.

.

.

February 8, 2009

မနေ့က တပ်မတော်နဲ့ ဒီနေ့ တပ်မတော် - အပိုင်း (၆)

သေနတ်ပြောင်းဝ က အာဏာစီးဆင်းတဲ့ စနစ်ဆိုးအောက်မှ ရုန်းထွက်ခဲ့သူ

ဆောင်းပါးရှင် - ဒုဗိုလ်မှူးကြီး အေးမြင့်

စာဖတ်ပရိသတ်များခင်ဗျား -

တပ်မတော်ကို သံယောဇဉ်ကြီးမားပြီး စစ်သားပီသလွန်းလှတဲ့ အဘဦးအေးမြင့်ရဲ့  ပြောရင်ပြောတဲ့ အတိုင်း ပြုမူခဲ့ပုံကို ကျွန်တော် ကိုဖိုးတရုတ်က ဆက်လက် တင်ပြပေးလိုက်ပါတယ်။ကိုယ့်သမိုင်း ကိုယ်ရေးရမဲ့ လူ့ဘ၀ ခဏတာမှာ ဗိုလ်နေ၀င်းဟာ သူ့သမိုင်းကို သူရေးဖို့မရဲခဲ့သလို ဘယ်သူကရော အကောင်းရေးနိုင်ပါသလဲ။ ထိုနည်းတူ ဗိုလ်သန်းရွှေကရော သူ့သမိုင်း သူရေးရာမှာ ဘာတွေရေးနိုင်မှာပါလဲ။ ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမိုင်းကြောင်းကိုရော ဘယ်သူဖျောက်ဖျက်နိုင်ပါသလဲ။အမှန်အတိုင်းဘဲ ရိုးရိုးလေး တွေးကြ ရေးကြပါစို့။

မနေ့က တပ်မတော်ရဲ့  G1 ရာထူးဟာ ကျွန်တော့်ရဲ့  နှစ်ပေါင်း (၃၀) နီးပါး ဖြတ်သန်းမှု ကာလ စစ်မှုထမ်း ဘ၀မှာ အမြင့်ဆုံး ရဖူးခဲ့တဲ့ ချီးမြှင့် မြှောက်စားမှု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် မမျှော်လင့်ခဲ့တဲ့ ရာထူး တာဝန်လည်း ဖြစ်ပါတယ်။ ရဖို့လည်း တကယ်တော့ မလွယ်လှပါဘူး။ တပ်မတော်မှာ အဆင့်မြင့် ရာထူး တာဝန်များကို ယုံကြည်စွာ နေရာပေး ခန့်ထားလိုသူများကိုသာ ပေးလေ့ပေးထ ရှိတဲ့ Potential Rank ဖြစ်ပါတယ်။ G1 ဖြစ်ပြီးရင် ဗျူဟာမှူး၊ ဒုတပ်မမှူး၊ ဒု တိုင်းမှူး၊ တပ်မမှူး၊ တိုင်းမှူးများ အထိ လမ်းပွင့်သွားပါတော့တယ်။

မနေ့က တပ်မတော်မှာ G1 ရာထူး တာဝန်ဟာ နောက်ဆုံး စမ်းသပ်မှု အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။ စစ်ဦးစီးချုပ် ဖြစ်သူ အားလုံးဟာ G1 ရာထူးတာဝန် ထမ်းဆောင်ဖူးသူများ ဖြစ်ကြပါတယ်။ မနေ့ကတပ်မတော်မှာ စစ်ဦးစီးချုပ် လုပ်ခဲ့သူ ဗိုလ်နေ၀င်း၊ ဗိုလ်စန်းယုနဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦးတို့သာ စီနီယာ ဂျူနီယာ လုပ်သက် ရင့်ကျက်မူ တပ်အစဉ်အလာအရ စစ်ဦးစီးချုပ် ဖြစ်လာခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ဆိုရင် ရတခမှာ G1 စစ်ရုံးချုပ်ရဲ့  G1 ပြီးကာမှ တပ်မ (၇၇)မှာ ဒုတပ်မမှူး၊ တပ်မ (၉၉) မှာ တပ်မမှူး၊ ရကတ တိုင်းမှူး၊ ဒုဦးစီးချုပ်မှ စစ်ဦးစီးချုပ် ဖြစ်လာသူ ဖြစ်ပါတယ်။ ဒီနေ့ တပ်မတော်ရဲ့  စစ်ဦးစီးချုပ် သက်လွန် စစ်သူတောင်းစားလည်း စစ်ရုံးချုပ်မှာ G1 ဖြစ်ခဲ့ပြီး တပ်မ (၈၈) မှာ ဒု တပ်မမှူး၊ တပ်မမှူး၊ နတခ တိုင်းမှူး မှ ဖြတ်သန်းကာ နေရာရခဲ့တာ တွေ့ရပါတယ်။

ဖြစ်ချင်တော့ ၁၉၈၃ ခုနှစ် ပထမ လေးလပတ် အစည်းအဝေး ကာလ၊ ဖေဖော်ဝါရီလား မတ်လလား မမှတ်မိတော့ဘူး။ တိုင်းမှူးရဲ့  PSO ဗိုလ်ကြီး ၀င်းထွန်းက ရန်ကုန်ကနေ ဖုန်းဆက်လာပါတယ်။ “G1 ကြီး ကျွန်တော်နဲ့ ကျွန်တော့်ဆရာ စက်စဲမှာ ရေသွားကူးတော့မယ်” တဲ့။(လက်ရှိတိုင်းမှူးက အရှေ့တောင်တိုင်းကို ပြောင်းရမှာကို ပြောတာပါ) ဒါနဲ့ ကျွန်တော်က တောင်ပေါ်(ရမခ တိုင်းမှူး အသစ်ကိုဆိုလိုတယ်) ဘယ်က တက်လာမလဲဆိုလို့ မေးလိုက်တော့ “ရထားနှစ်စင်းက စပယ်အာလူး”တဲ့။(ရထားနှစ်စင်း ဆိုတာက တပ်မ ၇၇ ဖြစ်ပြီး စပယ်အာလူးက စိန်အောင်လို့ဆိုလိုတာပါ)။ ဒါနဲ့ ကျွန်တော်လည်း ချက်ချင်းဘဲ ထွက်စာ ကောက်ရေးလိုက်တော့တာပါဘဲ။

နောက်နှစ်ရက် သုံးရက်မှာ တိုင်းမှူးတို့ လေယာဉ်နဲ့ ရန်ကုန်က လားရှိုးကို ပြန်လာကြပါတယ်။ စစ်လေယာဉ်ကို Col: Air ဗိုလ်မှူးကြီး တင်မောင်အေးက မောင်းလာတာပါ။ လေယာဉ်နဲ့အတူ မပခ တိုင်းမှူး ဗိုလ်မှူးချုပ် အဲလ်ကွန်ဖန်ရော ဒုတိုင်းမှူး ဗိုလ်မှူးကြီး စိုးညွှန့်တို့ ပါလာပြီး ရမခ မှာ နေ့လည်စာ စားဖို့ စီစဉ်ထားပါတယ်။ တိုင်းမှူးနဲ့ အဖွဲ့ လေယာဉ်ပေါ်ကအဆင်း လေယာဉ်အပေါက်ဝ ကနေ ဗိုလ်မှူးကြီး တင်မောင်အေးက အသံ ကျယ်ကျယ်နဲ့ “ဟေ့ ဗိုလ်အေးမြင့် လူ့ကံ ၀ကံပဲကွ၊ မင်း တရုတ်ကြီး မင်းဆီ ရောက်လာပြီ” လို့ အော်ပြော တော့တာပါဘဲ။ “ဟုတ်တယ် ကာနယ်ကြီး၊ ကျွန်တော်လည်း အားလုံး ပြင်ပြီးပါပြီ” လို့ အော်ပြီး ဖြေလိုက်ပါတယ်။ ရောင်းရင်းဟောင်းကြီး ဗိုလ်မှူးကြီး စိုးညွှန့်ကတောင် လူတစ်ဦးကြောင့် ကိုယ့်ရဲ့  ကယ်ရီယာကို ဘာလို့ အဆုံးခံရမှာလဲ။ အရမ်းမလုပ်နဲ့ ကိုအေးမြင့်လို့ တားရှာပါသေးတယ်။

ရိုးရိုးတမ်းတမ်း မိမိသဘော ဆန္ဒအရ နှုတ်ထွက်လွှာတင်ပြီး G1 ကနေ ထွက်ခဲ့တာ မနေ့ကတပ်မတော်မှာ ကျွန်တော် တစ်ဦးသာ ရှိမယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့  အပြုအမူနဲ့ တစောက်ကမ်း သောက်ရမ်း လုပ်မှုအပေါ် အကြီးအကဲများက မနှစ်မြို့ ခဲ့ကြတာ သတိပြုမိပါတယ်။ တချို့ ကတော့လည်း အံ့သြပြီး နှမြော ခဲ့ကြတယ်လို့ ဆိုပါတယ်။ မဟာ ရန်သူကြီး တယုတ် စိန်အောင်ကပင်လျှင် သူနဲ့ လုပ်ကြည့်ပါ၊ ထွက်စာ ပြန်လည် ရုတ်သိမ်းပါလို့ ပြောခဲ့ဖူးပါတယ်။

စိတ်ရင်းစေတနာကောင်းပြီး သမာသမတ်ရှိသူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ဆုံးမ ပဲ့ပြင်ခဲ့တဲ့ စကားများကို ဒီနေ့တိုင် ကြားယောင်နေပါသေးတယ်။ “မင်း သူနဲ့ တသက်လုံး နေရမှာ မို့လား၊ တပ်မတော်မှာ ဒီလို စိတ်ထားမျိုးထားရင် ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူးတဲ့၊ မင်းကို ကောင်းစားစေချင်လို့ ဇိကုပ်ပြီး နတ်ပြည် တင်တာဘဲ၊ ဒါကို ဖင်ပူတယ်ထင်ပြီး ခုန်ချချင်ရင်လည်း သွားတော့” တဲ့။ ဗိုလ်ချုပ်ကြီး သူရ ကျော်ထင်ကို မိဘ တစ်ဦးလို ရိုသေ ကြည်ညိုခဲ့သလို တော်မှန်တဲ့ အကြီးအကဲ တစ်ဦးအဖြစ်လည်း လေးစားခဲ့ရပါတယ်။

ယခင် တိုင်းမှူး ဗိုလ်မှူးချုပ် ချစ်ဆွေကလည်း မထွက်ဖို့ နဲ့ အရပ်ဘက်ကို ပြောင်းဖို့ သူတင်ပြပေးမယ်လို့ ဖျောင်းဖျ ရှာပါတယ်။ တိုင်းမှူးဟာ ကျွန်တော့် ကလေးကိစ္စ (ကားတိုက် သေဆုံးမှု) ဖြစ်ပြီး နောက်ပိုင်း ကျွန်တော့် အပေါ် စာနာဂရုဏာထားတာ တွေ့ရပါတယ်။

နောက်တစ်ရက် နံနက်မှာ ထွက်စာကို PSO မှ တဆင့် တိုင်းမှူးထံ တင်လိုက်ပြီး လားရှိုးဆေးရုံကို တခါတည်း တန်းတက်လိုက်ပါတော့တယ်။ (ရမခ) က ဘယ်သူ့ကိုမှ အတွေ့မခံတော့ပါဘူး။ လားရှိုးကနေပြီး မင်္ဂလာဒုံ ဆေးရုံကြီးကို ရွှေ့ ကာ ထွက်ခွင့် အမိန့်စာကို စောင့်ပြီး တစ်လကျော်ကြာမှ ထွက်ခွင့်ရခဲ့ပါတော့တယ်။ ကျွန်တော် အလွန် အင်မတန်မှ သံယောဇဉ်ကြီးလွန်းလှတဲ့ မနေ့က တပ်မတော်ကနေပြီး ကြေကွဲ ၀မ်းနည်းစွာနဲ့ဘဲ ကျောခိုင်းခဲ့ပါတယ်။

မနေ့ကတပ်မတော်ရဲ့  ဘာရာထူးအဆင့် ကိုမှလည်း မမက်မောတော့ပါဘူး။ မပျော်ပိုက်တော့တဲ့ မနေ့က တပ်မတော်မှာ ဆက်ပြီး နေချင်စိတ်လည်း မရှိတော့ပါဘူး။ မနေ့က တပ်မတော်က လူကြီး မပီသတဲ့ အကြီးအကဲများရဲ့  အောက်မှာ လူငယ်ပီသစွာ တာဝန်ထမ်းဆောင်ဖို့ လုံးဝ ဆန္ဒ မရှိတော့လို့ ကျောခိုင်းခဲ့တာပါဘဲ။ မနေ့က တပ်မတော်က ကျွန်တော့်ရဲ့  စစ်မှုထမ်းဟောင်း ကာလ အနှစ် (၃၀) နီးပါး ဘာပြစ်မှုမှ မရှိခဲ့ပါဘူး။ အထူးသဖြင့် ကိုယ့်ကျင့်တရားနဲ့ ပတ်သက်လို့ ငြိစွန်းမှု တစုံတရာ မရှိခဲ့ပါဘူး။ နိုင်ငံတော် စရိတ်ကို မလျော်မကန် မတော်မှန်စွာ မြိုဆို့ စားဝါးခဲ့တာ စိုးစင်းမျှ မရှိခဲ့ပါဘူး။ ဒီနေ့ တပ်မတော်က ဗိုလ်ယုတ်၊ ဗိုလ်တုတ်ကြီးများနဲ့ ယှဉ်ပြီး အစမ်းသပ် ခံရဲပါတယ်။ ဒီနေ့ တပ်မတော်က တိုင်းပြည်ကို ချစ်ပါတယ် ဆိုတဲ့ ဗိုလ်ရှုပ်ကြီးများနဲ့ အမှန်တကယ် အဖြေမှန် ပေးတဲ့ ကွန်ပြူတာပေါ်မှာ ယှဉ်ပြီး စိစစ်ခံရဲပါတယ်။

ကျွန်တော် လူညံ့တစ်ဦး မဟုတ်လို့ ဘယ်သူ့ကို အားကိုးဆည်းကပ်ရင် ဘ၀ရှေ့ရေး စိုပြေကြီးပွါးမယ် ဆိုတာ သိပါတယ်။ လုပ်လည်း လုပ်တတ်ပါတယ်။ ဆည်းကပ်ကိုးကွယ်သူရဲ့  အကြိုက်ကို မှားမှား မှန်မှန် တပ်က မထွက်မချင်း လိုက်ရမဲ့ အဖြစ်ကို သိနားလည်တယ်။ သူ့အတွက် ကိုယ့်ဘ၀ကို အပ်နှင်းရမဲ့ လုပ်စားနည်းမျိုး ကိုတော့ အလွန် အင်မတန် ရွံ့မုန်း တာကြောင့် ကိုယ့်ဘ၀ကိုယ် ပိုင်ဆိုင်နိုင်ရေးလမ်းကိုသာ ရွေးခဲ့ တာပါ။ ရာထူးနေရာ စည်းစိမ် လုပ်ပိုင်ခွင့်တွေ တပုံတပင်ကြီးရပြီး စိတ်သောကကြောင့်ကြမှုတွေ ဒုနဲ့ဒေး နေရမဲ့ အဖြစ်မျိုး မလိုလားပါ။ သူ့စိတ်နဲ့ ကိုယ့်ကိုယ် လိုသလို အသုံးချခွင့် ကျွန်တော် မပေးနိုင်ပါ။ တပ်မတော်က သတ်မှတ် ပြဌာန်းထားတဲ့ စစ်စည်းကမ်း စည်းမျဉ်း လုပ်ထုံးလုပ်နည်း ဘောင်အတွင်းမှာ သိက္ခာရှိရှိ တာဝန်သိသိ လှုပ်ရှားချင်တဲ့ ကျွန်တော့် ကိုယ်ပိုင်မူအရ မနေ့က တပ်မတော်ကို သံယောဇဉ်ကြီးစွာနဲ့ ကျောခိုင်းခဲ့ပါတယ်။

တပ်မတော်ရဲ့  သဘောသဘာဝ အရ စစ်သည်များဟာ ဦးစီးကွပ်ကဲသူ တပ်ဗိုလ်၊ တပ်မှူးတို့ရဲ့  စံနမူနာကောင်းကို
အတုယူ အားကျကာ လိုက်လံလှုပ်ရှားတတ်ကြပါတယ်။ ကျွန်တော် ရဲဘော်ဘ၀တုန်းက အရည်အသွေးပြည့်ဝတဲ့ အထက်အရာရှိ တပ်ဗိုလ် တပ်မှူးများကို စံထားကာ အတုယူ ကျင့်ကြံအားထုတ် လှုပ်ရှားခဲ့ပါတယ်။ ၀တ်စား ဆင်ယင်မူကအစ ပြောဟန်ဆိုဟန် စစ်မိန့်ပေးသံ ပါမကျန်အောင် အတုခိုးကျင့်ကြံ လှုပ်ရှားခဲ့ပါတယ်။ မနေ့က တပ်ဗိုလ် တပ်မှူး အများစုဟာ လျော်ကန် တော်မှန်စွာ ဦးစီးကွပ်ကဲကြသလို လက်အောက်ငယ်သားများ ကိုလည်း သွန်သင်ပဲ့ပြင် လမ်းညွှန်လေ့ ရှိကြပါတယ်။ လမ်းမှားကို မလိုက်မိစေရန် ဆုံးမထိန်းကြောင်းမှု ပေးခဲ့ကြပါတယ်။ အမှားတစ်ခုကို နောက်ထပ်အမှားတစ်ခုနဲ့ မပြင်မိဖို့ စေ့စေ့စပ်စပ် ကြပ်မတ် သင်ကြားစေခဲ့ပါတယ်။ ရဲဘော်စိတ်ပြည့်ဝဖို့ ကိုယ်ကျင့်တရားကောင်းဖို့ တည့်မတ်ပြုပြင် သွန်သင်တာ ခံယူခဲ့ဖူးပါတယ်။

ဒီနေ့ တပ်မတော်မှာ စံနမူနာကောင်းပြနိုင်သူ စေ့ဆော်ဆုံးမပဲ့ပြင်ပေးမဲ့သူ တော်မှန်စွာ သင်ကြား လေ့ကျင့်ပေးသူ မရှိသလောက်ပါဘဲ။ အတ္တ၊ငို့ဘ၊ မာန်မာန၊ လောဘ၊ ဒေါသ၊ မောဟ တရားတွေက ဖိစီးပြီး ကိုယ့်အတွက်သာ ကိုယ်ကြည့်လို့ “အလိုက်သင့် မောင်ဘဦး” တပ်ဗိုလ် တပ်မှူး တွေသာ များနေပါတယ်။ အခါအခွင့်ရချိန်မှာ စံစားနိုင်ဖို့ ၀ါးမြိုဆို့ဖို့ကိုသာ စိတ်ဝင်တစား လုပ်စားနေကြတာများလာလို့ မနေ့က တပ်မတော်ရဲ့  အစဉ်အလာ ကောင်းတွေဟာ တစတစ ပျောက်ကွယ်သွားပြီး စစ်တပ်ဟာ စစ်တပ်နဲ့ မတူတော့ဘဲ လက်နက်ကိုယ်စီ ကိုင်ထားတဲ့ လူရမ်းကား တစ်စုပုံသွင် မြင်လာနေရပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်ခေတ် မဆလ ၂၆ နှစ်တာ ကာလမှာ နိုင်ငံရေး သဘောတရား၊ အတွေးအခေါ်တွေ ၀င်ခဲ့ရာမှ တပ်မတော်ရဲ့  စနစ်တကျ ရှိမှုများ ပျက်ပြားကာ တပ်ပုံစံ ပြောင်းသွားခဲ့တာ သတိပြုမိပါတယ်။ စစ်အာဏာရှင်တို့ မှိုင်းတိုက် သွတ်သွင်းမှုများအရ သမိုင်းမှန်များ မှေးမိန်ခဲ့ရသလို စစ်အာဏာရှင်တို့ရဲ့  အလိုကျ သမိုင်းလိမ်များ၊ ယုတ္တိဗေဒဆန်တဲ့ အကြံအဖန် သမိုင်းတို့သာ ရေပန်းစားလာခဲ့ပြီး မျိုးဆက်သစ် စစ်သည်များဟာ ဒီသမိုင်းတု၊ သမိုင်းလိမ်တွေနဲ့သာ ယဉ်ပါးခဲ့ကြ ရပါတော့တယ်။ ဒါကြောင့်ပဲ တကယ့် ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမိုင်းဟာ ဒီနေ့တပ်မတော်က မျိုးဆက်သစ် တပ်ဗိုလ်၊ တပ်မှူးတွေ တိတိပပ မသိကြတော့တာ ဖြစ်ပါတယ်။ အလွန်အင်မတန်မှ ရင်နာဖို့ ကောင်းလှပါတယ်။ ဒီနေ့ တပ်မတော်ဟာ အာဏာရှင်နဲ့ အပေါင်းပါ တစ်စုရဲ့  အသုံးချခံ ကိရိယာဘ၀မှာ ထဲထဲဝင်ဝင် ခံယူလုပ်စားနေကြတာ တွေ့ရပါတယ်။ တပ်မတော်မှာ “မကောင်းတဲ့ စစ်သား မရှိဘူး၊ မကောင်းတဲ့ စစ်ဗိုလ်သာ ရှိသတဲ့။”

မကောင်းတဲ့ တပ်ဗိုလ်၊ တပ်မှူးတွေ ဒီနေ့ တပ်မတော်မှာ တပုံတပင်ကြီး ရှိနေတာ တွေ့ရပါတယ်။ ဒီ တပ်ဗိုလ်၊ တပ်မှူး၊ လူဆိုး၊ လူညစ်တွေကြောင့် တပ်မတော် ရွာနာ နေရတာပါ။ ဒီနေ့ တပ်မတော်ဟာ အစဉ်အလာ ကောင်းပြီး သိက္ခာရှိတဲ့ မနေ့က တပ်မတော်မျိုး ပြန်လည် ရောက်လိုလျှင် ဒီကနေ့လို မကောင်းဆိုးဝါး၊ စစ်သူတောင်းစား တပ်ဗိုလ်၊ တပ်မှူးများကို ရှင်းလင်းဖယ်ရှား သန့်စင်သွားကြပါလို့သာ ဆန္ဒပြု စေ့ဆော်လိုက် ရပါတယ်။

No comments: