.

.

.

March 1, 2009

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ - အပိုင်း(၁၀)

ဒီမိုကရေစီ နဲ့ တပ်မတော် - အပိုင်း (၁၀)

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

စာဖတ်ပရိသတ်များ ခင်ဗျား-

စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ် ပင်တိုင်ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်ရဲ့  တင်ပြချက်ဟာ တပ်မတော်သားတွေ အတွက် မှတ်သား လေ့လာစရာတွေ ပြည့်နှက်နေပါတယ်။ ဒီမိုကရေစီရဲ့  အနှစ်သာရ ပြည့်ဝတဲ့ အဓိပ္ပာယ်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့  ဒီမိုကရေစီအရေး မြန်မာ ပြည်သူလူထုကို မှာကြားခဲ့တဲ့ မိန့်ခွန်းစတဲ့ ဗဟုသုတ အဖြာဖြာကို မျိုးဆက်သစ် လူငယ်များနဲ့ စာဖတ်ပရိသတ်များ လေ့လာ ဖတ်ရှုပြီး အမိနိုင်ငံကို ကောင်းကျိုးပြုနိုင်ကြစေရန် ရည်ရွယ် တင်ပြလိုက် ရပါတယ်။ ယခုလို ပေးပို့လာတဲ့ ဗိုလ်မှူးကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ဤနေရာတွင် ဗဟုသုတအနေနှင့် ၀န်ကြီးချုပ်ဟောင်း ဦးနု၏ ဒီမိုကရေစီ သဘောတရား (၇) ချက်ကို ရှေးဦးစွာ တင်ပြလိုက်ပါသည်-
  1. နိုင်ငံတစ်နိုင်ငံသည် လူတစ်စုပိုင် ပစ္စည်း မဟုတ်၊ နိုင်ငံသူ နိုင်ငံသား အားလုံး ပိုင်ဆိုင်သည်။
  2. ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသား အများစုက ကြည်ကြည်ဖြူဖြူ ရွေးကောက်တင်မြှောက်ခံရသည့် ပုဂ္ဂိလ် (သို့) အဖွဲ့ကသာလျှင် နိုင်ငံကို အုပ်ချုပ်နိုင်သည်။
  3. အုပ်ချုပ်သည့်အခါ ထင်သလို အရမ်း အုပ်ချုပ်လို့ မရပဲ၊ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူ ရွေးချယ် ပေးထားသည့် အမတ်များက ရေးဆွဲ အတည်ပြုထားသော ဥပဒေ အရသာ အုပ်ချုပ်ရမည်။
  4. အရွယ်ရောက်သူတိုင်း မဲပေးပိုင်ခွင့် ရှိရမည်။
  5. ပြည်သူလူထု အများစု၏ ထောက်ခံမှု မရသော အစိုးရ အဖွဲ့သည် အလိုအလျှောက် ရာထူးမှ နှုတ်ထွက် ပေးရမည်။
  6. ပြည်သူလူထုသည် ဂုဏ်သိက္ခာရှိသည့် လူများလို နေထိုင်နိုင်အောင် လွတ်လပ်စွာ ဟောပြောခွင့်၊ ကိုးကွယ်ခွင့်၊ စီးပွားရှာခွင့်၊ ဖိနှိပ် ချုပ်ချယ်မှုများကို ဥပဒေအရ တိုက်ဖျက်ပိုင်ခွင့် အစရှိသော ပြည်သူလူထု၏ မွေးရာပါ အခွင့်အရေးများကို ခိုင်ခိုင်လုံလုံ အာမခံထားသော ဥပဒေ ရှိရမည်။
  7. ဤ အဓိက အချက်များကို လက်ခံနိုင်သော သဘောတရားသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများကို အခြေခံထားခြင်း ဖြစ်ပြီး၊ ဤ သဘောတရားမှာ ဒီမိုကရေစီ ဖြစ်သည်။
ဒီမိုကရေစီ မရှိသော နိုင်ငံမှာ လူဖြစ်ရခြင်းသည် ဂွေးသင်းခံထားရသော နွားနှင့် အတူတူ ဖြစ်သဖြင့် ဒီမိုကရေစီ ကို ဖျက်ဆီးသူ မှန်သမျှအား မုချခံချရမည် ဟူ၍ ဖြစ်သည်။ ၄င်းအပြင် ဒီမိုကရေစီ နိုင်ငံများကို အကဲဖြတ် နိုင်အောင် တိုင်းတာသော နည်းကိုလည်း ပြသထားခဲ့ပါသည်။
  1. အစိုးရက ပြည်သူလူထုကို ဘယ်လို အုပ်ချုပ်သလဲ။
  2. တိုင်းသူပြည်သားများ လူ၏ မူလ အခွင့်အရေး ဘယ်လောက် ရှိလဲ။
  3. ထို အခွင့်အရေးများ ထိပါးလာပါက ပြည်သူလူထုက ဘာလုပ်နိုင်သလဲ။
  4. စားဝတ်နေရေး ဘယ်လောက် မြင့်လဲ၊ နိမ့်လဲ
  5. ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမှု တို့ ဖြစ်သည်။

“တကယ့် ဒီမိုကရေစီ ဆိုတာ နိုင်ငံရေး သဘောတရားအရ ပြည်သူတွေရဲ့  အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့  အစိုးရ ဖြစ်ရုံနဲ့ မပြီးသေးဘူး။ အဲဒီ အစိုးရဟာ ပြည်သူတွေရဲ့  လက်ငင်း စီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူ ရနိုင်တဲ့ အခြေအနေထိ မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီ အထိ တက်လှမ်းနိုင်မယ်။”


ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်၏ မိန့်ခွန်းကို ဖတ်ရှူလေ့လာ ကြည့်ပါ။ ယနေ့ မြန်မာနိုင်ငံတွင် စီးပွါးရေး အဆင့်အတန်းကို တန်းတူမရ နိုင်။ ထိပ်ပိုင်းစစ်အာဏာရှင်များကသာ ချူပ်ကိုင်ပြီး နိုင့်ထက်စီးနင်း တရားလွတ်ပြုမူကာ ကိုယ်ကျိုး မှလွဲရင် ပြည်သူလူထု မျက်နှာကို မကြည့်သောကြောင့် တပ်မတော်တွင်း မှာပင် အောက်ခြေ၌ ဆင်းရဲတွင်းနက် လှပေသည်။

ဒီမိုကရေစီသည် ပြည်သူလူထု၏ အာဏာ သက်ဝင် လှုပ်ရှားအောင် ကျင့်သုံးသော နည်းလမ်း ဖြစ်၏။ နိုင်ငံတော် အဆင့် အုပ်ချုပ်ခွင့် ရှိသူများ (သို့) အစိုးရ၊ ပြည်နယ် အစိုးရ စသည့် အုပ်ချုပ်ရေး အာဏာ ကျင့်သုံးနိုင် သူများသည် ပြည်သူလူထုမှ တာဝန်ပေးအပ်ခံထားရသော ၀န်ထမ်းများသာ ဖြစ်ကြသည်။ ဒီမိုကရေစီ ကျင့်စဉ်အရ နိုင်ငံတော်အား အမှန်တကယ် ဦးဆောင်သူများမှာ ပြည်သူလူထုသာ ဖြစ်ရ၏။ ပြည်သူလူထု၏ ဆန္ဒအရသာ ထိုပြည်သူ့ဝန်ထမ်း အဆင့်ဆင့်က အကောင်အထည်ဖော်ပေးရခြင်း ဖြစ်၏။ ထို့ကြောင့် အာဏာပိုင် အစစ်အမှန်မှာ ပြည်သူလူထုသာ ဖြစ်ပေသည်။

“အစိုးရဆိုတာ ပြည်သူလူထု ဆန္ဒနဲ့ ကိုက်ညီမဲ့ တိုင်းပြည် အကျိုးကို ဆောင်ရွက်ဖို့ အချိန် ကန့်သတ် စေခိုင်းထားတဲ့ သစ္စာ အရှိဆုံး ပြည်သူ့ ၀န်ထမ်းပဲ”

ဒေါ်အောင်ဆန်းစုကြည်

ထို မိန့်ကြားချက်သည် အလွန်မှန်ကန် လှပေသည်။ သို့မှသာ တိုင်းပြည် အတွက် အကျိုးရှိအောင် ဆောင်ရွက် နိုင်ပေတော့မည်။ နိုင်ငံတော် ဦးဆောင်မှု အခန်းကဏ္ဍ၌ တပ်မတော် ပါဝင်ရေး ဆိုသည်မှာ ဒီမိုကရေစီ သဘောအရ အဓိပ္ပာယ် မရှိချေ။ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပြည်သူလူထု၏ ကဏ္ဍ ဖြစ်သည်။ နိုင်ငံတော် အဆင့် အစိုးရ တာဝန် ထမ်းဆောင်မည့်သူများ၊ အဆင့်မြင့်ဆုံး ၀န်ထမ်းပင် ဦးဆောင်မှု ကဏ္ဍ မဟုတ်ချေ။ ပြည်သူလူထု တရပ်လုံး၏ လိုအင်ဆန္ဒနှင့်အညီ ပြည်သူလူထု အကျိုးစီးပွားအတွက် အကောင်အထည် ဖေါ်ဆောင်ရွက်ပေးရမည့် အာဏာ သုံးရပ်ကို စနစ်တကျ စီမံခန့်ခွဲ သုံးပိုင်ခွင့်ပြုထားသည့် အဆင့်မြင့်ဆုံး ပြည်သူ့ဝန်ထမ်း ကဏ္ဍ ဆိုလျှင်တော့ အသုံးအနှုန်း သင့်လျှော် ပေလိမ့်မည်။

ဒီမိုကရေစီ ကျင့်စဉ်အရ အာဏာဟူသမျှ ပြည်သူလူထုထံမှ ဆင်းသက်ရအောင် ပြုလုပ်ရလေသည်။ ပြည်သူ့ဆန္ဒ သဘောထားသာလျှင် ပဓာနကျသည်။ ဒီမိုကရေစီ တိုင်းပြည်များ၌ ဆန္ဒပြခြင်းဆိုသည်မှာ ထို အုပ်ချုပ်ရေး ၀န်ထမ်းများ (သို့) အစိုးရက အခြေခံ ဥပဒေကို ချိုးဖောက်သည် (သို့) လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်သည် (သို့) ပြည်သူ့ဆန္ဒကို လစ်လျူရှုသည်ဟု ထင်မြင်ယူဆလျှင် ပြည်သူလူထု၏ မူလ အခွင့်အရေးအရ ဥပဒေဘောင် အတွင်းမှ ဆန္ဒသဘောထား ထုတ်ပြန်ကြခြင်းသာ ဖြစ်သည်။

“ဥပဒေဘောင် ကျော်လွန် ဆန္ဒပြ အဓိကရုန်း ဖြစ်စေမှသာ ဥပဒေနှင့်အညီ အဓိကရုန်း နှိမ်နင်းခွင့်ရှိ၏” ထိုအဓိကရုန်း နှိမ်နင်းရေး ဥပဒေမှာလည်း ပြည်သူလူထုက အခြေခံ ဥပဒေ၌ ပေးအပ်ထားခြင်း အရ သာ ဖြစ်သည်။ ဒီမိုကရေစီ ရင့်ကျက်သော နိုင်ငံကြီးများ၏ ပါလီမန် လွှတ်တော်များ၌ အမတ်များ ရန်ဖြစ်လေ့ မရှိသော်လည်း အချို့ ပါလီမန်များ၌ အမတ်များ ရန်ဖြစ်လေ့ရှိကြသဖြင့် စစ်အာဏာရှင်များက ပါလီမန် စနစ် ဆိုးကွက်များအဖြစ် ထောက်ပြ ချင်ကြ၏။

လွတ်လပ်စွာ ဝေဖန်ခွင့်၊ လွတ်လပ်စွာ ဆန္ဒပြုခွင့်များမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း ဖြစ်၏။ အမတ်များ ရန်ဖြစ်ခြင်းမှာ လူမျိုးစရိုက်နှင့်လည်းကောင်း၊ ပါလီမန်တွင်း ဥပဒေနှင့်လည်းကောင်း ဒါလည်း ဒီမိုကရေစီ ဆိုပြီး တလွဲ ဆံပင်ကောင်းမှုများသာ ဆိုင်၏။ လူကြီးလူကောင်းဆန်ခြင်း၊ ရင့်ကျက်ခြင်းများ ရှိဖို့ လိုပြီး ကိုယ်ထိလက်ရောက် ပြုမူများကိုမူ တားမြစ်ဖို့ လို၏။

အထူးသဖြင့် မိမိတို့ မြန်မာလူမျိုး စိတ်ဓာတ်ကြောင့် ပို၍ လိုသည်။ ဤ လွတ်လပ်စွာ ဆန္ဒဖေါ်ထုတ်ပြသ ဝေဖန်ကြခြင်းသည် ယနေ့ နအဖ စစ်အာဏာရှင်များအား ပြည်သူလူထုက မကောင်းဆိုးဝါး နှင်သလို နှင်ထုတ်ပုံ ဆန္ဒပြပုံနှင့်တော့ လုံးဝ ကွဲပြားသည်။

No comments: