေ့ခဲ့ကြတဲ့ အခါမှာတော့ အဘဦးအေးမြင့်ဟာ စစ်သားပီပီ ပြောရင်ပြောတဲ့အတိုင်း ဂုဏ်သိက္ခာရှိစွာ ပြုမူ ဆောင်ရွက်ခဲ့ပုံကို ဆက်လက် တင်ပြသွားပါမယ်။


ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည့်ရန် တိုင်းမှူးပြော

သတင်း - မဇ္ဈိမ

နိုဝင်ဘာလအတွင်း ဖြစ်ပွါးခဲ့သောရေကြောင်းပိုင်နက် အငြင်းပွါးမှုအပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံကို သတိနှင့် စောင့်ကြည့်ကြရန် မြန်မာစစ်ဗိုလ်ချုပ်များက တပ်မှူးများနှင့် စစ်အရာရှိများကို အစည်းအဝေးတရပ်တွင် သတိပေး ပြောကြားလိုက်ပါသည်။

မြန်မာနိုင်ငံက ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ရန်လိုသောအိမ်နီးချင်းနိုင်ငံအဖြစ်ယူဆထားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်ရေး လှုပ်ရှားမှုများကို သတိထားစောင့်ကြည့်ရန် တပ်မှူးများနှင့်စစ်အရာရှိများအား မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက မကြာသေးခင်ကကျင်းပခဲ့သော အစည်းအဝေးတရပ်တွင် သတိပေး ပြောကြားသွားခဲ့ခြင်း ဖြစ်ပါသည်။

မဇ္ဈိမ ကရရှိထားသော အစည်းအဝေးမှတ်တမ်းအရ မြန်မာနိုင်ငံသည် မိမိရေပိုင်နက် အတွင်းနှင့် စီးပွါးရေးဇုံ အတွင်း ရေနံဓါတ်ငွေ့ရှာဖွေနေခဲ့သော်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံက အပြင်းအထန်ကန့်ကွက်၍ မြန်မာနိုင်ငံက ဆုတ်ခွါပေးခဲ့ရကြောင်း ဖော်ပြထားပါသည်။

"ပြောရမယ်ဆိုရင်တော့ ဒါဟာဘင်္ဂလာဒေ့ရှ်က ရန်စတာပဲ" ဟု ဗိုလ်ချုပ်စိုးဝင်းက ပြောသွားပြီး ဗိုလ်ချုပ်ကြီးများကို စီးပွါးရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသော အမေရိကန်နိုင်ငံကိုလည်း ဤသို့ ရေနံဓါတ်ငွေ့ ရှာဖွေမှုများကို ဆန့်ကျင်ရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံကို နောက်မှ ထောက်ခံအားပေး၍ လှုံ့ဆော်ပေး ခဲ့သည်ဟု စွပ်စွဲပြောဆို ထားပါသည်။

ထို့ပြင် ဗိုလ်ချုပ်၏ စိုးရိမ်စိတ် လွန်ကဲသံသယဖြစ်မှုကို ထုတ်ဖော်ပြသသည့်အနေနှင့် အမေရိကန် ရေတပ်ဖွဲ့သဘောင်္များသည် ထိုင်းနှင့်ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့၏ ရေပြင်ပိုင်နက်ကို အခြေခံစခန်းအဖြစ် အသုံးပြုကာ လှုပ်ရှားနေကြောင်း တပ်မတော်မှ သတင်းများ ရရှိထားသည်ဟုလည်း ဗိုလ်ချုပ်စိုးဝင်းက ပြောဆိုလိုက်ပါသည်။

"ဒါကြောင့် အားလုံးနားလည်ထားရမှာက နိုင်ငံခြားကျူးကျော်မှုရှိနိုင်တယ်၊ စစ်ရေးလှုပ်ရှားမှုတွေကို ငါတို့ သတိထားပြီး စောင့်ကြည့်နေရမယ်" ဟု စိုးဝင်းက ဆက်လက်ပြောဆိုပါသည်။ ရှေ့တန်း စစ်အရာရှိများနှင့် တပ်မှူးများ တက်ရောက်သော ထိုအစည်းအဝေးအတောအတွင်း ဗိုလ်ချုပ်စိုးဝင်းက နိုင်ငံခြားတိုင်းပြည်များမှ ဝင်ရောက် ကျူးကျော်နိုင်သည့် အန္တရာယ်ရှိသည့်အတွက် နယ်စပ်တလျှောက် သတိဝီရိယနှင့် နေထိုင်ကြရန် သတိပေး ပြောကြားခဲ့ပါသည်။

ဤသို့ ဗိုလ်ချုပ်စိုးဝင်း၏ စိုးရိမ်ထိတ်လန့်နေမှုကို အတည်ပြုနိုင်သည့် အခြား အချက်အလက်ရှိပုံမရသော်လည်း ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော ရခိုင်ပြည်နယ်တွင် စစ်အင်အား တိုးချဲ့မှုများ ကိုဗိုလ်ချုပ်ကြီးများ ကပြုလုပ်နေကြောင်း သတင်းများရရှိထားပါသည်။

မြန်မာ ဘင်္ဂလာဒေ့ရှ်နယ်စပ်အခြေစိုက် မြန်မာသတင်းသမားတဦး၏ အဆိုအရ စစ်အစိုးရသည် စစ်အင်အား တိုးမြှင့် ချထားမှုများကို လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် အမြောက်တပ်ရင်းများချထားမှုကိုလုပ်ဆောင်လျက်ရှိကြောင်း ပြောပါသည်။

"စစ်အစိုးရက မောင်တောစစ်အခြေစိုက်စခန်းသစ်ကို တပ်ရင်းတွေအများအပြားထပ်ပို့နေတယ်၊ အထူးသဖြင့် အမြောက်တပ်ရင်းတွေ ပို့နေတယ်" ဟု အမည်မဖော်ပြပါရန် မေတ္တာရပ်ခံချက်ဖြင့် သတင်းသမားတဦးက မဇ္ဈိမ ကိုပြောပါသည်။

မြန်မာစစ်တပ်သည် တောင်တန်းများကို အကာအကွယ်ယူ၍ ရှည်လျားသော တောင်ကြားချိုင့်ဝှမ်း တလျှောက် တပ်များ ချထားလျက်ရှိကြောင်းဖြင့် အဆိုပါသတင်းသမားက အဆိုပါဒေသရှိ ဒေသခံများကို ကိုးကား ပြောဆိုသွားခဲ့ ပါသည်။

"ကျနော်ထင်တာ စစ်တပ်က မကြာခင်ဖြစ်တော့မဲ့စစ်ပွဲတပွဲ၊ ဒါမှမဟုတ် ပဋိပက္ခတခုခု အတွက် ကြိုတင်ပြင်ဆင်နေတဲ့ ပုံဘဲ" ဟု သူက ဆက်လက် ပြောဆိုပါသည်။

ထို့အတူ ဒါကာအခြေစိုက် မြန်မာသတင်းဌာန တခုဖြစ်သော နေရဉ္ဓရာသတင်းဌာန၏ အယ်ဒီတာ ဦးခိုင်မြတ်ကျော်ကလည်း မကြာသေးခင်လများအတွင်း မြန်မာစစ်တပ်သည် အနည်းဆုံးတပ်ရင်း ၁၃ ရင်းကို ရခိုင်ပြည်နယ်မြောက် ပိုင်း မောင်တောမြို့နယ်သို့ပြောင်းရွှေ့ချထားခဲ့ကြောင်း မဇ္ဈိမကိုပြောကြားသွားခဲ့ပါသည်။

"မောင်တောမြို့နယ်ထဲမှာ မြန်မာစစ်တပ်က လေတပ်အခြေစိုက်စခန်းတခု တည်ဆောက်နေတာလဲ ကျနော်တို့ အတည် ပြုလို့ရပါတယ်" ဟု ဦးခိုင်မြတ်ကျော်ကဆိုပါသည်။

ထို့ပြင် စစ်အစိုးရ၏ ဒုတိယအဆင့်အမြင့်ဆုံးစစ်အရာရှိ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့သည် မကြာသေးခင်ရက်သတ္တပတ်များက ရခိုင်ပြည်နယ်သို့ လာရောက်၍ ဆောင်ရွက်နေသော လုပ်ငန်းများ၏ တိုးတက်မှု အခြေအနေကို လာရောက် စစ်ဆေးကြည့်ရှု သွားခဲ့ကြောင်း ဖြင့်လည်း သူကဆက်လက်ပြောဆိုပါသည်။

"ဒါကိုကြည့်ရင် ပြင်ဆင်မှုတခုခုလုပ်နေတာ ထင်ရှားတယ်၊ ကျနော်ထင်တာ စစ်အစိုးရက ဓါတ်ငွေ့ ရှာဖွေရေးလုပ်ငန်း တွေဆက်လုပ်ဘို့ ဘင်္ဂလားပင်လယ်အော်ကို ပြန်လာချင်နေတယ်နဲ့တူတယ်" ဟု ဦးခိုင်မြတ်ကျော် ဆိုသည်။

"ပြီးခဲ့တဲ့ ဘင်္ဂလာဒေ့ရှ်နဲ့ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ သူတို့အတော်အခံရခက်သွားပုံရတယ်" ဟု ဦးခိုင်မြတ်ကျော်က မှတ်ချက်ပေးပါသည်။

တောင်ကိုရီးယားနိုင်ငံဒေဝူးကုမ္ပဏီက မြန်မာရေတပ်သင်္ဘောများလိုက်ပါလျက် ဘင်္ဂလားပင်လယ်အော်တွင် ရေနံ ဓါတ်ငွေ့ရှာဖွေမှုများပြုလုပ်သည်ကို ဘင်္ဂလာဒေ့ရှ်နိုင်ငံက ကန့်ကွက်ခဲ့ပြီးနောက် နိုဝင်ဘာလဆန်းတွင် ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံအကြားတင်းမာမှုများ ပေါ်ပေါက်ခဲ့ပါသည်။

မြန်မာရေတပ်နှင့်ဒေဝူးသင်္ဘောများအစမ်းတွင်း တူးဖော်နေသောလုပ်ကွက်သည် မိမိတို့ ရေပိုင်နက်အတွင်း ကျရောက် နေသည်ဟုဆိုကာ ဘင်္ဂလာဒေ့ရှ်နိုင်ငံက ယင်းတို့၏ရေတပ်သင်္ဘော ၂ စီးကို အဆိုပါနေရာသို့ ချက်ချင်း စေလွှတ်ခဲ့ပါသည်။

အဆိုပါ နေရာသည် မြန်မာနိုင်ငံ၏ စီးပွါးရေးဇုံအတွင်း ကျရောက်နေကြောင်း တုံ့ပြန်ပြောဆိုခဲ့သော်လည်း မြန်မာဗိုလ်ချုပ်ကြီးများသည် နောက်ပိုင်းတွင် အဆိုပါဒေသမှ မိမိတို့၏သင်္ဘောများကို ထွက်ခွါစေခဲ့ပါသည်။

ဤသို့ တင်းမာမှုများ ဖြစ်ပေါ်နေစဉ်အတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံက ရေတပ်သင်္ဘော ၂ စီးချထားခဲ့ပြီး နယ်စပ်လုံခြုံရေးကိုလည်း အင်အားဖြည့်တင်း ထားခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံကမူ ထိုသို့တပ်ကူ ပေးပို့မှုများကိုအချိန်မီလုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဟု ဦးခိုင်မြတ်ကျော်က ပြောပါသည်။

"ကျနော်ထင်တာ ဒါကြောင့်ဘဲ သူတို့အခု စစ်အခြေခံစခန်းတွေဆောက်နေတာ၊ တပ်တွေ အချိန်မရွေး လျင်လျင်မြန်မြန် ရွှေ့ပြောင်းနိုင်အောင် ရထားလမ်းတွေ၊ ကားလမ်းတွေတောင် ဖောက်နေတာ" ဟု ဦးခိုင်မြတ်ကျော်က လေ့လာသုံး သပ်ပြောကြားပါသည်။


တြိဂံတိုင်းမှူး ၀ နှင့် မိုင်းလား နယ်ခြား၌ ကွင်းဆင်းစစ်ဆေး စစ်ရေးပြင်ဆင်

သတင်း - သျှမ်းသံတော်ဆင့်

ယခုလနှောင်းပိုင်းက တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး မိုင်းယန်းမြို့၌ ညအိပ်၍ UWSA တပ်ဖွဲ့ နှင့် မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေ နအဖ အခြေချ နယ်ခြားစခန်းများ ကွင်းဆင်းစစ်ဆေးပြီး စစ်ရေး ပြင်ဆင်ခဲ့ကြောင်း တရုပ်နယ်စပ် သတင်းကဆိုသည်။

ယခုလလယ်ပိုင်းတွင် စရဖ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် အဖွဲ့ “၀” ဌာနချုပ်အသွား မိုင်းပေါက်၌ ၀ နယ်ခြား စောင့် တပ်ဖွဲ့က ၎င်းတို့အဖွဲ့ပါလာသော လက်နက်ကြီးများ ဖြုတ်သိမ်းသည့်နောက်ပိုင်း ကျိုင်းတုံ အခြေစိုက် နအဖ တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဖြိုးသည် ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ အကွာရှိ မိုင်းယန်းမြို့သို့ ညအိပ်ခရီးထွက်ခဲ့ကြောင်း၊ ထိုခရီးစဉ် တွင် အခြေချ တပ်စခန်းများ လက်နက် ခဲယမ်းမီးကျောက်၊ လူအင်အား၊ စားနပ် ရိက္ခာဖြည့်တင်းမှုကို အထူးအလေးထားကြည့်ရှုစစ် ဆေးခဲ့ကြောင်း၊ ထို့အတူ ကျိုင်းတုံမြို့နယ် အနောက်ဖက် နှင့် မိုင်းပြင်းမြို့နယ် မြောက်ဖက် မက်မန်းမြို့နယ် အတွင်းတွင်လည်း နအဖ အင်အားဖြည့်တင်းမှုရှိကြောင်း -ဒေသခံများ ကဆိုသည်။

ဂျန္န၀ါရီလ ၂၉ မှ ၃၀ အထိ တြိဂံတိုင်းမှူး၏ ထူးခြားသော ညအိပ်ခရီးစဉ်နှင့် ပတ်သက်၍ အသက် ၄၀ ကျော် ဒေသခံ ကုန်သည် တဦးက -“အရင်တုန်းကဆို နအဖ အရာရှိကြီးတွေ မိုင်းယန်းမှာ ညအိပ်တယ်ဆိုတာ သိပ်ရှားတယ်။ အခုက လာအိပ်ပြီး တပ်စခန်းအဟောင်း အသစ်တွေ စစ်ဆေးတယ်။ အင်အားထပ်ဖြည့်တယ်။ အရင်က မိုင်းယန်းမှာ ဗမာစစ်သား သိပ်မများဘူး။ မိုးနှောင်းချိန် ကနေ အခုအထိ အင်အား သိသိသာသာ များလာတယ်။ လက်နက်ကြီးတွေတောင်လာ တပ်ဆင်နေတယ်လို့ ပြောတယ်။ ဒေသခံတွေတော့ တိုက်ပွဲ ဖြစ်မှာကို အရမ်းစိုးရိမ်နေကြတယ်” - ဟုဆို၏။

ဦးစိုင်းလင်းခေါင်းဆောင်သော အထူးဒေသ ၄ National Democratic Alliance Army – Eastern Shan State NDAA –ESS မိုင်းလား အဖွဲ့ နှင့် အထူးဒေသ (United Wa State Army) UWSA ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့လည်း စစ်ရေးလေ့ကျင့်မှုများ အဆက်မပြတ် လုပ်နေကြောင်း ဆိုပါသည်။

ထိုဒေသရောက် တက္ကသိုလ်ဘွဲ့ရလူငယ်တဦးက -“တောင်ပိုင်းဝတပ်ဖွဲ့တွေ စစ်အစိုးရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အောက်မှာ နယ်ခြားကာကွယ်ရေးတပ် တပ်ဖွဲ့လုပ်ဖို့ သဘောတူညီချက် ရထားသလိုလို ဆိုတော့ နအဖက သူတို့တွေကို ပိုမျက်နှာသာ ပေးထား တာတွေ့ရတယ်။ မိုင်းလားအဖွဲ့နဲ့ မြောက်ပိုင်း “၀” အဖွဲ့ကို ပညာပြ တော့မယ်ဆိုတဲ့ သဘောလား တော့မသိဘူး”- ဟု သျှမ်းသံတော်ဆင့်ကို ပြောပြ၏။

ထို့အတူ ကျိုင်းတုံမြို့ရှိ အထူးဒေသ ၄ မိုင်းလားအဖွဲ့ ကိုယ်စားလှယ် စိုင်းစိုးဝင်း ဆိုသူကိုလည်း ပါတီထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ပါဝင်ရေး အပါအ၀င် တပ်ဖွဲ့စည်းမှု ပြန်လည်ပြင်ဆင်ပြီး ကာကွယ်ရေး ၀န်ကြီးဌာနအောက် နေရေးအတွက် ဆွေးနွေးရန် နအဖထိပ်ပိုင်း ခေါင်းဆောင်ကြီးများ ဆင့်ခေါ်ထားသဖြင့် ယခုလ ၂၇ ရက် ကတည်းက ပျဉ်းမနားကြပ်ပြေး နေပြည်တော်သို့ ရောက်နေကြောင်းဆို၏။

“၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသသည် မိုင်းယန်းမြို့ အနောက်မြောက် ဘက် မိုင် ၃၀ ကျော် အကွာတွင်ရှိပြီး အထူးဒေသ ၂ အတွင်း ခရိုင်အဆင့်အဖြစ် သတ်မှတ်ထားသည်။ စစ်အစိုးရ ဖွဲ့စည်းပုံ နှင့် မြေတိုင်းဌာနက ထိုဒေသကို မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စု အဖြစ် သတ်မှတ်ထားသောကြောင့် “၀” တပ်ဖွဲ့များတပ်ရုပ်ပေးရန် ယခုချိန်ထိဖိအား ပေးခံနေရ ဆဲဖြစ်သည်။ ထို့အတူ အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး လည်း မိုင်းပေါက် နှင့် အလားတူ ဖြစ်နေသောကြောင့် မိုင်းယန်းမြို့နယ်အတွင်း နအဖ တပ်များအင်အားဖြည့်ပြီး အထူး အလေးထားလာသော ဒေသ ဖြစ်သည်။

No comments: