.

.

.

July 11, 2009

UAV RESEARCH SQUADRON

စာဖတ်ပရိသတ်များ ခင်ဗျား


စည်းလုံးခြင်းရဲ့ အင်အားမှ ပင်တိုင်ဆောင်းပါးရှင် ကိုဝေဟင်ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီကနေ့ ဖာဖတ်ပရိသတ်များ အတွက် တင်ပြပေးလိုက်ပါတယ်။ အခုလို လေတပ်မှ ဗဟုသုတများအား မျှဝေပေးနေတဲ့ ကိုဝေဟင်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားက ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါတယ်ခင်ဗျား။

အလှမ်းကျယ်၍ အလယ်လပ်နေသော လေတပ်၏ UAV RESEARCH SQUADRON

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

လေတပ်အကြောင်းတွေ အတော်များများပါလာတော့ လေချုပ်ကြီး စိန်မျက်ခုံး အတော်ဒေါကန်နေသလို သူအမြဲ မျက်နှာချိုသွေးနေရတဲ့ နအဖ ထိပ်သီးတွေရဲ့ မျက်နှာ စူပုပ်ပုပ်ကြီး တွေကိုလည်း ရင်ဆိုင်ရခက် နေရှာပေပြီ။ ဒါပေမယ့်လည်း တပ်တွင်းအဖြစ်မှန် တွေ ပြည်သူ့ထံရောက်ဖို့နဲ့ ပြည်သူထဲက လေတပ်သားများရဲ့ ဘ၀အမှန်ကို ဖော်ထုတ်ဖို့ အတွက် ရေးသားနေရဦးမှာပါ။

လေတပ်ထဲကရော အပြင်ရောက်နေသော ညီနောင်များကလည်း မိမိတို့ရဲ့ ရင်တွင်း ဖြစ်အင်များကို ဖော်ပြပြီး ဖြစ်ရပ်မှန်များကို ကူညီတင်ဆက် ပေးကြစေချင်ပါတယ်။ မကြာခင်က အဆင့်တိုးမပါလို့ တပ်မတော်ရဲ့ သဘောထားအမှန်ကို သိမြင်လာခဲ့ပြီး ထွက်စာတင်ဖို့ ပြင်ဆင်နေသူ ခွက်ပျောက်စစ်ဗိုလ်အသစ် ညီငယ်လေး များကိုလည်း ရင်ဖွင့် ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီတစ်ခါတော့ လေတပ်ရဲ့ မဟာစီမံကိန်းကြီးဖြစ်တဲ့ UAV RESEARCH SQUADRON ခေါ် မောင်းသူမဲ့ လေယာဉ်စီမံကိန်းရဲ့ တလွဲချော်မှုများကို ပြောပြပါမယ်။ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်လို့ နာမည် တပ်ထားပေမယ့် လေယာဉ်အဟောင်းကို Overhaul လုပ်ဖို့တောင် လုပ်ငန်းပေါင်းစုံ အတွက် အဆင်သင့် မဖြစ်သေးတဲ့ မြန်မာ့ လေတပ်ဖွဲ့အတွက် အသက်ရူပေါက်အဖြစ် UAV စီမံကိန်း စခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှ တပ်မတော် လေတပ် စခန်းတစ်ခုရှိ မောင်းသူမဲ့ လေယာဉ်အား တွေ့ရပုံ

အဲဒီ စီမံကိန်းကို Remote Control လေယာဉ်ငယ်များအပေါ် ရူးသွပ်သူ လေသူရဲ ဒုဗိုလ်မှူးကြီး တစ်ဦး ခေါင်းဆောင်ကာ လေသူရဲနဲ့ အင်ဂျင်နီယာအရာရှိ စုစုပေါင်း (၃၀) နီးပါး စုဖွဲ့ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ သားမက် ဗိုလ်မှူးချုပ်သိန်းနိုင်ရဲ့ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှာ UAV RESEARCH SQUADRON ဆိုပြီး နာမည်ပေး လိုက်ပါတယ်။

အကျိုးမျှော်ကိုးသူ အရပ်သားလုပ်ငန်းရှင် အချို့က Sponser ပေးကာ လုပ်ငန်း စခဲ့ ပါတယ်။ UAV နဲ့ Remote Control နည်းပညာ ကွာခြားတာကို မသိကျိုးကျွံလုပ်ကာ ကိုယ်ပိုင် UAV ဆောက်ရေးဆိုတဲ့ မဟာအိပ်မက်ကြီး မက်ခဲ့ကြပါတယ်။ တရုတ်ကုမ္ပဏီ တချို့ထံကလည်း UAV ရောင်းချရေး ကမ်းလှမ်း လာတာကို လက်ခံလို့ Mainframe နဲ့ Engine ကို ကိုယ်တိုင် တည်ဆောက်ရုံသာမက Control Programme ကိုပါ ကိုယ်တိုင် ရေးမယ်ဆိုပြီး ခြေလှမ်းပြင်ကြပါတယ်။

တကယ်တော့ UAV မှာ Auto pilot, GPS, Communition Assessories တွေရဲ့ နည်းပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်မယ့် Control Programme ဆိုတာ ဒီလောက် လွယ်ပါ့မလား၊ ပြီးတော့ရော မြန်မာ့လေတပ်မှာ Software Engineer ရော ရှိလို့လား ဆိုတာကို မစဉ်းစားခဲ့ပါဘူး။ လေတပ်ရဲ့ အင်ဂျင်နီယာ အရာရှိများဟာ တူတွေ၊ လွှတွေ ဆွဲ လို့ UAV Airframe ကို တည်ဆောက်ပြီး ချိန်မှာတော့ Control Programme ကိစ္စ ခေါင်းခဲရပါပြီ။ UAV ရောင်းချရေး ကမ်းလှမ်းလာတဲ့ တရုတ် ကုမ္ပဏီတွေ ကလည်း သူတို့ နည်းပညာကို User အနေနဲ့ပဲ ရောင်းမှာပါ။ Programme ရဲ့ Application ဖိုင်ပဲ ပေးမှာ ပေါ့။ ရေးနည်းဘယ်ပေးပါ့မလဲ၊ ဒီတော့မှ လေတပ်ထဲမှာ Programmer ရှာပုံတော် ဖွင့် ပါတော့တယ်။

ကွန်ပျူတာနဲ့ နီးစပ်တဲ့ စာရင်းကောက်ပြီး ကံဆိုးသူ မောင်ရှင် ရှာပါတော့ တယ်။ ဒီမှာတင် မအူမလည်နဲ့ လေသူရဲပြုတ် လက်နက်အရာရှိ ခွက်ပျောက်စစ်ဗိုလ် စာရင်းဝင် ကွန် ပျူတာရူး ဗိုလ်ကြီးတစ်ဦး ခေါင်းဆောင်တဲ့ အင်ဂျင်နီယာ အရာရှိငယ် (၅)ဦးဟာ စစ် သည်(၅)သိန်း သဖွယ် အရပ်ဘက်မှာ Programming သင်ခိုင်းခြင်း ခံရပါတော့တယ်။ ဒီပညာရှင်များသည် Control Programme ပဲရေးတတ်လာမလား၊ သူတို့တက်နေသော Computer Centre မှ ဆရာမလေးများကပဲ တိုင်စာရေးမလားဟု ဆရာကောင်းရှိသူ လေတပ်မှ Computer PhD, Master ရထားသူများက ဝေးဝေးကသာ စောင့်ကြည့် အားပေး နေကြပါတယ်။

အကျိုးဆက်ကတော့ ယခုထိတိုင် တရုတ်မှ ကူညီသော UAV ရော မြန်မာ တပ်မတော်(လေ)၏ UAV ရော ရုပ်လုံးပေါ်ရန် ခက်ခဲနေဆဲပါ။ မောင်းသူမဲ့ လေ ယာဉ်ဖြစ်သည်နှင့်အညီ မောင်းသူများကတော့ မဲ့နေရှာပါတယ်။ ဆီစားနှုန်းက ဆိုင်ကယ် တစ်စီးစာပင် မရှိရာ မောင်းသူ မဲ့လောက်ပါတယ်။ UAV Research Squadron သည်လည်း နေရာ အတည်တကျမရှိပဲ လွင့်နေရာ ယခုအခါ လေကြောင်း အတတ်သင် လေတပ် စခန်း (ရှမ်းတဲ) နှင့် ဒလခ ကြား ကူးချည်သန်းချည် ဖြစ်နေရှာပါတယ်။

စဉ်းစားစရာမှာ ဘာအတွက် လေတပ်သည် UAV တီထွင်စမ်းသပ်နေပါသနည်း။ မြန်မာနိုင်ငံ အနေအထားနှင့် လိုအပ်ပါသလော၊ ပုဂ္ဂိုလ်ရေး ထင်ပေါ်မှုအတွက် လေတပ်တွင်း အားပြိုင်မှုတစ်ခုရော ဖြစ်နိုင်ပါ သလား စသည်ဖြင့် လေတပ် အတွင်းတွင်ပင် မှန်းဆ ရခက် နေကြတဲ့အကြောင်း ဗဟုသုတအဖြစ် တင်ပြ လိုက်ရပါတယ်။ ကြည်း၊ ရေ၊ လေ တပ်မတော်တွင်းက ညီတော် နောင်တော်များ အားလုံး အမှန်တကယ် အကျိုးရှိဖို့ ဆုံးဖြတ်၊ တိုင်းပြည်ဘဏ္ဍာငွေတွေကို အလွဲသုံးစား မလုပ်အပ်၊ အတ္တနဲ့ အာဏာကို ကိုယ်ကျင့် တရားနဲ့ မလဲအပ်၊ တိုင်းပြည် ခေါင်းဆောင်ကောင်းတွေ ဖြစ်ထိုက်ကြပါစေ ခင်ဗျား။

No comments: