.

.

.

March 8, 2009

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ - အပိုင်း(၁၃)

ဒီမိုကရေစီ နဲ့ တပ်မတော် - အပိုင်း (၁၃)

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

စာဖတ်ပရိသတ်များခင်ဗျား

မျိုးဆက်သစ်များ အသိကြွယ် အမြင်ကျယ်စေဖို့ ပင်တိုင်ဆောင်းပါးရှင်ရဲ့  ဖယ်ဒရယ်နဲ့ ပတ်သက်တဲ့ တင်ပြချက်ကို ယနေ့ တင်ဆက် လိုက်ပါတယ်။ ယခုလို ဆောင်းပါး ပေးပို့လာတဲ့ ပင်တိုင်ဆောင်းပါးရှင် ဗိုလ်မှူး ကျော်ကျော်ခိုင်ကို အထူးကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အားမှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

အဟောင်းကို အသစ် မဖြစ်စေချင်သော်လည်း သမိုင်းစာမျက်နှာအရ အမှန်တရားကိုတော့ ပြောဆို လက်ခံ ကြရပေမည်။ ၁၉၆၂ ခုနှစ်၌ ၀န်ကြီးချုပ် ဦးနုက ပြည်ထောင်စု မြန်မာနိုင်ငံကို ပိုပြီး စည်းလုံးသထက် စည်းလုံး စေချင်သောကြောင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်ရန် သင့်တော်သော အဆိုများ တင်သွင်းဖို့ ပြည်နယ်ခေါင်းဆောင်များကို ကမကထပြု စတင် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ပြည်နယ် ခေါင်းဆောင်များ အနေနှင့် တစ်ဦးချင်း (သို့) အဖွဲ့လိုက် တကြိမ်တခါမျှ ဤ ကိစ္စ တောင်းဆိုခြင်း၊ အကြံပြုခြင်းပင် မရှိခဲ့ချေ။

ပြည်နယ်ရတော့မည့် မွန်၊ ရခိုင် ခေါင်းဆောင်များ၊ ချင်း အထူး ၀ိသေသတိုင်း ခေါင်းဆောင်များ၊ ရှမ်း၊ ကချင် စသော ပြည်နယ် ခေါင်းဆောင်များက တောင်ကြီး၌ ကြိုတင် ဆွေးနွေးပြီး၊ အကြံပြု ဆွေနွေး တင်ပြကြခြင်း ဖြစ်သည်။ ထိုတင်ပြချက်ကို ဖက်ဒရယ်မူ ဟုခေါ်သည်။ အကြမ်းဖျင်း ပါဝင်သော အချက် (၃) ချက်မှာ -

  1. ဗမာပြည်မကို ပြည်နယ် တစ်ခု သတ်မှတ်ပေးရန်။
  2. လူမျိုးစု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကို အာဏာတူ သတ်မှတ်ပေးရန်။
  3. လူမျိုးစု လွှတ်တော်၌ ပြည်နယ်၊ တိုင်း အမတ်ဦးရေ ညီတူညီမျှ ဖြစ်ရန်တို့ ဖြစ်သည်။
ခွဲထွက်မည် ဆိုသော စကားလုံး တစ်လုံးမျှ မပါဝင်ချေ။ ဒီမိုကရေစီ နည်းကျ ဆွေးနွေးကြခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဦးနု ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်သော “တာတေ စနေသား” စာအုပ်၌ ပါဝင်သော အချက်များကို ကြည့်လျှင် ခွဲထွက်ရေး ရည်ရွယ်ချက် မပါဝင်ကြောင်း၊ ပြည်နယ် ခေါင်းဆောင်များနှင့် ဦးနု မည်မျှ ရင်းနှီး ကျွမ်းဝင်ပြီး မည်မျှ ပွင့်လင်းကြောင်းနှင့် ဦးနု၏ စေတနာကို တွေ့မြင်နိုင်ပါသည်။

“အစည်းအဝေး ပြီးတဲ့အခါ ရှမ်းပြည်နယ် ဥက္ကဋ္ဌ စပ်ခွန်မျိုးနဲ့ ကယားပြည်နယ် ဥက္ကဋ္ဌ စပ်ဝဏ္ဏတို့ဟာ ၀န်ကြီးချုပ် နဲ့အတူ ၀င်ဒါမီယာ ၀င်းအတွင်း ၀န်ကြီးချုပ် နေအိမ်သို့ လိုက်လာကြတယ်။ စပ်ခွန်ချိုက စပြီး ၀န်ကြီးချုပ်ကို ဒီလို မေးတယ်။

“၀န်ကြီးချုပ်၊ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်းတွေကို ကြားပြီးပြီလား”

“ကြားပြီးပြီ”

“ဒီကောလဟာလ သတင်းတွေကို မယုံပါနဲ့ ၀န်ကြီးချုပ်”

“စိတ်ချနေပါ ချို၊ ကျွန်တော် ဒါတွေကို မယုံပါဘူး”

“ကျွန်တော်တို့ ၀န်ကြီးချုပ်ကို အကျပ်ကိုင်ချင်ရင် ၁၉၄၈ ခုနဲ့ ၁၉၄၉ ခုနှစ်တွေတုန်းက အကျပ်ကိုင် နိုင်ပါတယ်။ အဲဒီတုန်းကလည်း အကြပ်မကိုင်ခဲ့ဖူးဘူး။ နောင်ကျတော့လည်း တခါမှ မကိုင်ခဲ့ဖူးဘူး”

“ချို တို့ကို ကျွန်တော် ယုံပါတယ်”

“ကျေးဇူးတင်ပါတယ် ခင်ဗျား”

“ကျွန်တော် ထင်တာကတော့ ချို တို့ ဒီကိုလာတာဟာ ကျွန်တော့်ရဲ့  ဖိတ်ကြားချက်အရ လာတယ် ဆိုတာ ကိုတော့ ကောလဟာလ လွှင့်တဲ့သူတွေ မသိဘူးနဲ့တူတယ်”

“အဲဒါတော့ သေချာပါတယ်”

“ကျွန်တော်တို့ဘက်က အဆိုပြုချက် တစ်ရပ် တင်သွင်းရမှာ ဖြစ်ပေမဲ့ အဲဒီလို တင်သွင်းရုံနဲ့ ၀န်ကြီးချုပ်က ကျွန်တော်တို့ အလိုကို လိုက်လျောတယ်လို့ မပြောဆိုနိုင်ပါဘူး။ အခု အဆိုပြုချက်က နောက်ထပ် ဆွေးနွေးရ ဦးမဲ့ကိစ္စ တစ်ရပ် ဖြစ်ပါတယ်”

“အဲဒါနဲ့ ပတ်သက်လို့ တခုခု လုပ်နိုင်ရင်တော့ ကောင်းပါတယ်။ မလုပ်နိုင်ရင်လည်း ကိစ္စတော့ မရှိပါဘူး။ ဘေးဖယ်ထားလိုက်ရုံပေါ့ဗျာ”

“ကျွန်တော့် အနေနဲ့တော့ ၀န်ကြီးချုပ်ရဲ့  ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါ့မယ်”

ဦးနုက “တခုတော့ ရှိတယ် ချို ရဲ့ ။ ဒီကောလဟာလ တွေကို ဘယ်သူတွေ ဖြန့်နေတာလဲဆိုတာ ကျွန်တော် တွေးကြည့်တယ်။ နောက်ပြီးတော့ ဘာအတွက် ဒီလို မမှန်သတင်း ဖြန့်နေတယ်ဆိုတာ ကျွန်တော် စဉ်းစားလို့ မရဘူး”

ဤသည်ကို ကြည့်လျှင် ထိုအချိန်က အဆိုပြု ဆွေးနွေးခဲ့သော ဖက်ဒရယ်မူသည် တိုင်းရင်းသားချင်း ပိုမို ချစ်ကြည်ရေးနှင့် ယုံကြည်မှု ပွားများစေရေး ဖြစ်သော်လည်း ခွဲထွက်ရေးမူ အဖြစ် ကောလဟာလ ထုတ်သူ တို့ကလည်း ထုတ်နေကြသည်မှာ ဘာကြောင့် ဆိုသည်ကို သမိုင်းက ပြဆိုခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း တဘက်က အကြောင်းပြစရာ ဖြစ်လောက်အောင် ပြည်သူလူထု တွေဝေစရာ ဖြစ်လောက်အောင် အခြေအနေများကလည်း ရှိနေသည်ကို တွေ့ရ၏။ ပဒေသရာဇ် ဆန့်ကျင်ရေး တိုက်ပွဲဝင်နေသူများ ရှိနေ သော်လည်း ပဒေသရာဇ်စော်ဘွား အချို့  အာဏာရယူလိုမှု၊ ကွန်မြူနစ် စနစ် ကြီးထွား မလာစေရေးအတွက် ဆီတိုး စစ်အုပ်စုက မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ ပိုင်း၊ တောင်ပိုင်း၊ ကယား၊ ကရင်၊ တနသာင်္ရီ တလျှောက် တပ်ဖြန့်ထားပြီး တရုတ် မော်စီတုန်း ကွန်မြူနစ်များကို တိုက်နေသည့် ချန်ကေရှိတ် တရုတ် အစိုးရတပ်များအား ၀င်ရောက် ကူညီနေမှု၊ ဆီတိုး စစ်အုပ်စုကို မှီပြီး နိုင်ငံရေး အမြတ်ထုတ် လိုသူများ ရှိမှုနှင့် ဖဆပလ ကွဲပြဲကာ အချင်းချင်း ဆော်နေကြမှု၊ စစ်တပ်အတွင်း ဆိုရှယ်လစ် စစ်ဗိုလ်များ ထိပ်ပိုင်း၌ ကြီးစိုးနေမှု စသော အကြောင်းတရားများကိုလည်း စီစစ် တွေ့ရှိနိုင်ပေသည်။

No comments: