.

.

.

January 9, 2009

လွတ်လပ်သော စိတ် - အပိုင်း(၁)

လွတ်လပ်မှု အတွက် ကိုယ့်ကိုကိုယ် အားကိုးကြပါ

စာဖတ်ပရိသတ်များခင်ဗျား

ဆရာတော် ဦးဇောတိကကို ကျွန်တော် လေးစား ခဲ့ရသလို သူ့စာတွေဟာလည်း ကျွန်တော် အသည်းစွဲ ဖြစ်ခဲ့ရ ပါတယ်။ အခုတင်ပြမဲ့ ကောက်နုတ် ဖေါ်ပြချက်ကို ဖတ်ရူပြီး သေချာ စဉ်းစားကြည့်ကြရင်း လွတ်လပ်မှုအတွက် ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ဖို့ အားအင်သစ်တွေ မွေးဖွားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ကိုယ်ကျိုးမပါလို့ ကြောက်စိတ်မရှိဘဲ အာဏာရှင်တွေရဲ့  အကျဉ်းထောင်တွေထဲမှာ နှစ်ရှည် ထောင်ဒါဏ်ကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ဒီစာစုနဲ့ ဦးညွတ် ဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူ့အရည်အချင်း၊ လူ့အခွင့်အရေးကို ပိတ်ပင်တားဆီးနေတဲ့ အာဏာရှင် လူတစ်စုကို ဆရာတော်ရဲ့  စာစုတွေက မီးမောင်း ထိုးပြနေတဲ့အပြင် လွတ်လပ်မှုရဲ့  အနှစ်သာရကိုလည်း ပိုမို သိရှိနားလည်စေလို့ ဆရာတော်အား ကျွန်တော် ကိုဖိုးတရုတ်မှ ရှိခိုးပူဇော်ရင်း စာဖတ်ပရိတ်သတ်များအတွက် တင်ဆက်လိုက် ပါတယ် ခင်ဗျား။

အကြောင်းအကျိုး ကိုက်အောင် စဉ်းစားနိုင်တဲ့ လူ့အရည်အချင်းကို ပိတ်ပင်တာ ဖျက်ဆီးတာဟာ လူ့အရည်အချင်း အစစ်ကို ဖျက်ဆီးတာဖြစ်တယ်။ ဒါဟာ အရက်စက်ဆုံး၊ အကြီးလေးဆုံး ပြစ်မှုပဲ။ “အမှန်တရားကို မသိအောင် ပိတ်ပင်တာ အကြီးမားဆုံးပြစ်မှုကို လွန်ကြူးတာပဲ။”

ဘယ်သူတွေက ဒီပြစ်မှုကို လွန်ကြူးနေကြသလဲ။ “လူတွေကို လွှမ်းမိုးခြယ်လှယ်ချင်တဲ့သူတွေ။ လူတွေကို ကြောက်အောင်လုပ်ပြီး ကိုယ်ကျိုးရှာချင်တဲ့သူတွေ” ဖြစ်တယ်။

စဉ်းစားခွင့် မပေးတာ၊ သံသယ ဖြစ်ခွင့် မပေးတာ၊ ကြောက်အောင် လုပ်တာဟာ အသိဥာဏ်ကို သတ်လိုက်တာပဲ။ လူသားရဲ့  အကောင်းဆုံး အရည်အချင်းကို ဖျက်ဆီးလိုက်တာပဲ။ လူသားကို လူသား အဆင့်ကနေ ကျသွားအောင် လုပ်လိုက်တာပဲ။

မြတ်စွာဘုရားကတော့ လူသားကို အဆင့်မြှင့်ပေးလိုက်တယ်။ လူသားကို လူသားနဲ့ ထိုက်ထိုက်တန်တန် အသိအမှတ်ပြုတယ်။ အမှန်တရားကို တကယ်လိုလားရင်၊ လွတ်လပ်မှုကို တကယ်လိုချင်ရင် အမှားအမှန်ကို ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ ဒီတာဝန်ကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ကိုယ်လေးစားတဲ့သူဟာ အလွယ်လမ်းကို မလိုက်ဘူး။ အမှန်လမ်းကို လိုက်တယ်။ အမှန်လမ်းဟာ မလွယ်ဘူး။ တစ်ခါတလေ အမှန်တရားနဲ့ အကြိတ်အနယ် နပန်းလုံးနေရသလိုပဲ။ အမှန်တရားက တကယ်မှန်ရင် နောက်ဆုံးမှာ အမှန်တရားကပဲ အနိုင်ရပါတယ်။ အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်ပါတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ လက်မခံတာပါ။ လွယ်လွယ်နဲ့ လက်ခံရင် မလေးစားရာ ရောက်တယ်။

ပြောသမျှယုံမှ လေးစားရာ ရောက်တယ်လို့ ထင်နေကြတယ်။ ပြိုင်ဘက်မရှိလို့ ပထမ ရတယ်ဆိုတာ တကယ် ထိုက်ထိုက်တန်တန် ရတာလား။ အခုခေတ်မှာ ပြိုင်ဖက်မရှိ ပထမရနေတာတွေ တော်တော်များပါတယ်။ အကြိတ်အနယ်လုပ်ပြီးမှ အနိုင်ရတာဟာ ထိုက်ထိုက်တန်တန် အနိုင်ရတာ..နော်။

ကိုယ့်အသိဥာဏ်ကို အသိအမှတ် မပြုတာဟာ ကိုယ့်ကို လူလို့ သဘောမထားတာဘဲ၊အဲဒါဟာ စော်ကား တာပဲ။ ကိုယ့်ကို လူလို့ သဘောမထားတဲ့သူကို ကိုယ်က ဆရာလို့ ဘယ်လို သဘောထား နိုင်တော့မလဲ။ ဆရာတွေဟာ များသောအားဖြင့် “ငါပြောတာကို ယုံပါ။ ငါက တကယ်သိလို့ ပြောတာ။ မင်းတို့က ငါ့ကိုတောင် မယုံဘူးလား လို့ ပြောကြတယ်။ အဲဒီလို ပြောနေကြတာ ကြားခဲ့ရတာ များလှပြီ၊ ခေါင်းဆောင်လုပ်တဲ့သူ တော်တော်များများဟာ နောက်လိုက်တွေကို လှည့်စားတယ်။ ယုံလွယ်တဲ့ သူတွေကို လှည့်စားပြီး ကိုယ်ကျိုးရှာတယ်။ အခုခေတ်မှာတော့ ပြောတဲ့သူကလည်း ကိုယ်တိုင်သိလို့ ပြောတာ မဟုတ်ဘူး။ ယုံတဲ့ သူကလည်း ကိုယ်တိုင်သိဖို့ကို မကြိုးစားတော့ဘဲ လွယ်လွယ်နဲ့ဘဲ ယုံလိုက်တယ်။

ပြောတဲ့သူက သူပြောတာကို မယုံဘူးလို့ ဆိုရင် စိတ်ဆိုးသွားမှာ သေချာတယ်။ ဘာဖြစ်လို့ စိတ်ဆိုးမှာလဲ။ သူကိုယ်တိုင်က သိလို့ ပြောတာ မဟုတ်ဘဲကိုး။ သိလို့ ပြောတဲ့သူဟာ မယုံရင်လည်း စိတ်မဆိုးဘူး။ ဘာဖြစ်လို့ စိတ်မဆိုးတာလဲ မယုံရင် စမ်းကြည့်ပါလားလို့ သူပြောနိုင်တယ်။ ကိုယ်တိုင်က ကိုယ်တွေ့မရှိရင် စမ်းကြည့်ပါလို့ မပြောနိုင်ဘူး။ ဒါကြောင့် ကိုယ်တွေ့ မရှိတဲ့သူဟာ ပြောအားမရှိဘူး။ အကြောင်းအကျိုး သဘာဝကျအောင် မပြောဘဲ ကြောက် အောင် လုပ်ပြီး ယုံခိုင်းတယ်။

လှည့်စားချင်တဲ့သူဟာ သူပြောတာကို မယုံမှာ ကြောက်တယ်။ ကိုယ်ကျိုးရှာချင်တဲ့သူဟာလည်း ထို့အတူဘဲ။ မလှည့်စားချင်တဲ့သူ၊ ကိုယ်ကျိုးမရှာတဲ့ သူဟာ သူပြောတာကို မယုံမှာ မကြောက်ဘူး။ သူက ကိုယ်ကျိုးအတွက် ပြောတာမှ မဟုတ်ဘဲ။ ပြောတာ အကျိုးရှိတာကို သိစေချင်လို့ ပြောတာ။ မယုံလည်း ကိစ္စမရှိဘူး။ သူ့မှာ ဘာမှ ဆုံးရှုံးမသွားဘူး။ ဒါကြောင့် ကိုယ်ကျိုး မပါရင် ကြောက်စိတ်မရှိဘူး။ နောက်တစ်ချက်က ကိုယ်ယုံတာကို ကိုယ်ကိုယ်တိုင်က ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကို သိပ်မသေချာရင် သူများကို ယုံစေချင်တယ်။ သူများ မယုံမှာကို ပိုကြောက်တယ်။ ကိုယ်က တကယ် ဟုတ်မှန်း သိရင် သူများ မယုံတာကို သိပ် မကြေမနပ် မဖြစ်ဘူး၊ ယုံအောင်လည်း အတင်း မပြောဘူး။

ရိုးသားမှု မရှိဘဲ အမှန်တရားကို မသိနိုင်ဘူး။ အမှန်တရားကို မသိဘဲ လွတ်လပ်မှု မရှိနိုင်ဘူး။ အဲဒါကြောင့် အမှန်တရားကို သိဖို့ တသက်လုံး လေးလေးစားစား လုပ်ရမယ်။

င့ါအမိန့်ကို နာခံ၊ ငါ ပြောသလိုလုပ် လို့ ပြောကြတယ်။ အဲဒါ င့ါကို အားကိုးလို့ ပြောတာနဲ့ အတူတူဘဲ။ မင်းတို့ ဥာဏ်ကို မင်းတို့ မသုံးနဲ့လို့ ပြောတာနဲ့ အတူတူဘဲ။ သူများကို အားကိုးနေရင် လွတ်လပ်မှု မရှိဘူး။ ကိုယ့် ဥာဏ်လည်း မထွက်ဘူး။ အမြဲတမ်း ကလေးလို နေရမယ်။ မြတ်စွာဘုရားကလူကြီးဖြစ်အောင် လမ်းဖွင့် ပေးလိုက်တာ။ အားလုံးက လမ်းပိတ်ထားကြတယ်။ လူကြီး ဖြစ်ခွင့် မပေးဘူး။ မြတ်စွာဘုရားက လမ်းဖွင့်ပေး လိုက်တယ်။ လူကြီး ဖြစ်ခွင့်ပေးလိုက်တယ်။ ကလေးဆိုတာ သူများ ဆုံးဖြတ်ပေးတာကို လုပ်ရတယ်။ ကိုယ်တိုင် ဆုံးဖြတ်ခွင့် မရှိဘူး။ လူကြီးဆိုတာ ကိုယ့် ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်ရတယ်။ ကိုယ့် ဥာဏ်နဲ့ ကိုယ် မဆုံးဖြတ်နိုင်ရင် လူကြီး မဖြစ်သေးဘူး။ ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်နိုင်လေလေ လူကြီး ဖြစ်လေပဲ။ လွတ်လပ်မှု ပိုရှိလေပဲ။ မြတ်စွာဘုရားဟာ တပည့်တွေကို လူကြီးဖြစ်အောင် အားပေးတာ.. ကလေးလို တသက်လုံးနေအောင် မလုပ်ဘူး။ အဲဒါ တကယ့် မေတ္တာပဲ။ တသက်လုံး ကလေးလို နေအောင် လုပ်ထားတာ မေတ္တာ မဟုတ်ဘူး။

Do not depend upon others.

ဘယ်သူ့ကိုမှ မမှီခိုပါနဲ့..တဲ့။ ဘယ်လို ကိစ္စမှာ ဖြစ်ဖြစ် သူများကို မှီခိုနေရင် ကိုယ်က ကလေးလို နေရမယ်၊ ကလေးနေရာမှာ နေရမယ်။ စားဝတ်နေရေးမှာ သူများကို မှီခိုနေရင် ကလေးလို နေရမယ်၊ ပညာရေးမှာ အသိဥာဏ်ပိုင်းမှာ မှီခိုနေရရင်လည်း ကလေးပဲ။ စိတ်ချမ်းသာမှုအတွက် သူများကို မှီခိုနေရရင်လည်း ကလေး ဘ၀က မလွတ်သေးဘူး။ အစစ အရာရာမှာ ကိုယ့်အားကိုယ်ကိုးမှ လူကြီးဖြစ်မယ်။ လွတ်လပ်မယ်။ လူကြီး ဖြစ်တယ်ဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘူး။ ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လောက် အားကိုးသလဲဆိုတာနဲ့ဘဲ ဆိုင်တယ်။ လူတွေဟာ အားကိုးရမဲ့ လူကို လိုက်ရှာနေကြတယ်။ ရှာလို့ မတွေ့ရင် ဘယ်သူ့ကိုမှ အားမကိုးရပါလားလို့ ငြီးငြူကြတယ်။ အားကိုးရမဲ့သူကို တခြားမှာ ရှာနေသေးသရွေ့  အဲဒီအတိုင်း ငြီးငြူနေရမယ်။

ကဲ.. စာဖတ်ပရိသတ်များခင်ဗျား. ကျွန်တော်တို့ အားလုံး လွတ်လပ်မှု အတွက် ကိုယ့်ကိုကိုယ် အားကိုးကြပါစို့။

No comments: