.

.

.

March 2, 2009

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ - အပိုင်း(၁၁)

ဒီမိုကရေစီ နဲ့ တပ်မတော် - အပိုင်း (၁၁)

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရ လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ ပြောဆို ဝေဖန်ဆွေးနွေးခွင့်၊ ရေးသား ထုတ်ဝေခွင့်၊ ဖွဲ့စည်း တည်ထောင်ခွင့်၊ သတင်းစာ မီဒီယာများ လွတ်လပ်ခွင့် စသည်တို့ကိုလည်း အထက်ပါ နည်းမှီ၍ သိသင့်သည်။ ထိုလွတ်လပ်စွာ ဆိုသည့် စကားမှာ ဒီမိုကရေစီ၌ စည်းမဲ့ကမ်းမဲ့ ဥပဒေ မဲ့ခြင်းမျိုးကိုလည်း မဆိုလို။ အခြေခံ ဥပဒေအရ ဥပဒေဘောင်အတွင်းမှ ပြည်သူလူထု၏ လုပ်ပိုင်ခွင့်အရ သာ ဖြစ်၏။

ထိုသို့ဆိုလျှင် ပြည်သူ့အာဏာ ဘယ်လို သက်ရောက်စေမည်နည်း။ လူတို့သည် တစ်ဦးတစ်ယောက်တည်း၊ တစ်မိသားစုထဲ နေ၍ မရပါ။ ထို့ကြောင့် ရပ်ကွက်ကျေးရွာ မြို့ပြနိုင်ငံများ တည်ဆောက်ပြီး စုစည်း နေထိုင်ကြရသည်။ ညီညွတ်ခြင်းသည် အင်အား၊ စည်းလုံးခြင်းသည် အင်အား ဆိုသကဲ့သို့ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသား ပေါင်းစုံ စုစည်း နေထိုင်ကြရသည်။ ထို့ကြောင့် အများဆန္ဒ သဘောထားများ၊ အများ၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ဆန္ဒ သဘောထား၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကိုလည်း အသိအမှတ် ပြုရသည်။

ကြီးမားကျယ်ဝန်းသော နယ်မြေဒေသကို စောင့်ရှောက်၍ လုံခြုံမှု ပေးရန်၊ တိုးတက်၍ သာယာဝပြောသော နိုင်ငံတစ်ခု ဖြစ်ရန်၊ လူအများ စားဝတ်နေရေး ဖူလုံမှုကို ဖြေရှင်းနိုင်ရန်၊ ဥပဒေ စိုးမိုးမှုပေးရန် ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ဤ တာဝန်များကို လူထု ကိုယ်စား ထမ်းဆောင်ပေးမည့်သူများ (သို့) ၀န်ထမ်းများ (သို့) အစိုးရကို ရွေးချယ်ခန့်အပ် တာဝန်ပေးကြရသည်။

ထိုအခါ မိမိတို့၏ ကိုယ်ပိုင် အာဏာနှင့် အခွင့်အရေး အချို့ ကို ထို အစိုးရသို့ ပေးအပ်လိုက်ရသည်။ လက်တန်း ထိုးပေး၍ မရ။ ထိုသူများသည် အာဏာရှင်၊ သက်ဦးဆံပိုင်များ ဖြစ်သွားနိုင်သည်။ စည်းမဲ့ကမ်းမဲ့ လုပ်နိုင်သည်။ ထို့ကြောင့် ဥပဒေ ကန့်သတ် သတ်မှတ်ချက်များဖြင့် ပြဋ္ဌာန်း အတည်ပြုပေးလိုက်သည်။ ဤသည်မှာ “ဖွဲ့စည်းပုံ အခြေခံ ဥပဒေ” ဖြစ်သည်။

ဤ အချက်ကို ကြည့်လျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်သူလူထု အားလုံးနှင့် သက်ဆိုင်ပြီး၊ ပြည်သူလူထု (သို့) ပြည်သူလူထုက ပေးအပ်သော ကိုယ်စားလှယ်က တာဝန်ယူ ရေးဆွဲကြရမည်။ ပြည်သူလူထုက ကျေကျေနပ်နပ် လက်ခံ အတည်ပြုပေးရမည်မှာ သေချာလှသည်။ ပြည်သူ့ ဆန္ဒ ပါဝင်ကြရမည်။ နအဖက ကိုယ့်ဘာသာ ကိုယ်ရေး၊ ကိုယ့်အခြေခံ ဥပဒေ ကိုယ်လုပ်၊ ကိုယ့်ဘာသာ ကိုယ် အတင်းအဓမ္မ အတည်ပြုခြင်းမှာ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန် မဟုတ်ကြောင်း တပ်မတော်သားတို့ သဘောပေါက်နိုင်ပြီ ဖြစ်သည်။

ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်သူလူထုနှင့် နိုင်ငံတော် အတွက် အသည်းနှလုံးပမာ ပဓာန ကျလှကြောင်း တွေ့ရပေမည်။ ပြည်သူလူထုသည် ဥပဒေ သဘောတရားများ နားလည်ခြင်း၊ ပညာရည် မြင့်မားခြင်း၊ နိုင်ငံရေး အသိပညာ ဗဟုသုတ များပြားခြင်း၊ စိတ်ထား ရင့်ကျက်၍ သဘောထား မှန်ကန်ခြင်း၊ ပူးပေါင်း လုပ်ကိုင် နေထိုင် ပေါင်းသင်းတတ်ခြင်း စသည်ဖြင့် ပြည့်ဝ နေဖို့ လိုပေသည်။ ထို့ကြောင့် ပြီးခဲ့သော ဆောင်းပါးများ၌ အနှစ် (၂၀) ခန့် ဒီမိုကရေစီ သဘောတရားများ ပြည်သူလူထုသို့ နအဖမှ ပညာပေးမှု မပြုခဲ့ခြင်း ကိစ္စနှင့် နောင် မျိုးဆက်များတွင် မူလတန်းမှ စ၍ လေ့ကျင့် ပညာပေး သင်ကြားမွေးမြူကြဖို့ အကြောင်းကို ရေးသား တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။

ဥပဒေ ဆိုပါက မြန်မာလူထုသည် လူဆိုးလူမိုက်များအတွက်ဟု အလိုလို သွားမြင်ကြသည်။ ကြောက်ရွံ့ ကြသည်။ ဟစ်တလာ၊ မော်စီတုံး၊ စတာလင်၊ ခမာနီ ပို့ပေါ့ အစိုးရ၊ နအဖ စစ်အာဏာရှင် စသည် နိုင်ငံသာ ကွဲပြားမည်။ ပြည်သူလူထု စိတ်ဆင်းရဲမှုမှာ အတူတူပင် ဖြစ်သည်။

အာဏာရှင်တိုင်းက အာဏာတည်မြဲရေး နှင့် သူတို့အကျိုးစီးပွားအတွက် ဥပဒေ ဆိုသည်ကို လွဲမှားစွာ အသုံးပြုခဲ့သော ကြောင့်လည်း ဖြစ်သည်။ ပြည်သူလူထုက ဥပဒေ ဗဟုသုတ အသိပညာ မရှိသောကြောင့်လည်း ဖြစ်သည်။ နအဖ ဥပဒေ ဆိုပြီး လိုသလို အနိုင်ကျင့် အမိန့်များ ထုတ်နေခြင်းကို လက်တွေ့ မြင်နိုင်သည်။

အမှန်တော့ “အခြေခံ ဥပဒေ ဆိုသည်မှာ ပြည်သူလူထု၏ ရပိုင်ခွင့်၊ ခံစားပိုင်ခွင့် စသည့် အခွင့်အရေး အမျိုးမျိုး ပါဝင်ရပြီး၊ အုပ်ချုပ်ရေး ၀န်ထမ်းများအတွက် လုပ်ပိုင်ခွင့်ကို ကန့်သတ် ပြဋ္ဌာန်း ပေးထားခြင်း” ဖြစ်သည်။

တနည်းအားဖြင့် အုပ်ချုပ်မည့်သူနှင့် အုပ်ချုပ်ခံ သူများအကြား “မူ” တစ်ခု ညှိနှိုင်း သတ်မှတ် သဘောတူ ကြရခြင်းသာ ဖြစ်သည်။ ဤနေရာတွင် “အာဏာပိုင်” ဟု မသုံးလိုပါ။ အာဏာပိုင် အစစ်မှာ ပြည်သူလူထုသာ ဖြစ်သည်။ နာမည် ပညတ်အပေါ် သာယာယစ်မူး မာန်တက်တတ်သော စရိုက် ရှိသူများ အတွက် နောင်တွင် စကားလုံး ရွေးချယ် သုံးသင့်သည်။

ဥပမာ ဆိပ်ကမ်း အာဏာပိုင် ဆိုသော စကားလုံးမျိုး၊ မင်းကြီး၊ ရဲမင်းကြီး စသော မိုးမမြင် လေမမြင် မာန်ဝင့်စေမည့် စကားလုံးများ မသုံးသင့်ပေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုသည်မှာ နိုင်ငံတော် ဖွဲ့စည်းမှုနှင့် အခြေခံ ရမည့် ဥပဒေများကို သတ်မှတ် အတည်ပြု ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

အခြေခံ ဥပဒေကို လေ့လာလျှင် နိုင်ငံတော် လိုအပ်ချက်အရ ပါလီမန် (Parliament) ခေါ် လွှတ်တော် ဖွဲ့စည်းမှု၊ နိုင်ငံတော် အစိုးရ အမျိုးအစား၊ နိုင်ငံတော် ဖွဲ့စည်းပုံ၊ ပြည်သူလူထုအတွက် လူ့အခွင့်အရေး နှင့် အခြေခံ အခွင့်အရေးများကို အဓိက အခြေခံ ရေးဆွဲကြပါသည်။ ပါလီမန် (သို့) လွှတ်တော်ကို အမေရိကန်၌ ကွန်ကရက် (Congress)၊ ဂျပန်၌ ဒိုင်းယက် (Diet) ဟု ခေါ်သည်။ လွှတ်တော်၌လည်း တခုတည်းထားသော တစ်ရပ် လွှတ်တော် (Uni-Cameral Parliament) နှင့် လွှတ်တော် နှစ်ခုထားသော နှစ်ရပ် လွှတ်တော် (Bi-cameral parliament) ဟူ၍ ကိုယ့်နိုင်ငံနှင့် ကိုယ်ညီအောင် ထားကြသည်။

လွှတ်တော်မှာ နိုင်ငံတော် ဥပဒေပြုရေး တာဝန်ကို ထမ်းဆောင်သည်။ နိုင်ငံတော် တစ်ရပ်၌ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာသုံးရပ် ရှိသည့်အတွက် ဖြစ်သည်။ အထက်လွှတ်တော်တွင် ပြည်နယ် အစိုးရ (သို့) ပြည်နယ် ပါလီမန်များက အရေအတွက်တူ ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ်များ ပါဝင်သည်။ အောက်လွှတ်တော်၌ ဒေသ အသီးသီးမှ လူဦးရေနှင့် မဲဆန္ဒနယ် အသီးသီးမှ လူဦးရေပေါ် မူတည်ပြီး၊ မဲဆန္ဒနယ် အသီးသီးမှ ပြည်သူလူထုက စိတ်ကြိုက်ရွေးချယ် ပေးသော ကိုယ်စားလှယ်များ ပါဝင်ကာ ဤ ရွေးကောက်ပွဲကို အထွေထွေ ရွေးကောက်ပွဲ ဟူ၍ ခေါ်ဆိုလေသည်။

No comments: