.

.

.

February 12, 2009

တချိန်တုန်းကသူငယ်ချင်း ကျော်ဆန်းသို့ ပေးစာ

ပေးပို့သူ - ကျောင်းဆင်းဘက်

စာဖတ်ပရိသတ်များခင်ဗျား-

ဗိုလ်ကျော်ဆန်းနဲ့ ဗိုလ်သင်တန်း ကျောင်းဆင်းဘက် တပ်မတော်အရာရှိ တစ်ဦးမှ ပေးပို့လာတဲ့ ပေးစာ တစ်စောင်ကို ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ယခုလိုပေးပို့ လာတဲ့အတွက် ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင် ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အားဘာလော့ဂ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ကျော်ဆန်း ရေ

တို့ငယ်ငယ်တုန်းက ကျောင်းမှာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း သင်ကြရတယ် မဟုတ်လား၊ အခုလို ဖေဖေါ်ဝါရီလ ရောက်ရင် “ ဖေဖေါ်ဝါရီ ၁၃ ဟာ..ဗိုလ်ချုပ်မွေးနေ့ ပါ…ဦးဖာ၊ ဒေါ်စု…” ဆိုတဲ့အပိုဒ်ရောက်တော့ တစ်တန်းလုံး သံပြိုင် အားရပါးရ အကျယ်ကြီးအော်ပြီး ဆိုခဲ့ကြတယ်လေ။


အေး၊ မင်းလဲ တောကျောင်းကလာခဲ့တာ ဆိုတော့ အဲဒီ ကဗျာတွေ၊ စာတွေ ကို သင်ခဲ့ရမှာပါပဲ၊ ဒါပေမဲ့ မနေ့ တစ်နေ့က မင်းဟာ စာပေစိစစ်ရေးရုံး ကိုသွားပြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ထုတ်ဝေတာတွေကို ပိတ်လိုက်တယ် ဆိုတော့ ….သူငယ်ချင်း…မင်းကို ငါသနားတယ်။ မင်းရဲ့ဆရာက ခိုင်းလို့ပဲဖြစ်ဖြစ်၊ မင်းကပဲ တက်ကြွလို့ပဲ ဖြစ်ဖြစ်၊ နအဖ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ဆိုတဲ့ မင်းက အဲဒီလို မစဉ်းစား မဆင်ချင် ပြောလိုက်တာ ကတော့ တော်တော်လေးကို လွန်သွားပြီ။

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မင်းအခု ခိုလှုံနေတဲ့ တပ်မတော်ကြီးရဲ့ “မူလပထမ ဖခင်ကြီး” လေကွာ။

မင်းတို့တတွေ မဟုတ်တယုတ်တွေ လုပ်နေကြပြီး “အောင်ဆန်း” ဆိုတဲ့ နာမည်ကို ကြားရုံလေးနဲ့ ကြောက်ဖျား ဖျား နေကြတာကတော့ ရီစရာ ကောင်းပါတယ်ကွာ။ အမှန်ကတော့ ဗိုလ်ချုပ် ချမှတ်ပေးသွားတဲ့ လမ်းစဉ်တွေ ကနေ သွေဖီပြီး မင်းတို့က“ပြောင်းပြန်” သွားနေကြလို့ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံပဲ ဖြစ်နေကြတာကို တတိုင်းပြည်လုံး သာမက တကမ္ဘာလုံးကပါ သိနေကြပါတယ်။

တစ်ခုတော့ ပြောလိုက်မယ် သူငယ်ချင်း၊ ဘယ်အရာမဆို ဖိနှိပ်လွန်းရင် ပိုပြီးပေါက်ကွဲတတ်တယ်၊။ မင်းတို့ ရဲ့  စိတ်ဓါတ်စစ်ဆင်ရေး ဆရာကြီးက ဒါတွေကိုပိုပြီးသိဖို့ ကောင်းတာပေါ့။ ငါတို့အာဏာရှိတုန်း ဖိနှိပ်လို့ ရသလောက် ဖိနှိပ်ကြမယ် ဆိုရင်တော့ သံသရာ တစ်ပတ်လည်တဲ့အခါ မင်းတို့ လုပ်ခဲ့ကြတာတွေကို မင်းတို့ ပြန် ပြီးခံကြ ရလိမ့်မယ်နော်။ အေး ..ကံကြမ္မာ အလှည့်အပြောင်း ရောက်လာရင်တော့ နအဖ အဖွဲ့ရဲ့ ပထမဆုံးပြုတ်မဲ့ ၀န်ကြီးတွေ ထဲမှာ မင်းပါမှာကို ငါ မြင်ယောင်နေပါတယ်။ အခု ကျောင်းသားလေးတွေကို ချလိုက်တဲ့ ၆၅ နှစ်တို့  ၁၀၄ နှစ်တို့ မပါသေးဘူးလေ။

တကယ်တော့ မင်းလုပ်တတ်ရင် အလွယ်ကလေးပါ၊ အခုတော့မင်းက ကျောင်းတုန်းကပုံစံအတိုင်း ဆရာကြီးလုပ် ချင်လွန်းတော့ မင်းခံရပြီပေါ့။ အပြင်မှာလူတွေကမင်းကို နာမည်ပေးထားတာသိတယ်မဟုတ်လား၊ “ တော်စမ်းပါ ကျော်ဆန်းရာ” ဆိုတာလေ၊ … အေး..တို့ တတွေကတော့ မင်းနဲ့ လေးနှစ်မပြည့်ခင်ကတည်းက “တော်စမ်းပါ” ခဲ့ တာပါ။

ကိုသိန်းစိန် ကိုတော့ ငါနားလည်ပေးလို့ ရပါတယ်၊ သူ့ခမျာ ၀န်ကြီးချုပ်သာ လုပ်နေရတာ၊ မျက်နှာလေး ငယ်ငယ်နဲ့ ခိုင်းသမျှကြောက်ပြီး လုပ်နေရတဲ့ ပုံစံပေါက်ပါတယ်။ ရွှေမန်းကတော့ ဘယ်ပုံစံလာမယ်ဆိုတာ စောင့် ကြည့်ရဦးမယ်၊ ဒါပေမဲ့ တရားဥပဒေရဲ့ အထက်မှာပဲ မနေပဲ အောက်ကိုလဲ ဆင်းကြည့်ပါဦးလို့ သူ့ကို့ ပြောလိုက်ပါအုံး။ တို့ အပါတ်စဉ်ရဲ့ နာမည်ကိုတော့ မဖျက်ကြနဲ့ ပေါ့ကွာ။ တိုင်းပြည်ဖျက်တဲ့စာရင်းထဲမှာ မပါကြပါနဲ့။

နောက်ဆုံးတစ်ခုပဲကွာ.. အဲဒါကတော့ မင်းတို့ ဘယ်လောက်ပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းစာအုပ်တွေ၊ အထိမ်း အမှတ်တွေ၊ လမ်းဆိုင်းဘုတ်တွေကို ဖျက်ဖျက်၊ အဲဒါတွေက ရုပ်ဝတ္တုပစ္စည်းတွေပဲ။ အဲဒါတွေကို မင်းတို့ ဖျက်လို့ ရချင်ရမယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အမှတ်အသားက လူတွေရဲ့ အသဲထဲ နှလုံးထဲမှာကွ။ မင်းတို့ ဘယ်တော့မှ ဖျက်လို့ မရဘူး ဆိုတာ နားလည်ထားလိုက်ပါ။

ထိုင်းကုန်သည်ကြီးများ လှုပ်ရှားမှု သတင်း

ပြည်တွင်းမှ မိတ်ဆွေ တစ်ဦးက ထိုင်းကုန်သည်ကြီးများ ကြပ်ပြေးသို့ လာရောက်ကာ နအဖနှင့်တွေ့ဆုံ ဆွေးနွေးနေကြောင်း အီးမေးလ်နဲ့ သတင်းပေးပို့လာလို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ရပါတယ်။ အခုလို ပေးပို့လာတဲ့ ပြည်တွင်းမှ မိတ်ဆွေအား အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

ထိုင်းနိုင်ငံ Tak ခရိုင် အတွင်းရှိ ကုန်သည်ကြီးများသည် ထိုင်းအာဏာပိုင် ဒေသခံ တစ်ဦး ဦးဆောင်ပြီး ထိုင်းမြန်မာနယ်ခြား မြ၀တီနှင့် မဲဆောက်သို့ အပြန်အလှန် သွားလာခွင့် ရရှိရေးအတွက် ကြပ်ပြေးရှိ နအဖ အာဏာပိုင်များနှင့် သွားရောက် ညှိနှိုင်း ဆွေးနွေးလျက် ရှိပါသည်။ သူတို့ရဲ့  တင်ပြချက်အရ မဲဆောက်အား စက်မှုဇုံ ဗဟိုအဖြစ် ထားရှိပြီး မြန်မာနိုင်ငံအတွင်းမှ လာရောက်လိုတဲ့ လူများအပြင် ကားများကိုပါ ၀င်ခွင့်ပြုရေး ဆွေးနွေးနေပါသည်။

ယခင်က မြ၀တီမှ မဲဆောက်သို့ နေ့ချင်းပြန်သာ ခွင့်ပြုရာမှ နှစ်ပတ်အထိ သွားရောက် လည်ပတ်နေထိုင်ခွင့်ရရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဒါ့အပြင် ချင်းမိုင်အထိ သွားရောက်ခွင့် ရရှိရေး လိုအပ်သလို ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ပါသည်။ ဤသို့သာ ခွင့်ပြုချက် ရရှိပါက မြန်မာပြည်တွင်းမှ ကုန်သည်များအတွက် အကျိုးရှိမှာ ဖြစ်သော်လည်း နအဖ၏ ထောက်လှမ်းရေး အဖွဲ့အစည်းများက ထိုအခွင့်အရေးကို အသုံးချကာ ထိုင်းနိုင်ငံအတွင်း ၀င်ရောက် လှုပ်ရှားခွင့် အခြေအနေ ဖန်တီးနိုင်မှာ ဖြစ်ပါသည်။

နအဖအနေနှင့် အဆိုပါ ညှိနှိုင်း တင်ပြချက်ကို သဘောတူညီရန် စဉ်းစားနိုင်ပြီး ဖြစ်လာမဲ့ အကျိုးဆက်ကိုလည်း ချင့်ချိန် နေကြောင်း သိရှိရပါသည်။ နိုင်ငံခြားသားများပါ ၀င်ရောက်လာပါက အခြေအနေ ရှုပ်ထွေးသွားမှာ ကိုလည်း စိုးရိမ်နေသည် ဟုသိရပါသည်။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်အကြား “ရာဘ” ကဲ့သို့သော မူးယစ်ဆေးဝါးများ ဒလဟော စီးဆင်းသွားမှာကိုလည်း တွက်ဆနေပါသည်။ ကုန်ပစ္စည်းများ အပြန်အလှန် စီးဆင်းမှု၊ နိုင်ငံခြားသား ခရီးသည်များမှ အခွန်ရရှိမှု စသည့် အကျိုးဆက်များ ရှိသော်လည်း နအဖရဲ့  ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်း ဗလောင်းဗလဲ ဖြစ်မှုကလည်း သက်ရောက်မှု ရှိနိုင်၍ သတိဖြင့် စောင့်ကြည့်နိုင်ရန် ပေးပို့လိုက်ရပါသည်။

No comments: