NCGUB က ဒေါက်တာ တင့်ဆွေဟာ ငယ်စဉ်ဘ၀မှာ ဗိုလ်လောင်း ဖြေခဲ့ပုံတွေ၊ တနယ်ထဲသား ဗိုလ်ချုပ်ကျော်ဆန်း နှင့် DSA 11 မှာ အတူဖြေခဲ့ပုံတွေ၊ ဒေါက်တာ တင့်ဆွေ အနေနဲ့ ဗိုလ်ရွေးအဖွဲ့ စာမေးပွဲ ဖြေဆိုရာမှာ ဗိုလ်ကျော်ဆန်းလောက် ဆန္ဒ အာသီသ ပြင်းပြမှု မရှိဘဲ လူငယ် သဘာဝအရ အတွေ့အကြုံ တစ်ရပ်အနေနဲ့ ဖြေဆိုခဲ့ပုံ ဒေါက်တာ တင့်ဆွေ ဖြတ်သန်းခဲ့တဲ့ ဘ၀ ကောက်ကြောင်း တစိတ်တဒေသကို ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ်။ ယခုလို တင်ပြခွင့် ရတဲ့အတွက် ဒေါက်တာ တင့်ဆွေအား အထူးကျေးဇူးတင်ရှိပါတယ်။
ပြည်တွင်း စစ်ဖက် နီးစပ်သူများထံက ဗိုလ်ကျော်ဆန်းဟာ ဗိုလ်လောင်းဖြေဆိုခဲ့စဉ် အရပ်ပုပြီး ပေါင်ချိန် မပြည့်လို့ Underwear မှာ “ခဲသီး” ထည့်ပြီး ကိုယ်အလေးချိန် များအောင် အကြံအဖန် လုပ် ဖြေဆိုခဲ့ကြောင်း ထပ်မံ သိရတဲ့အတွက် ဒေါက်တာ တင့်ဆွေ ပြောသလို ဗိုလ်ကျော်ဆန်းဟာ စစ်တပ်ထဲ အင်မတန်မှ “ပါ” ချင်တဲ့ ဖိုးပါချင် ဖြစ်ကြောင်း နဲ့ အခုလဲ လူပုစိတ်တို လူ့ဂွစာ ဖြစ်နေကြောင်း စာဖတ်ပရိသတ်များအား ထပ်လောင်း တင်ပြလိုက်ရပါတယ်။
တောသား ဆရာဝန်
စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့သူ ငယ်ငယ်က စစ်ဗိုလ်ဖြစ်ဘို့ သွားဖြေရတာက DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက ရပ်ဆွေရပ်မျိုး တယောက် အောင်ပြီး ပါသွားတယ်။ နောင်တော့ သူဟာ ပြန်ကြားရေး ၀န်ကြီး ဗခ ကျော်ဆန်း ဖြစ်လာတယ်။ အရင်နှစ်ကလည်း သူသွားဖြေတာ ကျွန်တော် သိတယ်။ ကိုယ်အလေးချိန် မပြည့်လို့တဲ့ မပါဘူး၊ အတော့်ကို စစ်ထဲ ၀င်ချင်တဲ့လူ၊ ဒီနှစ်တော့ အလေးချိန်ပြည့်တဲ့နည်း တွေ့သွားလေရဲ့။ သူက ပုလဲနယ် ကျောက်ဖြာကန်ရွာသား၊ ကျွန်တော့် အမေရဲ့ရွာ မင်းတိုင်ပင် နဲ့ ရေကန်တခုဘဲခြားတာ။ ကျွန်တော်က မင်းတိုင်ပင်နဲ့ ခြောက်မိုင်၊ သုံးတိုင် ဝေးတဲ့ မင်းရွာ သား။
မင်းရွာက ရွာသေးသေးလေး။ အဲဒီတုံးက အိမ်ခြေ ၈၀ လောက်ပဲရှိမယ်။ တောင်ယမား လို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှရေရှိတဲ့ သဲချောင်း ကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေ လောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နား တတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်း နှစ်တွင်းတော့ ရှိကြတာ ချည်းဘဲ။
အဲလို ရေကောင်း-ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင် အနှစ် အစိတ်လောက် ကြာတော့ ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့ ဆိုတဲ့အရပ်ကို ၆ နှစ် တာဝန် ကျဘူးတယ်။ မြို့သာဆိုတာ ရေ အင်မတန် မကောင်းတာကလား၊ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်-တဖေါင်နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီး သုံးရတာ၊ ခေါင်းလျှော် ချင်ရင် မိုးရေလေး တပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ မြို့သာအကြောင်း မမေ့စရာတွေ တပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ ဂျန်ဂယ်လ်-ဒေါက်တာ ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံး နှစ်ယောက် ဖွါးမြင်ခဲ့တာ မြို့သာ။ အမှတ်ရစေဘို့ ရေစက်ဘဲ။
မင်းရွာက ပုလဲမြို့နယ်တောင်ဘက် အစွန်ဆုံးရွာ။ သူ့တောင်ဘက်က ကျောက်တောင် ရွာကတော့ မြိုင်နယ်ထဲ ရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄၀-၅၀ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ၀ရမ်းပြေး ပုန်းရတုံးကပါ။ နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင် ပုလိပ် မျက်စိလည် တယ်မို့လား။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရ ပုန်းရတဲ့လူအဖို့တော့ နဲနဲချောင်တယ်။
ပုန်းရ-ပြေးရတာ ၁၉၉၀ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲ နိုင်ခဲ့တယ်။ အဲဒါ ၀ရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် ၁၀ နှစ်ကြာတော့ အိုင်ပီယူ ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များသမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်က အမတ်တွေ ခံနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတုံးက ရွေးကောက်ခံရခြင်းသည် ရာဇ၀တ်မှု မဖြစ်သင့် "Being elected should not be a Crime" ဆိုတဲ့ ခေါင်းစည်းစာတမ်း ရိုက်သွားပြီး လော်ဘီ လုပ်ခဲ့ရတယ်။
အမေ့ရွာ မင်းတိုင်ပင် ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေး တော်တယ်။ အရင်က မုံတိုင်ပင် လို့ ရာဇ၀င်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန် ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ၉ တန်း ၁၀ တန်း ကဗျာလေး-စာလေး စပ်တုံး-ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ အဲဒီနာမည်နဲ့ စာကို ကိုယ်တိုင် ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ် နံရံကပ် စာစောင်မှာ တခါတလေ ပါဘူးတယ်။
နောင် နှစ် ၄၀ ကျော်တော့ ကယားလူမျိုး တော်လှန်ရေး-နိုင်ငံရေး မိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ်ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်း ကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်းတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ် ဆိုတာရော၊ နှစ်ခုလုံးကို အမွေခံရ မှာပါဘဲ။ သူ့မွေးနေ့ နှစ် ၁၄၀ တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။
ဟောက်ဆာဂျင် House Surgeon
ကျွန်တော် ဆရာဝန်ဖြစ်တာ၊ အမ်ဘီဘီအက်စ် ပြီးတာ၊ ၁၉၇၂ အောက်တိုဘာမှာ။ မန္တလေး ဆေးကျောင်းကပေါ့။
အလုပ်သင် ၁ နှစ်ကို မေမြို့စစ်ဆေးရုံမှာ တာဝန်ကျတယ်။ ဟောက်ဆာဂျင် လို့ခေါ်ကြတာပါ။ ဟောက်ဆာဂျင် ဘ၀မှာ ထရန်စဖါ ကျတာ အတော်တော့ ရှားမယ်ထင်တယ်။ သူငယ်ချင်း မေမြို့သူ ဟောက်ဆာဂျင်ကို သူ့မိဘတွေက မေမြို့မှာဘဲ လုပ်စေချင်လို့တဲ့၊ သူငယ်ချင်းကတော့ မန္တလေးမှာဘဲ နေချင်တယ် ပြောတာဘဲ။ ဒါနဲ့ ကျွန်တော်နဲ့ လဲရတာဖြစ်သွားပြီး၊ သူ့မိဘတွေ လုပ်ပေးတာနဲ့ ကျွန်တော် မန္တလေးဆေးရုံကြီး ရောက်ရတယ်။ ကျွန်တော့်အကြိုက်လဲဖြစ်သွားလို့ သူ့မိဘတွေကို ကျေးဇူးတင်ပါတယ်။
အကြိုက် ဆိုတာက ကျွန်တော်က မန္တလေးမှာ ပိုအဆင်ပြေတယ်၊ အမျိုးအဆွေတွေလဲ ရှိတာကိုး။ ဟိုပြောင်း ဒီပြောင်း လုပ်ရတာ ငွေမကုန်နိုင်တာလဲ ပါတာပေါ့။ ပိုအရေးကြီးတာက မေမြို့ စစ်ဆေးရုံမှာ ဟောက်ဆာဂျင် လုပ်တဲ့သူတွေအထဲကနေမှ စစ်တပ်ဆရာဝန်လုပ်ဘို့ ခေါ်လေ့ရှိတယ် မဟုတ်လား။ ၃ နှစ် ၀င် လုပ်ရမှာ။ ကျွန်တော်က အဲဒါမျိုး မလုပ်ချင်ခဲ့ဘူး။
စစ်ထဲမ၀င်ချင်တာလို့လဲ အပြတ်ပြောချင်တာ မဟုတ်ပါဘူး၊ ၉ တန်း၊ ၁၀ တန်း တက်နေတုံးက၊ မုံရွာ စတိတ်တူးလို့ ခေါ်တဲ့ အထက ၂ မှာ၊ စစ်တပ်ကနေ မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတွေ စာသင်ခန်းထဲအထိ လာဝေတာယူပြီး၊ တင်ခဲ့ဘူးတယ်။ အဲဒီတုံးက အသက် ၁၅ နှစ်ပေါ့။ ဆရာဝန် ဘွဲ့ပြီးတော့ ၂၄ နှစ်ရှိပြီ။ လုပ်ချင်တာ-မလုပ်ချင်တာတွေ မတူတော့ဘူး။ အခြေအနေနဲ့ ဘ၀လဲ ခြားနား၊ အကြိုက်လဲ ပြောင်းပြီ။
မေမြို့စစ်ဆေးရုံကို ၀င်လုပ်ကြရမဲ့ မန္တလေးက အောင်လာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်းတတွေ အတော့်ကို ဟောင်းနွမ်း ဆွေးမြေ့နေတဲ့ စစ်ဆေးရုံထဲက တိုက်အိမ်တလုံးမှာ စုနေကြရတယ်။ အေးလိုက်တာလဲ မပြောပါနဲ့။ ကိုယ်က မုံရွာ၊ မန္တလေးမှာ နေလာသူဆိုတော့ မေမြို့ဆောင်းကို ကြောက်တယ်၊ ရေတထပ်ချိုးဘို့ ဆိုတာ စွန့်စားခန်းဘဲ။ နောက် အနှစ် ၂၀လောက် ကြာရင် ဒီထက် ပိုအေးလှတဲ့ ချင်းတောင်တန်းကြီးကို ဒီဇင်ဘာလထဲ ခြေလျင်ဖြတ်ပြီး၊ တိုင်းပြည်ကနေ ထွက်ခွါရ ဦးမယ်လို့ သိခဲ့ရင့်။
အဲဒီကတည်းက ကျွန်တော် အိမ်ထောင်ကျပါပြီ၊ သားဦးလဲ ဖွါးပြီးပြီ။ ဇနီးကို ခေါ်လို့ မဖြစ်ဘူး။ အိမ်သပ်သပ် ငှားမနေနိုင်လို့။ အလုပ်သင်လခက ၂၀၀ ကျော်လေး၊ ဒါ့ကြောင့်လဲ ထရန်စဖါ ရတာ ပိုကြိုက်တယ်။
မေမြို့ စစ်တက္ကသိုလ်တက်ဘို့ လျှောက်လွှာတင်သူတွေ အဲဒီတုံးက ခလရ ၁၅ တပ်ထဲ သွားပြီး ရေးဖြေ ဖြေရတယ်။ လူ ၁၀၀ ကျော်လောက်ရှိမှာပါ။ အဲဒါ လနဲနဲ ကြာတော့ အောင်သတဲ့။ မှတ်မိသလောက် မုံရွာက ၆ ယောက် အောင်တယ်။ ရန်ကုန်သွားပြီး နောက်တဆင့် ဖြေရမတဲ့။ ဖြေတာပေါ့။ ရထား၊ ကား၊ စရိတ်ငြိမ်းမို့ ရန်ကုန်သွား ဖြေဖြစ်တာလဲ ဟုတ်ပါတယ်။
အဲဒီတုံးက ပြည်လမ်း ဗိုလ်ရွေးအဖွဲ့လို့ ခေါ်တဲ့ အိုတီတီ တပ်ထဲမှာ နေပြီး ရေးဖြေ၊ နှုတ်ဖြေ၊ တခြား ဖြေစရာတွေ ဖြေရတယ်။ တခြားဆိုတာတွေက စိတ်ပိုင်းမေးတာ၊ စစ်မြေပုံဖတ်တာတို့၊ ကာယ အလုပ်တွေက အတော်ပါတယ်။ တက်တာ-ဆင်းတာ၊ ကျော်တာ-ဖြတ်တာတွေပေါ့။ ဒုတိယအကြိမ် အောင်စာရင်း ထုတ်တော့လဲ အောင်ပြန်ရော။
အံ့သြတာက ကျွန်တော်က အောင်လဲ ထူးပြီး စိတ်လှုတ်ရှားတာ မရှိသလို၊ မအောင်လဲ အသာ အိမ်ပြန်ဘို့၊ ဒုတိယအဆင့် မအောင်လို့ ငိုသူတွေရှိတာ အံ့ရော။
ကျွန်တော် ညံ့တာ ကိုယ့်ကိုယ်ကို အဲဒီတုံးက မသိဘူး။ သူများတတွေက ဘာတွေ မေးမယ်၊ ဘာတွေ ဖြေရမယ်၊ ဘာပြီး ဘာ၊ အတော်သိကြတယ်။ အဲဒါတွေ အားလုံးလဲဘဲ ကျွန်တော့်အဖို့ အံ့စရာတွေ။ ကိုယ်ရချင်-ဖြစ်ချင်တာတွေ ကိုယ်က ကြိုသိထားအောင် လုပ်တယ်ဆိုတာ တော်တာပါ။ ကျွန်တော်က အတော့ ၈ တန်း- ၉ တန်း စာမေးပွဲတွေလို တနှစ် တတန်း၊ သင်ချိန် သင်။ စာကျက်ချိန် ကျက်၊ ဖြေချိန်ကျ ဖြေ၊ ဒီလောက်ထက် ပိုမသိခဲ့ဘူး။
စစ်ထွက် ဦးလေးတယောက်ရှိတာ မင်း ဘာမေးမေး ဦးအောင်သာ ဖြေ။ ကြောက်မနေနဲ့ ဆိုတဲ့ အကြံကောင်းလေး တခုတော့ ဆောင်သွားတာ၊ စစ်မြေပုံဖတ်ခိုင်းတော့၊ ဦးလေး အကြံအတိုင်း သူများတွေထက် ဦးအောင် ကျွန်တော် ဖြေတယ်။ ဘယ်နေရာကို ရဟတ်ယာဉ်နဲ့ ဆင်းမယ်ဆိုတာ ကျွန်တော် အရင်ဆုံး ခပ်တည်တည်ပြောလိုက်တယ်။ အမှတ်တော့ရမယ် ထင်တာဘဲ။ ဆရာလုပ်သူက ဆက်မေးတယ်၊ နောက်ပြီးတော့ကောတဲ့။ ကျွန်တော် ဘာမှ ဆက်မဖြေ တတ်တော့ပါ။
မကြောက်ရဘူး ဆိုတာတော့ သတ္တိ မွေးနိုင်တယ်၊ မသိတာတော့ မဖြေတတ်ဘူး။
တတိယအဆင့်က ဆေးစစ်။ စစ်လိုက်တာ စုံနေတာဘဲ။ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ အခေါက်ခေါက်။ နောင် နှစ်အနည်းငယ်ဆို ကျွန်တော် ဆေးရုံ-ဆေးဝန်ထမ်း ဆိုတဲ့ဘ၀ကို ရမယ်ဆိုတာ ကြိုမသိခဲ့ပါ။
ဒါနဲ့ ဆေးစစ်လဲ အောင်တယ်။ အဲ နောက်ဆုံးက ဘာစစ်တာမှတော့ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော် ကျတယ်။ လူ ၁၀၀ လား မသိဘူး ရွေးခေါ်တယ်။ ကျွန်တော်မပါဘူး။
စစ်တာဆေးတာ အကုန်အောင်၊ မစစ်တာက ကျ။ အောင်မြင်စွာ ဆုတ်ခွါရတယ်ဆိုတာ ဒါမှ အစစ်။

No comments:
Post a Comment