.

.

.

February 2, 2009

စည်းလုံးညီညာ တို့အင်အား တောင်ပေါ် မြေပြန့်သား - အပိုင်း(၁)

စစ်မှန်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တပ်မတော် - အပိုင်း(၁)

ဆောင်းပါးရှင် - ဗိုလ်စောစေးထူး

စာဖတ်ပရိသတ်များခင်ဗျား-

မြန်မာ့တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးရဲ့  ပေးပို့လာသော ဆောင်းပါးကို ကျွန်တော် ကိုဖိုးတရုတ်မှ ယနေ့ တင်ပြပေးလိုက်ပါတယ်။ ယနေ့တပ်မတော်မှာ အညာသား စစ်စစ်၊ မြန်မာ စစ်စစ်တွေက နေရာယူ လွှမ်းမိုးခြယ်လှယ်နေပြီး တိုင်းရင်းသား အရာရှိများထဲမှ အင်မတန် ထူးချွန်ထက်မြက်တဲ့ ဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ ဒေါ်ကြိုင်ကြိုင်ရဲ့  တပည့် ဖြစ်တဲ့ ဗိုလ်မှူးချုပ် စောလှမင်းတို့ နှစ်ဦးကလွဲရင် တိုင်းရင်းသားတွေကို နေရာမပေးတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒါ့အပြင် ဘာသာရေး ခွဲခြားမှု မရှိဘူးဆိုပေမဲ့ ယနေ့ စစ်အာဏာရှင်တွေဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ စစ်တပ်အရာရှိတွေကိုမဆိုထားနဲ့ အရာရှိ ဇနီးမယားက ဗုဒ္ဓဘာသာဝင် မဟုတ်ရင်တောင် ရာထူး တိုးမြှင့်မပေးတာဟာလည်း အပြောတခြား အလုပ်တမျိုး ဖြစ်နေပါတယ်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြလို့ လှပတဲ့ မြန်မာနိုင်ငံကြီးဟာ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ အရုပ်ဆိုး အကျည်းတန်၊ တန်းတူ ညီမျှ အခွင့်အရေးတွေ ဆုံးရှုံးနေရတာကို မီးမောင်းထိုးပြထားတဲ့ ဆောင်းပါးကို ဖတ်ရှုပြီး စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ယခုလို ပေးပို့လာတဲ့ ဆောင်းပါးရှင် ဗိုလ်စောစေးထူးအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးကျေးဇူးတင်ရှိပြီး စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကရင်၊ ကယား စသည့် လူမျိုးစုကြီးများနှင့် လူမျိုးစုငယ်များစွာ ပါဝင်သည့် တိုင်းရင်းသား ဆွေမျိုးစုကြီးသည် မြန်မာနိုင်ငံ ဟု ခေါ်တွင်သော ရေမြေနယ်နိမိတ်အတွင်း ရှေးနှစ်ပေါင်း ရာထောင်ချီ ကာလမှ စတင်ကာ အတူတကွ မှီတင်း နေထိုင်လာခဲ့ကြပါသည်။ ရာစုနှစ်ပေါင်းများစွာ အတူတကွ ဤမြေမှာနေ ဤရေသောက်၊ ဤလေကိုရှု၊ ဤဆန်ကိုစားပြီး တစ်ဦးနှင့် တစ်ဦး မှီတင်း နေထိုင်လာခဲ့ကြသဖြင့် ဆွေမျိုးစစ်စစ် (သို့) ညီရင်းအစ်ကိုများ ဖြစ်ခဲ့ကြလေသည်။ ဤဆွေမျိုးစု တိုင်းရင်းသားထုကြီးကို “ဗမာလူမျိုး” (Burmese) ဟု ကမ္ဘာက ခေါ်ဆိုသမုတ်ခဲ့ကြသည်။

၁၉၁၇ ခုနှစ် ရုရှားပြည် “Kerensky” အစိုးရ အဖွဲ့ကို လီနင်ဦးစီး “Bolshevik” ခေါ် “ဆိုရှယ် ဒီမိုကရက်တစ် လူများစုဂိုဏ်း” က ဖြုတ်ချပြီး၊ ၁၉၂၃ခုနှစ်ကမှ “Soviet” ခေါ် “အလုပ်သမား ဦးစီးအဖွဲ့များ” အုပ်ချုပ်နေသော သမ္မတ နိုင်ငံများ စုစည်း၍ ဖြစ်ပေါ်လာသော “U.S.S.R” ခေါ် ဆိုဗီယက်ယူနီယံ၊ ၁၇၇၆ ခုနှစ်ကမှ “United Kingdom of Great Britain” အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေး ရယူကာ ဖြစ်ပေါ်လာသော “U.S.A” ခေါ် အမေရိကန် နိုင်ငံနှင့် ကမ္ဘာ့ အခြားသော နိုင်ငံများစွာတို့နှင့်အတူ သမိုင်းကြောင်း ရှည်လျားစွာဖြင့် တည်ရှိခဲ့ပြီး တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် နိုင်ငံလည်း ဖြစ်၏။

အေးအတူ ပူအမျှ တစ်ဦးအပေါ် တစ်ဦး ကြောင်းကျိုးဆက်နွယ် အမှီသဟဲပြုကာ နှစ်ပရိစ္ဆေဒ ကြာညောင်းစွာ ဤမြေပေါ် နေထိုင်ခဲ့ကြ၍ မူလ သဘောမှာ တကယ့် ဆွေမျိုးစုကြီးသာ ဖြစ်၏။ ရွာကလေးမှ ရွာကြီး ဖြစ်လာသော အခါ ပါတ်လည်ဆွေမျိုးများ တော်စပ်နေသော်လည်း အဆင့်ဆင့် အလှမ်းဝေးသဖြင့် ဆွေမျိုးချင်း မသိနိုင် တော့သော အဖြစ်လည်း ဆင်တူသည်။

ဘာသာတရားအရ တွေးကြည့်လျှင် ဘုရားသခင်က ဖန်ဆင်းတော်မူသည်ဖြစ်စေ၊ အာဒမ် (Adam) နှင့် (Eve) ဧ၀ က စသည် ဖြစ်စေ၊ ဗုဒ္ဓက “နိဗ္ဗာန်သို့ မရောက်မချင်း ဘုံ (၃၁) ခု၌ လူဖြစ်လိုက်၊ နတ်ဗြဟ္မာ ဖြစ်လိုက်၊ တိရစ္ဆာန် ဖြစ်လိုက်၊ ပြိတ္တာ အသူရကယ် ဖြစ်လိုက်၊ ငရဲခံလိုက်နှင့် “ဒိဌိ၊ လောဘ၊ ဒေါသ၊ မောဟ” ပေါ် အခြေခံ၍ သံသရာ လည်နေစဉ် ဆွေမျိုး မတော်စပ်ဖူးသူ မရှိ” ဟု ဟောကြားချက်အရ ဖြစ်စေ၊ သိပ္ပံပညာ၊ မနုဿဗေဒ အရ ဖြစ်စေ လူအားလုံးသည် တနည်းတဖုံ ဆွေမျိုးတော်စပ်နေကြပေသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု၊ ကိုလိုနီခေတ်၌ တောင်ပေါ် မြေပြန့်သွားလာရာ၌ ဥပဒေဖြင့် ကန့်သတ်ချုပ်ချယ် ခံရမှု၊ အလွန်ပင် ရိုးသားအူစင်းသော ကရင်တိုင်းရင်းသားတို့ကို တဖက်သတ် စည်းရုံးခဲ့မှုများကြောင့် အနေနီးလျှက် ခရီးဝေးခဲ့ကြရသည်မှာလည်း ရာစု တခုနီးပါး ရှိခဲ့ဖူးသည်။ တစိမ်းပမာ ဖြစ်ခဲ့ကြရသည်။

လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၏ စေတနာ၊ မေတ္တာများ၊ နားလည်မှုများ၊ အမြှော်အမြင်ကြီးမှုများကြောင့် “The Union of Burma” ပြည်ထောင်စု ဗမာနိုင်ငံတော် (ယနေ့ နအဖအခေါ် မြန်မာနိုင်ငံ) ပြန်လည်ပေါ်ထွန်းကာ တိုင်းရင်းသား အပေါင်း ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြပါသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ အစဉ်အမြဲ ဆောင်ရွက်ရမည့် ဦးစားပေး လုပ်ငန်းဖြစ်၏။ တိုင်းရင်းသား ဆွေမျိုးစုကြီးသည် ကောင်းတူ ဆိုးဖက်၊ အေးအတူ ပူအမျှ၊ ဆင်းရဲချမ်းသာ အတူတကွ ရှိရမည်။ တန်းတူ ညီမျှသော အခွင့်အရေး ရှိရမည်။ တစ်ဦးက ဆင်းရဲ၍ တစ်ဦးက ချမ်းသာ၊ တစ်ဦးက ပူပြီး တစ်ဦးက အေး မဖြစ်သင့်။ တစ်မိသားစုချင်းအတူတူ ခံစားစံစားရမှုခြင်း မတူပါက မည်သူ လက်ခံနိုင်ပါမည်နည်း။ တစ်ဦးနှင့် တစ်ဦး “ရင်တွင်းမှ အမှန်တကယ် ချစ်ခင် စေရန်” မှာ တန်းတူ ညီမျှ ရေးသည် အရေးကြီးသည်။

ပါးစပ်မှ “ဒို့တာဝန် အရေးသုံးပါး” အော်နေရုံ နှင့် ဖြစ်မလာနိုင်။ ယူနီဖောင်းဝတ် စစ်အာဏာရှင် တစ်စုသည် လည်းကောင်း၊ တပ်မတော်သားများသည် လည်းကောင်း၊ နယ်စွန်နယ်ဖျား တောသူတောသားများ၏ ဆင်းရဲ နိမ့်ကျမှု၊ လူ့ဘ၀ ရခိုက် ဤလို ခေတ်ကြီးထဲ လူသားပီသစွာ မနေထိုင်နိုင်မှုတို့ကို သိမြင် တွေ့ဖူးကြပါသည်။ “စစ်တပ်လာလည်း ဒုက္ခ၊ သူပုန်လာလည်း ဒုက္ခ” ဟု ဆိုငြီးသံလည်း ကြားဖူးကြသည်။ ပြည်သူလူထု တစ်ရပ်လုံး၏ ဆင်းရဲ ဒုက္ခများကိုလည်း မြင်နေရသည်။ အဘယ့်ကြောင့် ဤဆွေမျိုးသားချင်းများ၏ အပူမီးများကို မအေးငြိမ်း စေသနည်း။ ပြည်သူလူထုကို ရင်ဝယ်နှစ်သိမ့် မျက်ရည် မသုတ်နိုင် ကြသနည်း။ သူတို့ဘ၀ လွတ်လပ်မှု၊ တိုးတက်မှုများအတွက် မဆောင်ကြဉ်း ပေးနိုင်ကြသနည်း။

တပ်မတော်သားများသည် တိုင်းရင်းသား ပြည်သူလူထု ရဟန်းသံဃာများကို ညှင်းပမ်း နှိပ်စက် သတ်ဖြတ်ခိုင်း နေသော ယူနီဖောင်းဝတ် စစ်အာဏာရှင်များကို ဖယ်ရှား၍ ပြည်သူလူထုကို စစ်မှန်သော ကာကွယ်စောင့်ရှောက်မှု ပေးရန် တာဝန် မရှိပြီလော။ အမှန်တကယ် စည်းလုံးမှု ဖြစ်စေသော စနစ် သို့ မပို့နိုင်ပြီလော။ မဆလ ခေတ်ကမှ တပ်မတော်၌ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်မှု (ဦး-၅) ဟူ၍ ရှိ၏။ အမှတ်ပေး စနစ်လည်း ရှိ၏။ ပါတီကောင်စီ၏ နိုင်ငံရေး မူဝါဒကြောင့် စစ်တပ်သည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ဖေါ်ဆောင်နိုင် သေးသည်။ ဥပဒေ လိုက်နာသေးသည် ဘီးလင်းနယ်မှ KNU တာဝန်ခံ မြင့်သိန်းကို ဖမ်းမိစဉ် မသတ်ခဲ့ကြ။ ဥပဒေအရ ထောင်ဒဏ်သာ အပြစ်ပေးခဲ့၏။

နအဖ ခေတ်၌ ဦး-၅ ကို သိရန်ဝေးစွ။ ပြည်သူလူထု တစ်ရပ်လုံး အသက်နှင့် ဖက် ထုပ်ထားကြရသည်။ တိုင်းရင်းသား ကျေးရွာများစွာ မီးရှို့ ဖျက်ဆီး ခံကြရသည်။ အနိုင်ကျင့် ခံနေကြရသည်။ ဒို့တာဝန် အရေးသုံးပါး အော်ပြီး သူတို့ပင် ဖျက်ဆီးနေကြသည်။ ယနေ့ ပြည်သူလူထုသည် အရံရဲ-ဆိုက္ကားသမား၊ စွမ်းအားရှင်-လူရမ်းကား၊ အရံ မီးသတ်-လူပေလူတေများကိုပင် ကြောက်နေရသည်မှာ အဓိပ္ပာယ် မဲ့ လှ၏။ နအဖ နှစ် (၂၀) သက်တမ်း ကာလ တစ်လျှောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆောင်ရွက်နိုင်ဖို့ ဝေးစွ။ ဘာသာစကား၊ ဓလေ့ထုံးစံ၊ စာပေယဉ်ကျေးမှု အားလုံးကို ကန့်သတ်ချုပ်ချယ် ခံနေကြရ၏။ ယခုဆိုလျှင် ပြည်မ၌ အများစု နေထိုင်သော တိုင်းရင်းသားစုကြီးထဲမှ ဗမာများကိုပင် မစည်းရုံးနိုင်တော့။ နအဖ စစ်အာဏာရှင်များ ရက်စက်ယုတ်မာ အမြှော်အမြင် နည်းပါးမှုကြောင့် အလိုတော်ရိ များမှ လွဲ၍ စစ်တပ်ကို အမြင် မကြည်တော့ပေ။

ဤ အခြေအနေ အားလုံး ပြန်လည် တည့်မတ်နိုင်ရန် ယနေ့ တပ်မတော်၌လည်း တာဝန်များစွာ ရှိသည်။ ကမ္ဘာ့နိုင်ငံများကလည်း စစ်အာဏာရှင်များကို လူကြီးလူကောင်း မဆန်သူများ၊ ရက်စက်ကြမ်းကြုတ်ပြီး ဂတိမတည်သူများ၊ လူ့ယဉ်ကျေးမှု (Etiquette) မရှိသူများ၊ လိမ်လည်လှည့်ဖျား တတ်သူများဟုသာ မြင်သည်။ ၄င်းတို့ အမူအကျင့်များသည် ကမ္ဘာ့အဆင့် မပြောနှင့်။ အာဆီယံ၌ပင် တန်းမ၀င်။ အဆင့်မရှိ။ အိမ်ကျယ်သာ လုပ်နေရ၏။

ကမ္ဘာ့နိုင်ငံများရှိ မစ္စတာ ဘန်ကီမွန်းကဲ့သို့ လူကြီးလူကောင်းများကို စစ်အာဏာရှင်များက လိမ်ညာ တပါတ်ရိုက်ခြင်း ကိုပင် အချို့  အာဏာရှင်၏ နောက်လိုက်များက “အလွန်တော်သော ငါတို့ ခေါင်းဆောင်ကြီး” ဟု ချီးကျူးကြသည်။ ကမ္ဘာက လူမျိုးနှင့် ချီ၍ အထင်သေးသွားသည်ကို မမြင်ကြချေ။ ပြည်ပတွင် ကျွန်တော်တို့ မကြာခဏ အမေးခံရသည်မှာ “ဓါတုလက်နက်များသုံး/မသုံး နှင့် တိုင်းရင်းသားများကို ပစ်ခတ်သတ်ဖြတ်ခြင်း ပြု/မပြု” မေးခွန်းကို အများဆုံး ကြုံတွေ့ရ၏။ မိမိတပ်မှ ထွက်ခွင့်ကျချိန်ထိ ဓါတုလက်နက်ရှိသည်ဟူ၍ပင် မသိကြောင်း၊ “နွားဆို ဟင်း၊ လှည်းဆို ထင်း” စစ်ဆင်ရေး ဒေသများ၌ တာဝန်ထမ်းဆောင်ဖူးသော်လည်း လက်နက်မပါသူများကို ရန်သူဟု ယူဆနိုင်လျှင်တောင်မှ မိမိမှာ ပစ်လည်းမပစ်ခဲ့ဖူး။ ပစ်မိန့်လည်း မပေး ခဲ့ဖူးကြောင်း၊ ဤကိစ္စမှာ Area Commander၊ Field Commander များပေါ် မူတည်ကြောင်း ရှင်းပြရ၏။ လူတိုင်းက စစ်သားဆိုလျှင် အသိဥာဏ်မဲ့၊ လူရမ်းကားများဟုသာ အထင်ခံ နေရသည်။ ဤသည်မှာ ဤနအဖ စစ်အာဏာရှင်တစ်စု ကောင်းမှု ဖြစ်၏။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့် မျှော်မှန်းချက်ကို တဆက်တည်း ဖော်ပြပေးလိုက်ပါသည်။

ကျနော်လိုချင်တဲ့ ညီညွှတ်ရေးက တတိုင်းတပြည်လုံးရဲ့လွတ်လပ်ရေး၊ လူတမျိုးလုံးရဲ့အကျိုး၊ အဲဒီလို တူညီတဲ့ ရည်ရွယ်ချက် တူညီတဲ့အကျိုး၊ တူညီတဲ့အလုပ် ဒါတွေကို ရအောင် အဲဒီလို တူညီတဲ့အကျိုး တိုင်းသူပြည်သား တွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွှတ်ရေးမျိုး ဖြစ်ရမယ်။ ပါးစပ်က ပြောရုံနဲ့ မပြီးဘူး၊ ပါးစပ်က ညီညွှတ်ချင်ပါတယ် ပြောရုံနဲ့ မဖြစ်ဘူး။ အလုပ်မှာလည်း တူရမယ်၊ အကျိုးမှာလည်း တူရမယ်၊ ရည်ရွယ်ချက် မှာလည်း တူရမယ်။ အဲဒါမျိုးကို ညီညွှတ်ရေးလို့ ခေါ်ထိုက်တယ်။

ဗိုလ်ချုပ်အောင်ဆန်း

အပိုင်း(၂)ကို နောက်နေ့မှာ ဆက်လက်စောင့်မျှော် ဖတ်ရှုကြပါခင်ဗျား။


No comments: