.

.

.

February 9, 2009

လွတ်လပ်သော စိတ် - အပိုင်း(၃)

လွတ်လပ်မှု တရားမျှတမှု နှင့် လူ့ဂုဏ်သိက္ခာ

စာဖတ်ပရိသတ်များခင်ဗျား-

တရားမျှတမှုဟာ လူ့ဝတ္တရား ဖြစ်တဲ့အကြောင်းနဲ့ လွတ်လပ်မှုရဲ့  အနှစ်သာရကို တိတိကျကျ တင်ပြထားတဲ့ ဆရာတော် ဦးဇောတိကရဲ့  အတွေးနဲ့ အရေးကို ဒီကနေ့ ကောက်နုတ် တင်ပြပေးလိုက်ပါတယ်။ လေးလေး နက်နက် ဖတ်ရှူ့ပြီး ဆရာတော်ရဲ့  ဆိုလိုရင်းကို ဖေါ်ထုတ်ကြဖို့ ကျွန်တော် ကိုဖိုးတရုတ်မှ ဆရာတော် သံဃာတော်များ ဂုဏ်ကျေးဇူးကို အထူးအောင်းမေ့ရင်း တိုက်တွန်း တင်ဆက် လိုက်ပါတယ် ခင်ဗျား။

လွတ်လပ်တဲ့ သူဟာ မယုံသင့်တာကို မယုံတော့ဘူး။ မယုံသင့်တာကို မယုံတဲ့ လူရဲ့ ဘ၀ဟာ ရှင်းတယ်။ မကြောက်သင့်တာကို မကြောက်တဲ့သူရဲ့  စိတ်ဟာ ကြည်လင်ပေါ့ပါးတယ်။ မမျှော်လင့်သင့်တာကို မမျှော်လင့်တဲ့ သူဟာ တခြား လုပ်သင့်တာကို လုပ်နိုင်လို့ သူ့ဘ၀ဟာ ပိုပြီး အဆင်ပြေတယ်။

ဘုန်ကြီး ငယ်ငယ်ကတည်းက လက်ကိုင်ထားတဲ့ မူတစ်ခုရှိတယ်-
  1. ကိုယ်လည်း အကျိုးမရှိတာ သူများလည်း အကျိုးမရှိတာ မလုပ်ဘူး။
  2. ကိုယ့်မှာ အကျိုးရှိတယ်၊ သူတစ်ပါးကို မထိခိုက်ဘူးဆိုရင် လုပ်တယ်။
  3. ကိုယ့်မှာလည်း အကျိုးရှိတယ်၊ သူတစ်ပါးမှာလည်း အကျိုးရှိတယ် ဆိုရင်တော့ ပိုပြီးလုပ်တယ်။
  4. ကိုယ့်မှာ အကျိုးမရှိဘူး၊ သူတစ်ပါးမှာ အကျိုးရှိတယ်ဆိုရင် တခါတလေ လုပ်တယ်။
  5. ကိုယ့်အတွက် အကျိုးရှိတယ်၊ သူတစ်ပါးကိုတော့ ထိခိုက်တယ်ဆိုရင်တော့ မလုပ်ဘူး။
  6. ကိုယ့်ကိုလည်း ထိခိုက်တယ်၊ သူတစ်ပါးကိုလည်း ထိခိုက်တယ်ဆိုရင်တော့ လုံးဝ မလုပ်ဘူး။ (အမှိုက်ပစ်တာ၊ တံတွေးထွေးတာကအစ ဆင်ခြေပါ။)
သူများ အကူအညီ များများ ယူတဲ့သူဟာ အရည်အချင်း မထွက်တော့ဘူး။ လွတ်လပ်တဲ့သူဟာ သဘာဝ အကြောင်းအကျိုးကို လေးစားတယ်။ သဘာဝ မကျတဲ့ အယူအဆ တစ်ခုကို ယုံမိရင် နောက်ထပ် သဘာဝ မကျတာတွေကို ယုံဖို့ လမ်း ဖွင့်လိုက်သလို ဖြစ်သွားတယ်။ အမှားတစ်ခုက နေရာယူပြီး လမ်းပိတ် ထားလိုက်ရင် အမှန်က နေရာ မရတော့ဘူး။

တာဝန်သိမှုဟာ လွတ်လပ်မှုအတွက် မရှိမဖြစ်တဲ့ အရာဖြစ်တယ်။ တာဝန်မသိတဲ့သူ၊ တာဝန်မဲ့ လုပ်တဲ့သူဟာ လွတ်လပ်မှုနဲ့ မတန်တဲ့သူ ဖြစ်တယ်။ လွတ်လပ်မှု ဆိုတာ သတိရှိတဲ့သူ၊ ဥာဏ်ရှိတဲ့သူ အတွက်ဘဲ။ သတိမရှိတဲ့သူ၊ ဥာဏ်မရှိတဲ့သူဟာ မလွတ်လပ်တဲ့ ဘ၀မှာ နေရမယ်။ လွတ်လပ်တဲ့ စိတ်ကို သိမှ လူသားရဲ့  မြင့်မြတ်မှုကို သိမယ်။ လွတ်လပ်မှု၊ ရိုးသားမှု မရှိဘဲ စစ်မှန်တဲ့ ဂုဏ်သိက္ခာဆိုတာ မရှိပါဘူး။ လွတ်လပ်ရင် စိတ်ချမ်းသာမယ်၊ တရားမျှတရင် ဂုဏ်သိက္ခာ ရှိမယ်။

လွတ်လွတ်လပ်လပ် လွှတ်ထားပြီး မွေးတဲ့ခွေးတောင် ပိုပြီး ပျော်ရွှင်တဲ့ အမူအရာ ရှိတယ်။ ပိုပြီး ကျန်းမာတယ်။ လှောင်အိမ်ထဲမှာ လှောင်ထားပြီး မွေးတဲ့ ခွေးဟာ မပျော်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ လွတ်လွတ်လပ်လပ် ကစားခွင့်ရတဲ့ ကလေးဟာ ကျန်းမာတယ်။ ပျော်တယ်။ ဥာဏ်လည်း ပိုကောင်းတယ်။ ဘာမှ လုပ်ခွင့်မရတဲ့ ကလေးဟာ ထိုင်းမှိုင်းနေတယ်၊ မပျော်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူး။ လွတ်လွတ်လပ်လပ် စာဖတ်ခွင့်ရတဲ့ လူငယ်တစ်ယောက်ဟာ သူ သိချင်တာတွေကို ရှာဖတ်နေရရင် သိပ်ပျော်တယ်။ ဒီစာမဖတ်ရဘူး၊ ဟို စာ မဖတ်ရဘူးဆိုရင် ချုပ်ချယ်ရင် စိတ်ဆင်းရဲတယ်။ လူတွေ မသိအောင် ခိုး ဖတ်မယ်။

လွတ်လွတ်လပ်လပ် သွားခွင့်၊ လေ့လာခွင့် ရရင်လည်း ပျော်တယ်၊ ပညာတိုးတယ်။ ဘုန်းကြီးငယ်ငယ်တုန်း ကဘုန်းကြီးတို့ မြို့ မှာ ဘုန်းကြီး မလျှောက်ဘူးတဲ့ လမ်း မရှိဘူး။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ သိတယ်။ ဘယ်နေရာမှာ ဘာဆိုင်ရှိလဲဆိုတာ သိတယ်။ အကြောင်းရှိလာရင် သွားတယ်၊ လုပ်တတ်တယ်၊ ဒါကြောင့် ပျော်တယ်။ အဆင်ပြေတယ်။ လွတ်လပ်ရင် စိတ်ချမ်းသာတယ်၊ ပျော်တယ်၊ ပညာတိုးတယ်၊ အဆင်ပြေတယ်။ မလွတ်လပ်ရင် စိတ်ဆင်းရဲတယ်၊ မပျော်ဘူး၊ ပညာမတိုးဘူး။

မကောင်းတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ တချို့ ကိစ္စတွေမှာ ကောင်းတယ်၊ မကောင်းဘူး ဆိုတာ မဆုံးဖြတ်နိုင်ရင် စမ်းကြည့်တဲ့ အနေနဲ့ လုပ်ရမယ်။ ကိုယ့်စိတ်က တကယ် လွတ်လပ်တဲ့အခါ၊ ကိုယ့် အသိဥာဏ်က တကယ် လွတ်လပ်တဲ့အခါ ပိုပြီး လေးနက်တဲ့ ပျော်နည်းနဲ့ ပျော် တတ်လာမယ်။

ပညာရှာတာမှာ လွတ်လပ်မှု ရှိရင် ပိုပြီး တိုးတက်မယ်။ ပိုပြီး အဆင်ပြေမယ်။ စီးပွားရှာရာမှာ လွတ်လပ်မှု ရှိပြီး မျှတမှုလည်း ရှိရင် ပိုတိုးတက်မယ်၊ ပိုပြီး အဆင်ပြေမယ်။ တရားမျှတမှု မရှိရင် ဂုဏ်သိက္ခာ မရှိဘူး။ လူ့ သဘာဝမှာ ဟိရိ သြတ္တပ္ပဆိုတဲ့ ရှက်တတ်၊ ကြောက်တတ်တဲ့ စိတ်ဟာ ရှိပါတယ်။ မွေးရာပါ စိတ် ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ မွေးရာပါ စိတ်ကို ပိုပြီး အားကောင်းလာအောင် လေ့ကျင့်ပေးဖို့တော့ လိုတယ်။ မကောင်းတာ၊ မမှန်တာ၊ မရိုးသားတာကို လုပ်ရမှာ ရှက်တဲ့စိတ်၊ ကြောက်တဲ့စိတ်ကို လေ့ကျင့်ပြုစု ပေးရမယ်။

မတရားတာ၊ မမျှတတာကို လုပ်တဲ့သူဟာ သိလျှက်နဲ့ လုပ်ကြတာ များပါတယ်။ လောဘ အားကြီးလွန်းရင် မတရားတာကို လုပ်တယ်။ လုပ်တဲ့သူက သိသလို ဘေးလူတွေကလည်း သိပါတယ်။ ဒီလူ့လောကကြီးမှာ တရားတယ်၊ မတရားဘူး ဆိုတာကို သိဖို့ အလွန်ကြီး မခက်ပါဘူး။ ကလေးတွေတောင် သိသင့်သလောက်တော့ သိပါတယ်။ မတရားတာကို လုပ်တဲ့သူဟာ သူ့ကိုသူ လေးစားမှု လျော့တယ်။ မလွဲသာ၊ မရှောင်သာလို့ လုပ်ရတာပါလို့ ဆင်ခြေပေမဲ့ စိတ်ကြည်ကြည်လင်လင်နဲ့ မတရားတာကို လုပ်လို့ မရဘူး။ သူ့စိတ်ကို သူ လှည့်စားပြီး လုပ်နေရတယ်။ အဲဒါကိုက ဂုဏ်သိက္ခာ ကျနေတာဘဲ။ သူ့အမြင်မှာဘဲ သူ့ကိုယ်ကိုသူ သိက္ခာ မရှိတဲ့သူ အဖြစ် ခံစားနေရပါတယ်။ “ငါ မတရားတာကို လုပ်နေတယ်” ဆိုတာ သူသိပါတယ်။ “ငါ မတရားတာကို လုပ်နေတာ ဆိုတာ လူတွေသိတယ်၊ ငါ့ကို လူတွေ တကယ် မလေးစားဘူး၊ လေးစားဟန်ဆောင်နေတယ်” ဆိုတာကို သူ သိနေပါတယ်။ ဒါကြောင့် လူတွေနဲ့ ဆက်ဆံတဲ့အခါ ဒေါနဲ့ မောနဲ့ မာန်နဲ့ ဆက်ဆံတတ်တယ်။ ဒေါသ ပိုကြီးတယ်၊ သူ့စိတ်မှာ လွတ်လပ်မှု၊ အေးချမ်းမှု မရှိဘူး။

ဒါကြောင့် တရားမျှတမှု မရှိတဲ့သူရဲ့  စိတ်ဟာ လွတ်လပ်မှု၊ အေးချမ်းမှုလည်း မရှိဘူး လို့ ဆိုနိုင်တယ်။ Peace of mind လည်း မရှိဘူး။ Inner Freedom လည်း မရှိဘူး။ Guilt ရှိမယ်။ အပြစ်ရှိတဲ့သူ ဆိုတဲ့ ခံစားမှု ရှိမယ်။ Guilt ရှိရင် Inner Freedom မရှိဘူး။ Inner Freedom ကို လိုချင်ရင် Guilt ဖြစ်မဲ့ ကိစ္စ တွေကို အတတ်နိုင်ဆုံး ရှောင်ရမယ်၊ မတရားတာကို မလုပ်ရဘူး။ မတရားမှန်း၊ မမျှတမှန်း သိလျှက်နဲ့ လုပ်ခဲ့တဲ့ ကိစ္စတစ်ခုကို ပြန်စဉ်းစားကြည့်လိုက်ပါ။ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။ မစဉ်းစားချင်ဘူး၊ စိတ်ကို မြန်မြန် အာရုံပြောင်း လိုက်ချင်တယ်။ သို့မဟုတ်ရင် တရားပါတယ်လို့ ကိုယ့်ကိုကိုယ် အကြောင်း အမျိုးမျိုး ပြပြီး ဖြေရှင်းချက် ပေးချင်တယ်။ ဖြေရှင်းချက် ခဏခဏ ပေးနေရင် ဘယ်လို အဓိပ္ပာယ် ကောက်မလဲ။ မတရားလို့ပဲ။ တကယ့် တရားတာကို စေတနာ ကောင်းနဲ့ လုပ်ခဲ့ရင် ကိုယ့်စိတ်မှာ ဘာ ဖြေရှင်းချက်မှ ပေးနေစရာ မလိုတော့ဘူး။ စိတ်အေးချမ်းနေမယ်။ ပြန်တွေးတိုင်း စိတ်ချမ်းသာနေမယ်။

မတရား မမျှတတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှု ရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်လို ပြောနိုင်မလဲ။ မတရားတာ လုပ်တဲ့သူ ရှိရင် ခံရတဲ့ သူ ရှိတယ်။ ခံရတဲ့ သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တစ်ဦးကို တစ်ဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု မရှိ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်ချမ်းသာမှု ဘယ်လို လုပ်ရနိုင်တော့မလဲ။ လူ့ တချို့  မတရားတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာ ရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။

တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာကောင်းတဲ့ (Human Values) သုံးပါး မရှိရင် အဆင့်မြင့်တဲ့ လူ့ အသိုင်းအ၀ိုင်း မဖြစ်သေးဘူး။ ဒါပေမဲ့ တရားမျှတတာဟာ ဂုဏ်သိက္ခာရှိချင်လို့ လုပ်ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ တရားမျှတတယ်ဆိုတာဟာ လူတိုင်းရဲ့  ၀တ္တရားဖြစ်ပါတယ်။ မတရားရင် ၀တ္တရား ပျက်ကွယ်တယ်။ မတရားတာကို လုပ်နေတဲ့သူဟာ လူ့ကျင့်ဝတ်၊ လူ့ဝတ္တရား ပျက်ကွက်တဲ့သူ ဖြစ်တယ်။ သူဟာ ဂုဏ်သိက္ခာ မရှိတဲ့သူ ဖြစ်တယ်။ မတရားတာ၊ မမျှတတာကို လက်မခံသင့်ဘူး။ မတရားတာ၊ မမျှတတာကို လက်ခံရင် အားပေးရာ ရောက်တယ်။ မတရားတာကို မြင်ရ ကြားရရင် “မတရားဘူး” လို့ ကိုယ့်ကိုယ်ကို အရင် ပြတ်ပြတ်သားသား ပြောပါ။ နောက် ကိုယ့်မိတ်ဆွေ တစ်ယောက်ယောက်ကို ပြောပါ။

ခွေးက လူကို ကိုက်ခြင်း သတင်း

ပေးပို့သူ - NCGUB (BO)

ကေအဲန်ယူ တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖတပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ် ကောင်းမြတ်က "မင်းတို့ကို နှိပ်စက်တာ မီဒီယာတွေအတွက် ရိုးနေပြီ။ သတင်းမဟုတ်တော့ဘူး။ မီဒီယာတွေက မဖော်ပြတော့ဘူး၊ အရေးလုပ်ပြီး အသံမလွှင့်တော့ဘူး။ အဲဒါတွေကို အားကိုးမနေနဲ့။ ငါတို့နှိပ်စက်ချင်သလို နှိပ်စက်လို့ရတယ်" လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက်ညှဉ်းပန်းမှု၊ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေ ပါတယ်။

ဇန်နဝါရီလဆန်းကစပြီး တောင်ငူခရိုင် ဘောဂလိကြီး ၁၂ ရွာမှာ နအဖတပ်တွေက လူထုကို ရိက္ခာထမ်းခိုင်းတာ၊ ကားလမ်းတလျှောက် လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေအသုံးပြုတာတွေ လုပ်နေပါတယ်။ ဖေဖော်ဝါရီ ၆ ရက်နေ့ က ဘောဂလိရွာသား ၅၀ နဲ့ ရေသိုးကြီးရွာသား ၂၀ ကို ဘောဂလိကားလမ်းပေါ်မှာ ရင်ဘောင်တန်း တန်းစီလျှောက် ခိုင်းပြီး လူသားဒိုင်း၊ လူသားမိုင်းရှင်းကရိယာအဖြစ် မြေမြှုပ်မိုင်းကာကွယ်ရေး လုံခြုံရေး ယူခိုင်းခဲ့ပါတယ်။ ဒါ့အပြင် ဘောဂလိကြီးက စောမောင်ကရူးရဲ့ကားနဲ့ စောသာထိုရဲ့ကားတွေကိုလည်း ချောဆွဲပြီး ကားလမ်းပေါ်မှာ မိုင်းရှင်းတဲ့ အနေနဲ့ အစုန်အဆန်မောင်းခိုင်းခဲ့ပါတယ်။ တပ်စခန်းေ ဆာက်ဖို့အတွက် ကျေးရွာ တွေကို ဝါးဘိုးဝါးဆင့်တာကြောင့် ရွာတွေမှာ ဝါးဘိုးဝါးတောင် မျိုးတုံးတော့မယ့်အခြေဆိုက်နေပါပြီ။

ဖေဖော်ဝါရီ ၆ ရက်ည ၇ နာရီလောက်မှာ နအဖတပ် တိပ်ပုရွာတပ်စခန်းက တိပ်ပုရွာထဲကို လက်နက်ကြီးနဲ့ အသားလွတ်ပစ်ထည့်လို့ တိပ်ပုရွာသူများဖြစ်တဲ့ နော်ဘွေဖော (၁၈ နှစ်)၊ နော်ခိုးခိုး (၁၄ နှစ်) နဲ့ မိတဆိုး နော်ဒေးမူးဆိ (၁ နှစ်) တို့အပြင် အလည်ရောက်နေတဲ့ ဖလောဘောဒဲရွာသူ နော်ဟဲခလေး (၂၂ နှစ်) နဲ့ ဇရပ်ကြီးမှလာတဲ့ ဈေးသည် မောင်မင်းထင် (၃၀ နှစ်) တို့ ၅ ယောက် လက်နက်ကြီးအစထိမှန် ဒဏ်ရရသွား ခဲ့ပါတယ်။

တောင်ငူခရိုင် သံတောင်ကြီးနယ်မှာ မဟာဓာတ်အားလိုင်း တာဝါတိုင် ဗုံးခွဲခံရလို့ဆိုပြီး နအဖ စကခ-၅ က နဗဟမှူး ကံ ပေါ်ဦး က ဓာတ်အားလိုင်းတလျှောက်ရွာသားတွေကို ဗုံးခွဲခံရရင် လျော်ရမယ်လို့ အမိန့်ထုတ် ခဲ့ပါတယ်။

ကေအဲန်ယူ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ သထုံခရိုင်မှာ DKBA တပ်ရင်း ၉၀၇၊ ၉၉၉ နဲ့ နအဖတပ် ခမရ ၂၁၄၊ ခလရ ၉၆ တို့ ပူးတွဲပြီး ပြည်သူလူထုကို လုပ်အားပေးခိုင်းစေခြင်း၊ ညှဉ်းဆဲရိုက်နှက်ဗိုလ်ကျခြင်းများ ကျူးလွန်နေ ကြပါတယ်။ နအဖ ခလရ ၉၆ တပ်စခန်းမှူး မျိုးဇော် က သဲ့ဘောထာ၊ ပိုကလေလို စတဲ့ရွာတွေကို တရွာလျှင် ဝါးအလုံး ၅၀၀ ခုတ်ပို့ ခိုင်းနေပါတယ်။

No comments: