.

.

.

March 9, 2009

ပြည်သူလူထုနှင့် တပ်မတော်သား အားလုံးအတွက် အလွန်လိုအပ်နေတဲ့ ဒီမိုကရေစီ - အပိုင်း(၁၄)

ဒီမိုကရေစီ နဲ့ တပ်မတော် - အပိုင်း (၁၄)

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင်

စစ်ကောင်စီမှ ၁၉၆၂ ခု မတ်လ (၂) ရက်နေ့ အာဏာသိမ်းပွဲသည်သာ ပထမ အမှားနှင့်၊ အကယ်၍ အကြောင်း ပြသလို့ မှန်ကန်ခဲ့ပါကလည်း နိုင်ငံတော် တည်ငြိမ်အောင်၊ ပြုလုပ်၍ အာဏာကို ပြန်လွှဲခြင်း မပြုပဲ ထာဝရ သိမ်းပိုက်ကာ စစ်အာဏာရှင် စနစ် ထူထောင်လိုက်ခြင်းသည် ဒုတိယ အမှားသာ ဖြစ်ချေသည်။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်ဆိုသည်မှာလည်း မူဝါဒ အနေနှင့် ရုပ်ပြ ကောင်းအောင် ကွန်မြူနစ် ပျက်များ ဖြစ်သော စာရေးဆရာ ကိုကိုမောင် (ခေါ်) ဦးချစ်လှိုင်၊ ဦးစောဦးတို့၏ နိုင်ငံရေး ပညာများ ရယူပြီး ပါတီပိုင်း အနေနှင့် ဗိုလ်ရဲထွဋ်၊ သခင်တင်မြတို့က သုံးစွဲကာ ရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။

ထူးခြားသည်မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ၏ ကောင်းမွန်သော သဘောတရားကျမ်းဟု ချီးကျူး ကြရသည့် “လူနှင့် လူ့ပတ်ဝန်းကျင် အညမည သဘောတရား” ကျမ်းသည် ဘာသာမဲ့ ကွန်မြူနစ်ကြီး များက ဗုဒ္ဓတရားတော်များမှ မဇ္ဈိမ ပဋိပဒါ ကျင့်စဉ်၊ ပဋ္ဌာန်းဒေသနာတော်မှ ကြောင်းကျိုးဆက်နွယ်မှု သဘောတရားများကို ထုတ်ယူ သုံးစွဲထားခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် ကိုလိုနီ နယ်ချဲ့ များလက်အောက် မကျရောက်ခဲ့လျှင် တိုင်းရင်းသား လူမျိုးစုများ အားလုံး စည်းစည်းလုံးလုံး တက်ညီလက်ညီ ရှိခဲ့လျှင် အချင်းချင်း သံသယ မပွားပဲ ယုံကြည်ချစ်ခင်မှု ရှိနေခဲ့ကြမည် ဆိုလျှင် အင်အားရှိသော တပြည်ထောင်စနစ်ကို ထူထောင်နိုင်ခဲ့စရာ အကြောင်းရှိသည်။

သို့သော် ဗြိတိသျှ ကိုလိုနီ လက်အောက် နှစ်ပေါင်းတစ်ရာ နီးပါးနေခဲ့ကြရချိန်တွင် တောင်ပေါ် မြေပြန့် သွားလာ ဆက်ဆံရေးကို ဥပဒေဖြင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ချုပ်ချယ် ခံခဲ့ရမှု၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး အရ သွေးခွဲအုပ်ချုပ်ခံရမှု၊ လွတ်လပ်ရေး ရယူပြီးနောက် လူမျိုးစုများ အထင်အမြင် လွဲမှား၍ အချင်းချင်း ပြဿနာများ ပေါ်ပေါက်ခဲ့ပြီး သံသယ ကြီးထွားလာခဲ့မှုများ၊ အထူးသဖြင့် နအဖ စစ်အာဏာရှင်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စိတ်ရင်းစေတနာကောင်းဖြင့် မှန်ကန်စွာ အင်တိုက်အားတိုက် ဆောင်ရွက်ရမည့်အစား စိတ်ဝမ်းကွဲပြားရေးကိုသာ သိသာစွာ လုပ်ဆောင်နေမှုများကြောင့် တပြည်ထောင် စနစ်သည် ဖြစ်နိုင်စရာ မရှိသေးချေ။

စစ်အာဏာရှင်များ ပြုမှုပုံများမှာ စဉ်းစားတတ်လျှင် သံသယ ရှိစရာ အချက် ဖြစ်၏။ ၄င်းပြင် တိုင်းရင်းသား လူမျိုးစုများ များပြားပြီး၊ လူမျိုးစုကြီးများ၌လည်း လူမျိုးစုငယ်လေးများ ရှိသေးပြန်ရာ လူနည်းစုများ အခွင့်အရေး အတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စု ဖွဲ့စည်းခြင်းသည်သာ အဓိပ္ပာယ် ရှိပေမည်။ သို့သော် ယနေ့အထိ စစ်မှန်သည့် ပြည်ထောင်စု ဖွဲ့စည်းမှုမျိုး မရှိသေးသလို ဒီမိုကရေစီကို မျက်ကွယ်ပြုထား၍ တိုင်းရင်းသား လူမျိုးစုတို့ အကြား သံသယသာ ကြီးထွားနေပေသည်။

၁၉၄၇ ခု မေလ ဖဆပလ ညီလာခံ၌ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်းက “တပြည်ထောင် တည်ဆောက် မလား၊ ဒါမှမဟုတ် ပြည်ထောင်စု စနစ် တည်ဆောက်မလား” ဟု စတင် မေးမြန်းခဲ့ပြီး၊ “ကျွန်တော်တို့ဟာ တိုင်းရင်းသား လူနည်းစုတွေရဲ့  အခွင့်အရေးကို ကာကွယ်ဖို့ သင့်တော်စွာ ထိန်းချုပ် ကြပ်မတ်ထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ ပြည်ထောင်စု တစ်စု ထူထောင်ရမယ်။

ဒါပေမဲ့ ကျွန်တော်တို့ဟာ ပူးပေါင်းပြီး လဲကျသွားတာမျိုး မဖြစ်စေရပဲ စုစည်းညီညွတ်မှုနဲ့ ကြံ့ကြံ့ခိုင် ထရပ်တာမျိုး ဖြစ်အောင် သတိပြုကြရမယ်” ဟုလည်း စေတနာ မှန်စွာ အဆိုပြုခဲ့ပါသည်။ ဤမျှဆိုလျှင် ဖက်ဒရယ် ဆိုသည် ပြည်ထောင်စု ပြိုကွဲရေး မဟုတ်၊ ဒို့ တာဝန်အရေး သုံးပါးကိုလည်း ထိခိုက်စရာ မရှိကြောင်း ယနေ့ တပ်မတော်သား အပေါင်း စိတ်ချ ယုံကြည်နိုင်လောက်ပါပြီ။

အမှန်တော့ တပြည်ထောင် ဖြစ်စေ၊ ပြည်ထောင်စု ဖြစ်စေ တန်းတူညီမျှမှုကို ဖြစ်စေပြီး အာဏာကို ကောင်းစွာ ဖြန့်ဝေနိုင်ခြင်း အနှစ်သာရသည်သာ အဓိက ဖြစ်ပေသည်။ ပြည်ထောင် ဆိုသော်လည်း ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ (ပြည်နယ် အစိုးရ) များသို့ အာဏာများ ကောင်းစွာ ဖြန့်ဝေခွဲပေးထားနိုင်လျှင် ပြည်ထောင်စု သဘောသာ ဖြစ်၏။ ပြည်ထောင်ဆိုသော်လည်း ပြည်နယ် အစိုးရများသို့ ကောင်းစွာ အာဏာ ဖြန့်ဝေ ခွဲပေးထားမူ မရှိလျှင်လည်း တပြည်ထောင် သဘော သာ သက်ဝင်သည်။ ၄င်းအပြင် သတိပြုရန်မှာ အာဏာ ခွဲဝေမှုများလွန်းလျှင် ဗဟိုအစိုးရအားနည်းပြီး မလိုလားအပ်သော ပြဿနာများ ရှိနိုင်သလို၊ ဗဟို အစိုးရ ချုပ်ကိုင်မှု များလွန်းကလည်း အာဏာရှင် စရိုက် ၀င်နိုင်ခြင်း အကြောင်းတရပ် ဖြစ်ပေသည်။

ပြည်ထောင်စု စနစ်ကို “တိုင်းရင်းသား ပြည်သူလူထု အားလုံး ပါဝင်ပြီး ညှိနှိုင်း ဆွေးနွေး သဘောတူ ချမှတ်ရမည်” ဖြစ်သည်။ ဒီမိုကရေစီ သဘောအရ ပြည်သူလူထုဆန္ဒသည်သာ ပဓာန ဖြစ်သည်။ ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖော်ရ၌ (Federal) ဖက်ဒရယ် ဆိုသည်ကိုလည်း တွေ့ရပေမည်။ “ဖက်ဒရယ်” မှာကြောက်စရာ မဟုတ်ပါ။ တန်းတူညီမျှမှု ရှိရေးသည်သာ အဓိကကျပါသည်။

ဤသည်ကို အထူး သတိထားရမည် ဖြစ်ပြီး၊ ကြောက်စရာ ကောင်းသည်မှာ ထို “မူ” ကို တင်ပြရေးသားသော သူများသာ ဖြစ်သည်။ “မူ” ၏ နောက်ကွယ်၌ အကြံဆိုး ဥာဏ်ဆိုးများ ရှိမှု၊ ခုတုံး လုပ်၍ ခွဲထွက်ရန် ကြံစည်မှုတို့သာ ဖြစ်သည်။ ရှေးပဝေသဏီ ကာလကပင် တိုင်းပြည်နေရာ အနှံ့ လူမျိုးစု ပေါင်းစုံ ဖြန့်ကျက်နေထိုင်လျှက် ရှိသော မြန်မာနိုင်ငံ ကဲ့သို့သော တိုင်းပြည်၌ မည်သူမျှ အမွေခွဲဆင်း၍ မဖြစ်သလို အခွင့်အရေး မညီမျှခြင်း၊ တန်းတူညီမျှမှု မရှိခြင်း တို့လည်း ရှိနေလျှင် မဖြစ်နိုင်ပေ။

မယုံသင်္ကာ ဖြစ်ခြင်း၊ မုန်းတီးခြင်းများ ဖျောက်၍ ရိုးသားမှန်ကန်သော စိတ်စေတနာ နှင့်“တိုင်းပြည်အတွက်” ဟူသော ဦးတည်ချက် တခုတည်းကိုသာ စွဲကိုင်ကာ ညီညီညွတ်ညွတ် တည်ဆောက်သွားကြရမည် ဖြစ်သည်။ ယနေ့ တိုင်းရင်းသား အဖွဲ့အစည်းများရှိ ခေါင်းဆောင်ပိုင်းသည်လည်း ကမ္ဘာနှင့် ယှဉ်၍ အမြင်ကျယ်လာပြီး ဖြစ်သည်။ ခေါင်းဆောင်မျိုးဆက်သစ်များမှာ ခေတ်ပညာတတ်များ ဖြစ်ကြပြီး ကမ္ဘာ့ရွာ (Globalization) ကို နားလည် ကြပြီး ဖြစ်၏။ စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီနှင့် တိုင်းပြည်တခုလုံးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုသော အတွေးအခေါ်များ ရှိကြသည်ကို သူတို့ စကားများက ဖေါ်ပြပြီးကြလေပြီ။

No comments: