ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးတဦးရဲ့  ပင့်ကူကွန်ရက်
ဆောင်းပါးရှင် - တပ်မတော် အရာရှိဟောင်းတဦး (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။)
၂၄-၁-၂၀၀၈ ရက်နေ့က ကျနော်ဟာ ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ တွေ့ဆုံခဲ့ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့  နိုင်ငံရေး၊ စစ်ရေးအခြေအနေများ၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် သဘောထားများ၊ အတိုက်အခံ အဖွဲ့အစည်းများ အပေါ် နအဖက ထိန်းချုပ် ထိုးဖောက်နိုင်ပုံ အကြောင်း စတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ဗိုလ်ချုပ်ခင်ညွန့်ရဲ့  ထောက်လှမ်းရေး ယန္တရား ပြိုကွဲသွားချိန်မှာတော့ နအဖက လူရွေးချယ်ဖို့ အကျပ်ရိုက်နေရာ ကြံရာမရဖြစ်ပြီး နောက်ဆုံးမှာတော့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦး လက်ထက်က တာဝန် ထမ်းဆောင်ခဲ့တဲ့ OTS အပတ်စဉ် (၄၉) ဆင်း ဗိုလ်ရဲဝင်းနဲ့ DSA အပတ်စဉ် (၁၅) ဆင်း ဗိုလ်ခင်မောင်စိုး တို့ကို ဖုတ်ပူမီးတိုက် ရွေးချယ် တာဝန် ပေးခဲ့တယ်လို့ သိရပါတယ်။
ကိုအောင်လင်းထွဋ်က ကျနော့်ကို စစ်သံမှူး ဗိုလ်မှူးချုပ် ခင်မောင်စိုးရဲ့  အကြောင်းနဲ့ သူဟာ ဘယ်လိုလူမျိုးလဲ ဆိုတာ တစေ့တစောင်း ပြောပြလာပါတယ်။ မျက်မှန်ကြီး တင်ဦး လက်ထက်က ဗိုလ်ခင်မောင်စိုးဟာ အမှတ် (၁၀) ထောက်လှမ်းရေးတပ်မှာ တာဝန် ထမ်းဆောင်ခဲ့ရာမှ ထောက်လှမ်းရေးတဖွဲ့လုံး ဖျက်သိမ်းခံရချိန်တွင် ခြေလျင်တပ်ကို ပြန်လည် ဆင်းသွားရသူ ဖြစ်ပါတယ်။
အဲဒီနောက် သူဟာ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးချုပ် မြင့်ဆွေ လက်အောက်ခံ နည်းဗျူဟာမှူး ဖြစ်ခဲ့ပြီး ထိုမှတဖန် တပ်မမှူးဖြစ်လာပြီးနောက် စစ်သံမှူးအဖြစ် တာဝန်ပေးခံရသူ ဖြစ်ပါတယ်။ တပ်ချုပ် တပည့် ဗိုလ်မြင့်ဆွေက တပတ်စဉ်တည်း ပီပီ သူ့ကို စစ်သံမှူး ဖြစ်ရေး ထောက်ခံပေးလိုက်တဲ့ သဘော ရှိပါတယ်။
ဗိုလ်ခင်မောင်စိုးဟာ ထောက်လှမ်းရေးတပ် (၁၀) မှ ဗိုလ်ကြီးအဆင့်နဲ့ တန်ပြန် ထောက်လှမ်းရေး သင်တန်း တက်ဖို့ ဗဟို ထောက်လှမ်းရေးတပ်ကို လာရောက် တက်ခဲ့စဉ် ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ သင်တန်းမှာ အတူတူ ဆုံခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် ဧပြီ၊ မေလ အချိန်မှာ တန်ပြန် ထောက်လှမ်းရေး သင်တန်းရဲ့  လက်တွေ့ ကွင်းဆင်းတဲ့ အစီအစဉ်အရ သံလွင်ဦး စစ်ဆင်ရေးအနေနဲ့ ဗိုလ်ခင်မောင်စိုး ဦးစီးတဲ့အဖွဲ့ဟာ တာချီလိတ်-မိုင်းဖြတ်သို့ သွားရတယ်လို့ သိရပါတယ်။
ဗိုလ်ကြီး ခင်မောင်စိုးက ခေါင်းဆောင်ဖြစ်ပြီး အဖွဲ့ဝင် ဗိုလ်ကြီးအောင်လင်းထွဋ်၊ ဗိုလ်ကြီး စိုးမြင့်အောင်၊ တပ်ကြပ်ကြီး ကျော်သိန်း (အမှတ် ၄ ထောက်လှမ်းရေးတပ်)၊ တပ်ကြပ်ကြီး တင်လှိုင်တို့ ပါဝင်ကြပါတယ်။ တာချီလိတ် ရောက်ချိန်မှာ ဗိုလ်ခင်မောင်စိုးဟာ ဟိုဘက်ကမ်း ကူးကာ မယ်ဆိုင်မြို့ သို့ သွားရောက် လည်ပတ်ခဲ့ရာမှ ထိုင်းမိန်းမပျိုတဦးနဲ့ ဇာတ်လမ်း ဖြစ်ခဲ့ပါတယ်။ ဗိုလ်ခင်မောင်စိုးဟာ ခြေစင်္ကြာဖြန့်ပြီး အိုင်တွေ့ခြေဆေးခဲ့ရာမှ လှပတဲ့ ထိုင်းမိန်းကလေးရဲ့  မာယာကျော့ကွင်းထဲမှာ နစ်မျောသွားပြီး ဗိုလ်ခင်မောင်စိုးရဲ့  အချစ်ဟာ နုတ်မရတဲ့ ရောဂါနဲ့ အစွဲကြီး စွဲလမ်းကာ မကြာခဏ ညအိပ်သွားတဲ့အထိ ဖြစ်နေပါတယ်။
စစ်ဆင်ရေး တာဝန်ပြီးဆုံးလို့ ပြန်ချိန်မှာတော့ ဗိုလ်ခင်မောင်စိုးက ကိုအောင်လင်းထွဋ်ကို “ငါ သူမကို တခါတည်း ခေါ်ခဲ့တော့မယ်ကွာ” လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့  မျက်နှာမှာလည်း မျက်ရည်တွေနဲ့ တွေ့လိုက်ရတာမို့ ကိုအောင်လင်းထွဋ်က တအံ့တသြ ဖြစ်သွားကာ သူမကို ခေါ်လာရင် ပြဿနာ အားလုံး တက်ကုန်ကြမယ်လို့ ပြောပြီး မခေါ်ဖို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောယူရတဲ့ အခြေအနေ ရောက်ခဲ့ကြောင်း သိရပါတယ်။

အခုတော့ တာဝန်အရ ဘန်ကောက် ပြန်ရောက်လာချိန်မှာ ဗိုလ်ခင်မောင်စိုးက သူ့ရဲ့ အချစ် ဇာတ်လမ်းကို ပြန်ဆက်မှာလား၊ ဒါမှမဟုတ် စစ်သံမှူးရဲ့  တာဝန်အရ အခြား ထိုင်းကောင်မလေးတွေကို သတင်းပေးအဖြစ် မွေးစားနေဦး မှာလားဆိုတာ တွေးမိရင်း ရင်လေးမိပါတယ်။ စစ်သံမှူး ဗိုလ်ခင်မောင်စိုး လုပ်ဆောင်ချက် ချို့ယွင်းပုံကဖြင့် လုံခြုံရေး တာဝန်ယူရတဲ့ စစ်သံမှူးအနေနဲ့ မြန်မာသံရုံး မီးလောင် ခံရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲ ထောက်လှမ်းရေးသင်တန်းအရ ပစ္စည်းလုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး၊ အဆောက်အဦ လုံခြုံရေး စတဲ့ ဘာသာရပ်ဆိုင်ရာ စီမံချက် များ အားနည်းချက် ကြောင့် ဂုဏ်သိက္ခာ ကျဆင်းသွားပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ထိုင်းနိုင်ငံက စုံစမ်းစစ်ဆေးပေးမယ်ဆိုတာတောင် လက်မခံ ရဲတဲ့အထိ ဖြစ်ခဲ့လို့ ဘာကြောင့် မီးလောင်တယ် ဆိုတာကတော့ ဗိုလ်ခင်မောင်စိုးသာ အသိဆုံး ဖြစ်လိမ့်မယ် ဆိုတာ တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment