.

.

.

March 16, 2009

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

ကျွန်တော် ကိုဖိုးတရုတ်မှ တင်ပြ ဖော်ပြထားခဲ့တဲ့ ဆောင်းပါး စာမူများကို ကမ္ဘာတလွှား နေရာ အမျိုးမျိုးက တဆင့် ထပ်မံ ကူးယူဖော်ပြပြီး ကျွန်တော့် ဘာလောဂ်က ကူးယူ ဖော်ပြပေးခဲ့တာကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ကြတဲ့အတွက် မိတ်ဆွေ သူငယ်ချင်း များကို ကျေးဇူး တင်ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ကလည်း မသိ သူများ ပြောတော့လည်း လက်မခံတဲ့ သူတွေကို ယနေ့ အချိန်မှာ တွေ့ရတာကြောင့် အင်မတန်မှ အံ့သြ ၀မ်းနည်းမိပါတယ်။ ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကား အတိုင်း ကျွန်တော့် အနေနဲ့ မပြောချင်ပေမဲ့လည်း ပြောဖို့ အချိန်အခါ ကျရောက်လာတာရယ်၊ စာဖတ်သူများအား ရှင်းလင်း တိကျစွာ သိစေချင်လိုတဲ့ စိတ်ရင်း စေတနာ ကောင်းဖြင့် ဒီပို့စ်လေးကို ရေးသား လိုက်ရပါတယ်။

ကျွန်တော်တို့ ဘာလောဂ်ဂါများဟာ စာဖတ်ပရိသတ်များအား ဗဟုသုတ ရရှိစေလိုပြီး အသိပညာ ဥာဏ်ပညာ မြင့်မားတိုးတက်လာအောင် အမြဲတမ်း ကြိုးစား လေ့လာ တင်ပြနေကြပါတယ်။ ဒါပေမဲ့လို့ အဲဒီလို တင်ပြနေတဲ့ အချိန်မှာ ကိုယ် တင်ပြလိုက်တဲ့ အကြောင်းအရာ ဆောင်းပါး စာမူများရဲ့  အခြေခံ ပင်မ အရင်းအမြစ်တွေ၊ ဘယ် ဆောင်းပါးဟာ ဘယ်သူ ရေးသား တင်ပြပေးလိုက်တာတွေ၊ ဆောင်းပါး အခြေအမြစ်တွေကို လေ့လာ မှတ်သား ကြည့်ရှုပြီးမှ တင်ပြမယ် ဆိုရင် အင်မတန်မှ ပိုမို ကောင်းမွန်ပြီး ဆောင်းပါးရှင်တွေကိုလည်း ထုတ်ဖော် ချီးကျူးရမယ် ဆိုတာ လူ့ကျင့်ဝတ် တခု ဖြစ်ပါတယ်။ ဆောင်းပါးရှင် အနေနဲ့ သူ့ရဲ့  ဆောင်းပါးကို သူ့ နံမည် ဖော်ပြပေးစေလိုတာဟာ သဘာဝ နိယာမ တစ်ခုဖြစ်ပြီး ယခုလို စီးပွားရေး လုပ်စားတာ မဟုတ်တဲ့အကြောင်း ကိုရဲရင့်ငယ် ဘာလောဂ်မှာ ရှင်းပြနေဖို့ မလိုအပ်သလို ကိုယ့်ပေါင် ကိုယ်လှန်ထောင်း သလိုမျိုး ဖြစ်နေပြီး မိုးကြိုးပစ် ထန်းလျက်နဲ့ ကာ ရတဲ့ ဘ၀မျိုး ရောက်နေပါတယ်။ ဆောင်းပါးရှင်က ပေးပို့တဲ့ အီးမေးလ်ကိုလည်း ဆောင်းပါးရှင်ရဲ့  ခွင့်ပြုချက် မရဘဲ အခုလို ဘာလောဂ်မှာ တင်လိုက်တဲ့အတွက် စိတ်သဘောထား သေးသိမ်ရာ ရောက်ကြောင်း စာဖတ်ပရိသတ်ကို ပြသရာ ရောက်ပါတယ်။

ကိုရဲရင့်ငယ် ဘာလောဂ်မှာ ရှိနေတဲ့ ဗိုလ်ကြီး အုံးကျော်မြင့် အကြောင်း အဓိက အလေးပေး ရေးသားထားတဲ့ ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အပိုင်း (၂) ကို ဆောင်းပါးရှင် ဗိုလ်ထက်မင်းက ရေးသား ထားခဲ့ပြီး ကျွန်တော် ကိုဖိုးတရုတ်ရဲ့  စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်တွင် ဇွန်လ (၂၇) ရက် ၂၀၀၈ ခုနှစ်မှာ တင်ပြထားခဲ့ပါတယ်။ ကျွန်တော့် ဘာလောဂ်မှာလည်းမိတ်ဆွေ သူငယ်ချင်းများကို ဖတ်စေချင်သည့် ပိုစ်များမှာ ဆိုတဲ့ ခေါင်းစဉ်နဲ့ အမြဲ ညာဘက် Sidebar အောက်ဆုံးမှာ တင်ထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ကိုရဲရင့်ငယ် အနေနဲ့ ယခုလို တဆင့်မှတဆင့်ဆိုတော့မိမိ file ကိုမလွှတ်ခင် အပြည့်အစုံ ထည့်သွင်းဖေါ်ပြ ကြဖို့ပဲ တိုက်တွန်းချင်ပါတယ်ခင်ဗျ လို့ ပြောလိုက်တာဟာဖြင့် အပေါ်က ကျွန်တော် ပြောခဲ့သလို လေ့လာမှတ်သား ကြည့်ရှုဖို့ အားနည်းသွားတယ်ဆိုတာ သဘောပေါက် မိလိုက်ရပါတော့တယ်ဗျာ။

ဆောင်းပါးရှင် ဗိုလ်ထက်မင်းက ကိုရဲရင့်ငယ်နဲ့ ကိုအာဇာနည်တို့ကို စေတနာ မေတ္တာရှေ့ထားပြီး အီးမေးလ်နဲ့ အရင် အကြောင်းကြား ပို့ပေးခဲ့ပါတယ်။ အီးမေးလ်ထဲက အဓိက အကြောင်းရင်းကလည်း ကိုရဲရင့်ငယ် ဘာလောဂ်မှာ ဖော်ပြထားတဲ့ ဗိုလ်ကြီး အုံးကျော်မြင့်အကြောင်း အလေးပေး ရေးသားထားတဲ့ ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အပိုင်း (၂) ဆောင်းပါးကိုသာ ပြောပြ ရေးသားထားတာ ဖြစ်ပါတယ်။ ဗိုလ်ကြီး အုံးကျော်မြင့်ရဲ့  အမှု ကိစ္စ အကြောင်း၊ မြန်မာကျူးပစ်က ကူးထားတဲ့ အကြောင်း ပြောဆိုနေခြင်း မဟုတ်ပါ။ အဓိကနဲ့ သာမည ခွဲခြား သိမြင် သုံးသပ်ဖို့ အင်မတန်မှ လိုအပ်လှပါတယ် ခင်ဗျား။

မီဒီယာ ကျင့်ဝတ်ရှိသလို ဘာလောဂ်ဂါတွေမှာလည်း ကျင့်ဝတ် ရှိပါတယ်။

http://www.scribd.com/word/full/3674140?access_key=key-2eyo0cr90q3g7xuejbtd

အထက်ပါ လင့်ခ်ဟာ ကိုရဲရင့်ငယ် ဘာလောဂ်မှာ ရှိနေပြီး သွားကြည့်တဲ့အခါ ဘယ်ဘက်ထောင့် မှာ ရှိတဲ့ More>Document Info ကို ကြည့်လိုက်မယ် ဆိုရင် အဲဒီ Ipaper ရဲ့  အချက်အလက် အထောက်အထားများကို တွေ့ရမှာ ဖြစ်ပါတယ်။ (ဓာတ်ပုံထဲရှိ အကြောင်းအရာ၊ အထောက်အထားများအား ရှင်းရှင်း လင်းလင်း မြင်ရန် ပုံကို ချဲ့ ၍ ကြည့်နိုင်ပါတယ်)


ဒီလင့်ခ်မှာ ရှိတဲ့ ဆောင်းပါး ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အပိုင်း (၂) ကို ကျွန်တော် ကိုဖိုးတရုတ်မှ The Authentic army officers ဆိုပြီး ခေါင်းစဉ်ပေးပြီး www.scribd.com ကို တင်ခဲ့ပါတယ်။ ဒါကို ဆောင်းပါးရှင် ဗိုလ်ထက်မင်းက အဖြစ်မှန် အတိုင်း ပြောပြနေတာကို လက်မခံဘဲ ဆက်လက် ပြောဆိုနေတဲ့ ကိုရဲရင့်ငယ် ကိုယ်စား ယိုသူမရှက် မြင်သူရှက် ဆိုတဲ့ စကားအတိုင်း ကျွန်တော့် အနေနဲ့ အင်မတန်မှ သနား ၀မ်းနည်းမိပါတယ် ခင်ဗျား။ ဘာလောဂ်ဂါ တစ်ယောက် အနေနဲ့ ယခုလို အောက်ခြေ နည်းပညာပိုင်းနဲ့ ကျင့်ဝတ် စည်းကမ်းများကို နားလည် သဘောပေါက်မိမယ်လို့ ယုံကြည်ထားပေမဲ့လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တာကြောင့် မပြောချင်ပေမဲ့လည်း ပြောမိလိုက်ရပါတော့တယ်ဗျာ။

ကိုယ့်ကိုကိုယ်သိ ပညာရှိ ဆိုတဲ့ စကားပုံဟာလည်း ဒီလိုမျိုး အခြေအနေတွေ ရှိလို့ ဖြစ်ပေါ်လာတယ်လို့ ယုံကြည်မိပါတော့တယ်။ အမှိုက်ကစ ပြဿာဒ် မီးလောင် ဆိုတဲ့ စကားပုံအရ ကျွန်တော်တို့ လူသားများ အဖို့ အမှိုက် အစွန်းအစလေးက အစ သပ်ရပ် စည်းကမ်းရှိစွာ သိမ်းဆည်း စွန့်ပစ်မယ်ဆိုရင် ဘေး အန္တရာယ်တွေမှ ကင်းရှင်းနိုင်သလို ဘာလောဂ်တစ်ခုမှ တစ်ခုသို့ ဆောင်းပါးများ Copy လုပ်ရမှာလည်း စည်းကမ်းရှိစွာ ဆောင်းပါးရှင် နံမည်နဲ့ တင်ပြခဲ့သူ နံမည်တွေကို ဖော်ပြပေးရမယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။

ဒါလေး တခုတော့ လုပ်မိပါတယ် ဆိုပြီး ၀န်ခံ ပြောရုံနဲ့ မရသလို မသိလို့ မဖော်ပြခဲ့တောင်မှ အဖြစ်မှန်ကို ယခုလို ပြောပြ ဆွေးနွေးနေတာကို အလေးတယူ ဂရုမပြုကာ ယခုထိ ဆောင်းပါးရှင် နံမည်နဲ့ ကူးယူထားတဲ့ ဘာလောဂ်ကို မဖော်ပြပေးဘဲ ဝေ့လည် ကြောင်ပတ် လုပ်နေတာဟာဖြင့် အိပ်ချင်ယောင်ဆောင် နေတဲ့ လူကို နှိုးရတဲ့ အဖြစ်ကို ရောက်နေပါတော့တယ် ခင်ဗျား။

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ......

No comments: