.

.

.

February 14, 2009

ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချူပ်မွေးနေ့ အမှတ်တရ - အပိုင်း(၁)

ဗိုလ်ချုပ်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး - အပိုင်း(၁)

ဆောင်းပါးရှင် - တက္ကသိုလ် နေ၀င်း (ဗိုလ်ထွန်းလှ)

ဗိုလ်ချုပ် မိန့်ခွန်းနဲ့ အမှာစကားများကို ဖော်ပြပေးရန် တောင်းဆိုတဲ့ ကျွန်တော့်ရဲ့  စာဖတ်ပရိသတ်များအား ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အဖြစ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ် မှာကြားခဲ့တဲ့ စကားကို ကျွန်တော် ကိုဖိုးတရုတ်မှ အခန်းဆက် ဆောင်းပါးအဖြစ် ဆက်လက် တင်ပြသွားပါမယ်။

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ကာလအတွင်းက ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှေ့တန်း စစ်ဌာနချုပ် လျှို့ ဝှက် စခန်းတွင် နိုင်ငံတကာ စစ်ရေး၊ နိုင်ငံရေး၊ သတင်းများ သိရန်အတွက် ထားရှိသော ဓာတ်ခဲသုံး ရေဒီယိုမှ အထက်ဖော်ပြပါ အမေရိကန် သမ္မတကြီး ကွယ်လွန်ကြောင်း သတင်းကြားရပြီးနောက် ဗိုလ်ချုပ်က

“သမ္မတ ရုစ်ဗဲ့ ကွယ်လွန်သွားတာဟာ စစ်ပြီးခေတ် ကမ္ဘာကြီးအဖို့ ဒီမိုကရေစီ ဘက်တော်သားကြီး တစ်ယောက် လျော့နည်း ဆုံးရှုံးသွားတာပဲကွ” ဟု မှတ်ချက်ချလိုက်ပါသည်။

ထို့နောက် ခါတိုင်းကဲ့သို့ ညစာစားပြီး အိပ်ရာ မ၀င်မီ ကျွန်တော်တို့ လူငယ်ရဲဘော်များအား သူ၏ သဘောထား အာဘော်များ ပြောလေ့ရှိသည့် အတိုင်း ထိုညကလည်း ပြောပါသည်။ ကျွန်တော့် အနေဖြင့် ထိုညက ဗိုလ်ချုပ် ပြောသော အချက်များကို ယနေ့အထိ မမေ့နိုင်ခြင်းမှာ နောက်ပိုင်း စစ်ပြီးခေတ် သူ၏ လုပ်ကိုင်ဆောင်ရွက်မှု၊ လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ လှုပ်ရှားကြိုးစားမှုတို့နှင့် ကွက်တိ အံဝင်ခွင်ကျ ဖြစ်ရုံမက ၁၉၄၅ ခုနှစ် တော်လှန်ရေး မတိုင်မီ ကာလက သူ့လုပ်ရပ်များနှင့်လည်း ကိုက်ညီနေသောကြောင့်ပင်တည်း။

“ငါတို့ရဲ့  ဖက်ဆစ်တော်လှန်ရေး အောင်မြင်နေတာဟာ တို့ တပ်မတော် တစ်ခုတည်းရဲ့  အစွမ်းကြောင့်လို့ မင်းတို့ အထင်မကြီးကြနဲ့။ မင်းတို့ သိတဲ့အတိုင်း ဂျပန်တပ်တွေနဲ့ ငါတို့ တပ်မတော် နှိုင်းယှဉ်လိုက်ရင် လူအင်အား၊ လက်နက် အင်အားမှာ အဘက်ဘက်က ဂျပန်က ငါတို့ထက် အများကြီး သာတယ်။ ငါတို့ရဲ့  တပ်မတော် တစ်ခုတည်းနဲ့ ဂျပန်ကို တော်လှန်ရင် ငါတို့ မရှုမလှ အရေးနိမ့်မှာ သေချာတယ်။ အခုတော့ ပြည်သူတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆိုတာလို ငါတို့ဘက်ကို ၀ိုင်းဝန်းကူညီ အားပေးကြလို့သာ အောင်မြင်ခြင်း ဖြစ်တယ်၊ ပြည်သူလူထု တစ်ရပ်လုံး အားပေးအောင်လည်း ငါတို့က အစွမ်းကုန် ကြိုးစား စည်းရုံးခဲ့တဲ့ ရလဒ်ပဲ ဖြစ်တယ်၊ အဲဒါ မင်းတို့ မြဲမြဲ မှတ်ထားကြပါ။ မကြာခင် ငါတို့ရဲ့  တော်လှန်ရေး ပြီးတော့မယ်၊ ဂျပန်တပ် အကြွင်းအကျန်တွေလည်း အရေးနိမ့်လို့ ပြေးကုန်ကြမှာပဲ၊ ဒါပေမဲ့ ဂျပန်ပြေးတာနဲ့ အင်္ဂလိပ် အစိုးရ ပြန်ဝင်လာပြီး တို့နိုင်ငံဟာ မူလကအတိုင်း ကျွန်ဘ၀ ပြန်ရောက်ဦးမယ်၊ အဲဒီ ကျွန်ဘ၀က လွတ်မြောက်ပြီး လုံးဝ လွတ်လပ်ရေး ရတဲ့အထိ ငါတို့ ဆက်ကြိုးစားကြမယ်၊ ဒါကြောင့် ငါတို့ရဲ့  တော်လှန်ရေးဟာ မပြီးသေးဘူးလို့ မှတ်ထားကြ၊ ဗြိတိသျှ နယ်ချဲ့ လက်အောက်က လွတ်မြောက်ပြီး လုံးဝ လွတ်လပ်ရေး ရဖို့က ငါတို့ဟာ စစ်ရေးအရ ဗြိတိသျှ အင်ပါယာကြီးကို နိုင်အောင် မတိုက်နိုင်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု အင်အားနဲ့မှ တိုက်လို့ရမယ်၊ မင်းတို့ မြဲမြဲမှတ်ထားဖို့က ငါတို့ရဲ့  အဓိက လက်နက်၊ အထိရောက်ဆုံး လက်နက်ဟာ စက်သေနတ်တွေ၊ အမြောက်တွေ မဟုတ်ဘူး (Unity) ယူနီတီ ဆိုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုသာ ဖြစ်တယ်။”

ဗိုလ်ချူပ် ပြောခဲ့သလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ အဓိက အခန်းကဏ္ဍမှာ ရှိနေတာမို့ လက်ရှိ အာဏာရှင် စစ်အစိုးရဟာ တိုင်းပြည်ကို ဖိနိုပ်အုပ်ချူပ်နိုင်ဖို့အတွက် တိုင်းရင်းသားတွေကို အခွင့်အရေး အမျိုးမျိုးပေး မြှောက်ပင့် သွေးထိုးနေတာကို သိမြင်ပြီး အချင်းချင်း စည်းလုံးညီညွတ်ဖို့ အချိန်တန်ပြီဆိုတာ တင်ပြ လိုက်ရပါတယ် ခင်ဗျား။

အပိုင်း (၂) ကို နောက်ရက်မှာ ဆက်လက် တင်ဆက်ပေးသွားပါမယ် ခင်ဗျား။

စီးပွားရေးကျဆင်းမှုဒဏ် ဗမာစစ်တပ် မရူ့မလှခံနေရ

သျှမ်းသံတော်ဆင့်မှ ကူးယူဖော်ပြပါသည်။

မြန်မာပြည်တွင် ယာဉ်ထိန်းပုလိပ်က ယာဉ်များကိုရပ်ခိုင်း၍ ငွေတောင်းယူခြင်းကို အဆန်းတကျယ်အဖြစ် သဘောမထားကြ သော်လည်း စစ်တပ်မှတပ်ထိန်းများက ယာဉ်များကိုတားဆီးကာ ငွေတောင်းယူသည်ကိုတော့ ထူးဆန်းမှု့တစ်ခုအဖြစ် မြင်တွေ့ ကြရမည်ဖြစ်သည်၊၊

ယခုအဖြစ်အပျက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေဆိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ အတွင်းတွင်ဖြစ်သည် ယခုရက်ပိုင်းကမှ မြောက်ပိုင်းတိုင်း တပ်နယ်မြေအတွင်း လေယာဉ်ကွင်းရှေ့ဘက်နားရှိ မြစ်ကြီးနား-မန္တလေးသွားကားလမ်းမပေါ် တွင် တပ်ထိန်းဂိတ် နေရာ(၃)နေရာ ဖွင့်ကာ ဖြတ်သွားဖြတ်လာ ယာဉ်ကြီး ယာဉ်ငယ် မှန်သမျကို တစ်စီးလျင် ကျပ်(၅၀၀) နူန်း ကောက်ခံ နေသည်၊၊

ဂိတ်ဖွင့်ထားသည့် လမ်းက အချက်အခြာကျသည် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သာမက မြောက်ဖျားပိုင်း တနိုင်းနှင့် မိုးညှင်း မိုးကောင်း ဖားကန့် ရွေဘိုမြို့များကိုပါ ခရီးပေါက်သဖြင့် တစ်ရက်လျင်ယာဉ်ကြီးယာဉ်ငယ် အစီးပေါင်း ရာနှင့်ချီဖြတ်သွားကြောင်း ဒေသခံများကပြောသည်၊၊

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ထိုသို့ဂိတ်ဖွင့်ငွေကောက်စားနေသဖြင့် အမိန့်အရ တရားဝင် ကောက်ခံနေခြင်း ဖြစ်ပုံရသည်ဟု ဒေသခံများက ယူဆကြသည်၊၊

ထိုအချင်းအရာကိုကြည့်ပြီး ခြစားယိုယွင်းနေသည့် နအဖအုပ်ချုပ်ရေးယနœရားကြီးတစ်ခုလုံးအပေါ် ယခုဖြစ်စဉ် များသည် သာမန်မျှ သာဖြစ်သည်ဟု ယူဆမည် ဆိုပါကယူဆနိုင်ပြီး နအဖအောက်ခြေရှိ တပ်ရင်းတပ်ဖွဲ့များသည် ကိုယ့်ပြသနာကို ကိုယ်တာဝန်ယူ ဖြေရှင်းရသည့် အနေအထားက ယခင်ကတည်းကရှိခဲ့သည်ဟု စောဒက တက်စရာ ရှိသည့်တိုင် ၄င်းအခြေအနေအား စစ်တပ် အတွင်း ငွေကြေးဆိုင်ရာအကြပ်အတည်း ဖြစ်ပေါ်နေသည့် ပြယုတ်တစ်ခုအဖြစ် ရူ့မြင်သူများလည်းရှိသည် ၊၊

မကြာသေးမှီကမှ နအဖသည် နာဂစ်မုန်တိုင်းဘေးသင့်ဒုက္ခသည်များရံပုံငွေအတွက်ဟု ဆိုကာ နယ်စပ် ဒေသများမှ တရားမ၀င် ခိုးသွင်းလာသည့် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့် ဖမ်းဆီးရမိသည့် မော်တော်ကားများအား လေလံတင်ရောင်းချ၍ အခွန်ဘဏ္ဍာကို ဖြည့်တင်းနေခြင်းက ၄င်းတို့၏ ငွေကြေး လိုအပ်ချက်ကို ဖေါ်ထုတ်ပြသလိုက်သည်၊၊

ယခုအခါ ထိုငွေရေးကြေးရေးအကြပ်အတည်းများသည် အောက်ခြေတပ်တွင်းမိသားစုများ၏ စားဝတ်နေရေးကို ရိုက်ခတ် လာပြီ ဖြစ်ကာအခက်အခဲ ပိုမိုကြုံတွေ့ လာရသဖြင့် ထုတ်ပြန်ထားသည့် အမိန့် စည်းမျဉ်းစည်းကမ်းနှင့် တာဝန်ဝတ္တရားများကို စိတ်ဝင်စား နိုင်ခြင်း မရှိကြတော့ပဲ ပြင်ပ ၀င်ငွေရပေါက်ရ လမ်းများကိုသာ ရှာကြံနေ ရသည်ဟု စစ်အရာရှိများနှင့်စီးပွားရေး အတူလုပ်နေသူ တစ်ဦးက ပြောသည်၊၊

တစ်လလျင် စစ်သားတစ်ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်းနူန်း ထောက်ပံ့နိုင်ရန် အထက် ဌာနများက အတင်းအကြပ် ဖိအားပေးထောက်ပံ့ခိုင်းနေသော်လည်း ၀င်ငွေရသည့် စီးပွားရေးလုပ်ငန်း များက အရင်လောက်မကောင်းတော့သဖြင့် ထောက်ပံ့နိုင် ရန် အခက်အခဲများရှိနေသည်ဟု ဆိုသည်၊၊

တပ်ရင်းရံပုံငွေရရှိစေရန် စစ်သည်တချို့ကို အပြင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားရပြီး စီးပွားရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရသူက တစ်လလျင် ကျပ်(၃)သိန်းမှ(၅)သိန်းကြား တပ်ရင်းမှူးအားပေးသွင်းရပြီး တပ်ရင်းမှလည်း ယင်းရံပုံငွေထည့်ဝင်ရန် အာမခံချက် ပေးနိုင်သူများကို အပြင်စီးပွားရေးလောကတွင် လုပ်ငန်းများလုပ်ပိုင်ခွင့် ပေးထားရသည်၊၊

တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် များသည် ၄င်းတို့လစာငွေထဲမှ လစဉ်ရာခိုင်နူန်း အချိုးကျ ဖြတ်တောက် ခံကြရကာ စစ်တပ်ပိုင် ဦးပိုင်လီမိ တက်သို့ ထည့်ဝင်ကြရသော်လည်း တပ်ရင်းရံပုံငွေကိုမူ တပ်ရင်းများ ကိုယ်တိုင် ရှာကြံကြရခြင်း ဖြစ်သည်၊၊ အဓိက ၀င်ငွေ ရသည့် လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများကို မဖြစ်မနေလုပ်ကြရပြီး မီးသွေးဖုတ်ထင်းခုတ်ဝါးခုတ် စသည့် လုပ်ငန်းများ ကိုပါဝင်ငွေ ရရှိရန် အလို့ငှာ လုပ်ကိုင်ကြရသည် ၊၊

တပ်မိသားစုများကလည်း အားအားမနေရတော့ပဲ ပြင်ပ၀င်ငွေရသည့်လုပ်ငန်းများဖြစ်သည့် (ပင်မင်း) အ၀တ်လျော်ခြင်း သန့်ရှင်းရေး လုပ်ခြင်း ဈေးရောင်းခြင်းများ အိမ်ဖေါ်လုပ်ခြင်းများ လုပ်ကိုင်ခိုင်းလာရသည်။ ထိုသို့ပင်ပန်းဆင်းရဲကြီးစွာလုပ်နေရသည့် တိုင်ဝမ်း မ၀ခါး မလှနိုင်ပဲ ဖြစ်နေကြရသည်၊၊

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတစ်လျောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများသည် ဒေသခံများ၏ ကျွဲနွားများကိုခိုးယူ သတ်ဖြတ် စားသောက်ကြကာ တချို့ကအသားခြောက်များလှမ်း၍ မြစ်ကြီးနား ဈေးကြီးတွင် ဆတ်သားခြောက် ဟု လိမ်လည် ရောင်းချသည် အထိ သောင်းကျန်းလာကြသည် ၊၊

ယခုပို၍ သိသာလာသည်က တရားမ၀င်မှောင်ခိုကုန်ပစ္စည်းများ တင်သွင်းမှု့တွင် ဗိုလ်မှူးအဆင့်များကိုယ်တိုင် ပါဝင်လုပ်ကိုင်လာကြသည် ထော်လာဂျီ ဆိုင်ကယ် ၀စ်သောက်ကား စက်ပစ္စည်းများအပြင် ကျောက်စိမ်း သစ်နှင့် အခြား ကုန်ပစ္စည်းမျိုးစုံ ခိုးသွင်းခိုးထုတ်ရာတွင် ယခင်က အရပ်သား ကိုယ်စားလှယ်များက လမ်းကြော တစ်လျောက် ဂိတ်အသီးသီးကို တာဝန်ခံညှိပေးသည့်လုပ်ငန်း နေရာတွင် ယခုစစ်ဘက်အရာရှိများကိုယ်တိုင် လုပ်ကိုင်လာကြခြင်းဖြစ်သည်၊၊

ဗိုလ်မှူးများ မှောင်ခိုလောကတွင်နေရာဝင်ယူလာသဖြင့် ယခင်မှောင်ခိုလုပ်ငန်းဖြင့် စားပေါက်ချောင်ခဲ့သည့် အရပ်သား စီးပွားရေး လောကသားများ ဘုံပျောက်ဘ၀ရောက်သွားကြလေပြီ မှောင်ခိုစစ်တပ်အရာရှိများက လမ်းကြောရှင်းရာတွင် ၀န်ထမ်း အချင်းချင်း ဖြစ်သည်ကတစ်ကြောင်း စစ်ဘက်ပါဝါ ရှိသည်ကတစ်ကြောင်း ပို၍ အဆင်ပြေ ချောမွေ့ကြောင်းလည်း သိရသည်၊၊

တရုတ်ထော်လာဂျီတစ်စီး မနœလေးထိသွားမည်ဆိုလျင် မြန်မာကျပ်ငွေသိန်း(၂၀)ခန့်ပေးကျွေးရကြောင်းလည်း စီးပွားရေးသမားများ က ပြောသည်၊၊ ထိုသို့ အပြင်စီးပွားရေးလောကနှင့်ထိစပ်လာသည့် စစ်ဗိုလ်စစ်သားများက တပ်တွင်းတွင်ကျန်ရစ်ခဲ့ကြသည့် ဘ၀တူစစ်သားများနှင့် အစစအရာရာ ကွာခြားသွားကြသည် ဘီယာလေး တမျှမျှ မိုဘိုင်းဖုန်း တကားကားလုပ်ကာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်လိုသူများဖြစ်လာပြီး ရရှိသည့် ၀င်ငွေဖြင့် ပြင်ပလောကတွင် တိုက်ဆောက် စီးပွားရေးလုပ်ငန်းများ ထူထောင် ထားကြသည် ၊၊

အထက်ဌာနများနှင့် နားလည်မူ့ယူ၍ စီးပွားရေးလုပ်ကိုင်ခွင့်ရသူများက ပေါ်ပေါ်ထင်ထင်လုပ်ကြသလို လုပ်ပိုင်ခွင့် မရှိသူများကလည်း အောက်လမ်းနည်းဖြင့် ၀င်ငွေရှာကြသည်။ သစ် နွား ဘိန်းမှောင်ခိုသမားများနှင့် ရွေကျင်းကျောက်ကျင်းများတွင် တရားမ၀င် အခွန်များ နည်းမျိုးစုံနှင့် ကောက်ခံကာ စစ်အရာရှိတချို့သည် ကျိကျိတက် ချမ်းသာနေကာ ရာထူးစည်းစိမ်တွင် အဆီယစ် နေကြတော့သည် ၊၊

နယ်စပ်ဒေသများရှိ အောက်ခြေစစ်သည်များကတော့ တရုတ်နယ်စပ်မှလာသည့် ကုန်ကားကြီးများ ထော်လာဂျီများ ဆိုင်ကယ် သမားများနောက်သို့ အုပ်စုဖွဲ့၍ ရှေ့မှတစ်မျိုး နောက်မှတသွယ် လိုက်လံငွေ တောင်းရမ်းကြရသည်၊၊ တပ်တွင်းတချို့ မိသားစုများကတော့ ဘော်လုံးပွဲ ၂လုံး ၃လုံးဟုခေါ်သော လောင်းကစား များတွင် ဒိုင်ခံခြင်း ကိုယ်စားလှယ်လုပ်ခြင်းဖြင့် ၀င်ငွေရှာကြရသည်၊၊

စစ်တပ်ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေအပါအ၀င် နအဖ စစ်ကောင်စီဝင် ဆွေမျိုး မိသားစု အသိုင်းအ၀ိုင်းက တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ် ၀ါးမြိုထားသဖြင့် တိုင်းပြည်နှင့်ပြည်သူလူထု တစ်ရပ်လုံး က မွဲတေဆင်းရဲတွင်းနက်နေသည့်တိုင် ၄င်းတို့က မတရားရယူထားသည့် ရာထူးစည်းစိမ်တွင် ဇိမ်တွေ့လျက်ရှိနေကြသည် ၊၊

စစ်ဗိုလ်ချုပ်များ၏ အာဏာကို အကာအကွယ်ပေးရန် အဓိကထောက်တိုင်အဖြစ်သတ်မှတ်ခြင်းခံထားရသည့် အောက်ခြေ တပ်သားထုနှင့်မိသားစုများမှာ စစ်သူတောင်းစားများဘ၀ ရောက်ရှိသွားသည့်တိုင် စစ်ဗိုလ်ချုပ်ကြီး များကတော့ တိုင်းပြည် စီးပွားရေး တိုးတက်နေကြောင်း ဆက်လက် လိမ်ညာဝါဒဖြန့်နေဆဲဖြစ်သည်၊၊

No comments: