.

.

.

February 22, 2009

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ - အပိုင်း(၇)

ဒီမိုကရေစီနဲ့ တပ်မတော် - အပိုင်း(၇)

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

စာဖတ် ပရိသတ်များခင်ဗျား-

မိတ်ဆွေ ရဲဘော်ရဲဘက်များရဲ့  တောင်းဆိုချက် အရ ဗိုလ်ချူပ်အောင်ဆန်းရဲ့  အဆိုအမိန့်များနဲ့ ဒီမိုကရေစီရဲ့  အနှစ်သာရတွေကို ပင်တိုင်ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်မှ ရေးသားပေးပို့လာရာ ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ တင်ပြပေး လိုက်ရပါတယ်။ အခုလို ပေးပို့လာတဲ့ ပင်တိုင် ဆောင်းပါးရှင် ဗိုလ်မှူးကျော်ကျော်ခိုင်အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

“နိုင်ငံရေး ဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေရသော ကိစ္စပင် ဖြစ်ပေသည်။ တနည်းအားဖြင့် ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှုသောက်မှု၊ နေမှုထိုင်မှု၊ သွားလာမှု အစုစုသည် နိုင်ငံရေးပင် ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတော မိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏”

ဗိုလ်ချုပ်အောင်ဆန်း

ရိုးသားရှင်းလင်းလှသည့် ဗိုလ်ချူပ်၏ နိုင်ငံရေး ဆိုသော အဓိပ္ပါယ်ကို လူတိုင်း နားလည်စေလိုပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးသည် နေ့စဉ် နိုင်ငံရေး လုပ်ကိုင်နေကြရပါသည်ဟု ဆိုလျှင် မှားမည် မထင်။ သို့ပေမဲ့ အများသိနေကြသည်မှာ နိုင်ငံရေးစကားလုံးများ ပြောပြီး တိုင်းပြည်အုပ်ချုပ်ရေး၊ နိုင်ငံတကာ ရေးရာများကို ပတ်သက်လုပ်ကိုင်မှသာ နိုင်ငံရေးဟု သတ်မှတ်နေကြခြင်းပင်။ ထို့ပြင် နိုင်ငံရေးသမားဟု ကိုလိုနီနယ်ချဲ့  ခေတ်မှ ယနေ့တိုင် အဆိုးမြင်ဘက်မှ အပြောခံလာရသဖြင့် နိုင်ငံရေး စကားလုံးနှင့် ပြည်သူလူထုက ဝေးကွာခဲ့ရသလို စစ်အာဏာရှင်တို့၏ အကြမ်းဖက် နှိပ်ကွပ်မှုများကြောင့် နိုင်ငံရေးသမား ဆိုသူ တို့ကိုလည်း အပေါင်းအသင်း မလုပ်ရဲသည် အထိ ဖြစ်လာခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားချက်များကို ကြည့်ပါ။ လူတိုင်း နိုင်ငံရေးဟူသည့် နိုင်ငံနှင့်ပတ်သက်သော အရေးအရာ ကိစ္စများကို တစ်နည်းတစ်ဖုံ လုပ်ကိုင်နေကြ၍ လူတိုင်းသည် နိုင်ငံရေးသမား ဖြစ်ပါသည်။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူဟု မည်သည့် အချိန်က စခေါ်ကြသည်ကို မသိသော်လည်း ၂၀၀၄ ခုနှစ်ခန့်က Voice of Burma စာစောင်တွင် နိုင်ငံရေးသမားဟု မခေါ်ပဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ (သို့) အခြား သင့်တော်သလို ခေါ်ဝေါ်ပေးကြပါရန် အကြံပြု တင်ပြခဲ့ဖူးပါသည်။ လူအများ ကိုယ်စား ကိုယ်ကျိုးစွန့် လှုပ်ရှားနေ ကြသူများကို တက်ကြွလှုပ်ရှားသူများဟု ခေါ်ဝေါ်သည်မှာ အလွန်ပင် သင့်မြတ်လှပါသည်။



“နိုင်ငံရေးသည် လူမှုရေးမျှသာ ဖြစ်သည်။ နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည် နိုင်စရာ မရှိချေ။”

ဗိုလ်ချုပ်အောင်ဆန်း

ထို့ကြောင့် “နိုင်ငံရေး” ဆိုသည့် စကားလုံးနှင့် “နိုင်ငံရေး သမား” ဟု ခေါ်ဝေါ်ခြင်းကို မကြောက်ရန် လိုပါသည်။ နိုင်ငံအရေးကို စိတ်ကောင်း စေတနာကောင်းနှင့် လုပ်ခြင်းသည် မွန်မြတ်သော လူမှုရေးလုပ်ငန်း ဖြစ်၏။ “နိုင်ငံရေးကို ညစ်ပတ်အောင် လုပ်နေသူများသာ ညစ်ပတ်သည်” ဟူသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ စကားမှာလည်း မှန်ကန်လွန်း၏။ ယနေ့ ကျွန်တော်တို့ လက်တွေ့ အဖြူ၊ အမဲ ယှဉ်တွဲ သုံးသပ်နိုင် ကြပါသည်။

လူသား အားလုံး၏ အရေးကိစ္စ၊ နိုင်ငံတစ်ခုလုံး ကိစ္စ၊ နိုင်ငံတကာနှင့် သက်ဆိုင်သော ကိစ္စလည်း ဖြစ်၍ နိုင်ငံရေးမှာ ကျယ်ပြောလွန်းလှပါသည်။ လူသားတို့၏ အရေးကိစ္စများကို ဆောင်ရွက်နေကြရသဖြင့် ပြည့်စုံပြီ ဟူ၍ မရှိပါ။ သက်ဦးဆံပိုင်ခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင် ပဒေသရာဇ်ခေတ်များကို ကျော်ဖြတ်ပြီး လူတို့အရေးအတွက် ကြံစည်တွေးတောရင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ အရင်းရှင် စသည့် စနစ် အမျိုးမျိုးလည်း ပေါ်ထွက်လာခဲ့ပါသည်။ သို့သော် လူသားတို့အတွက် ဘ၀င်မကျ နိုင်သေးပါ။ လောဘ၊ ဒေါသ၊ မောဟနှင့် “ငါ” ဟူသော ဒိဌိတို့ လွှမ်းမိုးထားသော လူသားတို့၏ အတွေးအခေါ်သာ ဖြစ်၍ ဘုရားဟောလို ထာဝရ မှန်ကန်ခြင်း မရှိနိုင်။ သူ့ခေတ် သူ့အချိန်အခါ သူ့ အခြေအနေ တစ်ရပ်၌သာ လက်ခံနိုင်၏။

ထိုအထဲမှ နှစ်ပေါင်း (၂၀၀၀) ကျော် အဆင့်ဆင့် တိုးတက်မွမ်းမံပြီး လူအများ လက်ခံလာသော ၀ါဒမှာ “ဒီမိုကရေစီ ၀ါဒ” ပင်ဖြစ်၏။ အဘယ်ကြောင့် ဆိုသော် လူအများ ကောင်းကျိုးကို ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲများ မပါဘဲ ဆောင်ရွက်ပေးနိုင်သောကြောင့် ဖြစ်၏။

ကျွန်တော် ဆောင်းပါးများ ရေးလာတော့ ဘ၀ဟောင်းက မိတ်ဆွေများ၊ အချို့ နောင်တော်ကြီးများက စေတနာ နှင့် အသိပေး၏။ စစ်သား/စစ်သားဟောင်းတွေ နိုင်ငံရေး လုပ်လျှင် သာမန်လူများထက်ပို၍ အပြစ်ကြီး နိုင်သည် ဟူ၏။ နိုင်ငံရေး အဓိပ္ပာယ်ကို သဘောပေါက်အောင် လေ့လာစေချင်ပါ၏။ ကျွန်တော် နိုင်ငံရေး တက်ကြွလှုပ်ရှား သူတော့ မဟုတ်ပါ။ မတရားမှုများ၊ ရက်စက် ယုတ်မာလွန်းမှုများ၊ နအဖ၏ အာဏာရှင် စနစ် သွတ်သွင်းမှုနှင့် ပြည်သူလူထု ဘက်မှ မခံချင်မှုများကြောင့် တာဝန် ရှိနေသည်ဟူသော အလိုလို အသိကြောင့် တတ်နိုင်သမျှ ဆောင်ရွက်ရန် ကြံရွယ်ခဲ့ခြင်းသာ ဖြစ်ပါသည်။

ဒီမိုကရေစီ ရလျှင် ဒို့တာဝန် အရေးသုံးပါးကို ထိခိုက်နိုင်သည်။ ပြည်ထောင်စု ပြိုကွဲနိုင်သည်ဟူသော သူတို့၏ စိုးရိမ်မှုကို လေးစားသလို ဒီမိုကရေစီနှင့် ထိုကိစ္စ ကြောင်းကျိုး ဆက်စပ်မှုကိုလည်း ရှင်းလင်း တင်ပြချင် သောကြောင့် ဤသို့ဆောင်းပါးများကို ရေးသားတင်ပြရခြင်း ဖြစ်၏။ ဆောင်းပါးမျှသာ ဖြစ်၍ ပြီးပြည့်စုံခြင်းတော့ မရှိနိုင်ချေ။

“မိမိကိုယ်ကို နာမည်ကြီးအောင် ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေး မဟုတ်။ တိုင်းပြည်ကို ကောင်းအောင် လုပ်တတ်မှ နိုင်ငံရေး ဖြစ်၏”

ဗိုလ်ချုပ်အောင်ဆန်း

သည် အဆိုအမိန့်ကို နက်နက်နဲနဲ စဉ်းစားကြည့် စေချင်ပါသည်။ ဗိုလ်ချူပ်၏ ဥာဏ်အမျှော်အမြင် ကြီးမားမှု ကြို
တင် သိမြင်နိုင်မှုတို့ကို အံ့မခန်း ဖြစ်ရပါသည်။

“ကျွန်တော်တို့ဟာ ဒီမိုကရေစီ ၀ါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီ ၀ါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုး မလုပ်နိုင်ရင် ကျွန်တော်တို့ မြန်မာပြည်က လူတွေလည်း နစ်နာမယ်။ ကျွန်တော်တို့ တိုင်းပြည်ကိုလည်း ကမ္ဘာက ကြည့်နေလို့ မရတဲ့ တနေ့ ဂျပန်နဲ့ ဂျာမဏီ ၀ိုင်းပြီး အနှိမ်ခံရသလို အနှိမ်ခံ ရမယ်ဆိုတာကို သတိရှိကြပါ။ ဒီမိုကရေစီ ၀ါဒကသာ လွတ်လပ်ရေးနဲ့ ဆီလျှော်တယ်။ ဒီ ၀ါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။”

ကျွန်တော်တို့ လူမျိုး ကျွန်တော်တို့တိုင်းပြည် အခုတော့ ဗိုလ်ချူပ် ပြောသလို အနှိမ်ခံဘ၀ ရောက်ခဲ့ပါပြီ။

No comments: