တပ်မတော်သားများ သာမက ပြည်သူများကပါ လေးစား ချစ်ခင်ကြသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦး - အပိုင်း (၂)
ယခု အပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲ ဆင်နွှဲပုံတွေ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်ြပီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ အကျယ်ချုပ် ကျခံခဲ့ပုံတွေ၊ စစ်အာဏာရှင်တွေရဲ့  မတရား နိုင်ထက်စီးနင်း လုပ်ခံရပုံတွေကို ဆက်လက် တင်ပြသွားပါမယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်များရဲ့  လေးစား ရိုသေချစ်ခင်မှု နဲ့ နံမည်ရလာပြီး တိုက်ပွဲတွေမှာလည်း ထူးချွန်တဲ့အပြင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသက် (၄၇) နှစ်သာ ရှိသေးချိန်မှာ စစ်တပ်ရဲ့  ထိပ်ပိုင်းရာထူးကို တရှိန်ထိုး ရလာပြန်လေရာ စစ်အာဏာရှင်များရဲ့ မနာ လို ၀န်တိုမှုကို ခံခဲ့ရပါတယ်။ အထူးသဖြင့် တိုက်ပွဲ အတွေ့အကြုံ မပြောနဲ့ သေနတ်သံတောင်မှ မကြားဖူးတဲ့ ထောက်လှမ်းရေး မျက်မှန်ကြီး ဗိုလ်မှူးချုပ် တင်ဦးဟာ ဦးနေ၀င်းထံ တိုက်ရိုက် ၀င်ထွက်ခွင့် ရသူပီပီ သူရဦးတင်ဦးကို မလိုမုန်းထား ဂျောက်တွန်းဖို့ အကွက်ကောင်းကို ချောင်းနေပါတယ်။
အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  သားဟာ ကျန်းမာရေးအရ ရောဂါ အသည်းအသန် ဖြစ်လို့ နိုင်ငံခြားမှာ ဆေးသွားကုသတဲ့ ကိစ္စနဲ့ လူချစ်လူခင်ပေါတဲ့ ဗိုလ်ချုပ်ကြီး အပေါ် လက်အောက် အရာရှိများက မေတ္တာစေတနာနဲ့ အလိုက်သိသိ လုပ်ကိုင် ဆောင်ရွက်ပေးပေမဲ့ အိမ်ဆောက်ပစ္စည်းများ တင်သွင်းတဲ့ ကိစ္စတွေအပေါ်မှာ မျက်မှန်ကြီး ဗိုလ်တင်ဦးက သူ့ရဲ့ ထောက်လှမ်းရေး အကျင့်ဆိုးအတိုင်း တဆိတ်ကို တအိတ်လုပ်ကာ တင်ပြခဲ့ရာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးက ဂုဏ်သိက္ခာ မာနရှိစွာနဲ့ ထွက်စာ တင်ခဲ့ပါတယ်။
ဗိုလ်နေ၀င်း အနေနဲ့လည်း သူ့ကို ခြေရာတိုင်းတယ်လို့ ယူဆလာ တဲ့အတွက် ဒီကိစ္စတွေအပေါ်မှာ ခွင့်မလွှတ်ဘဲ သူရဦးတင်ဦးကို မတရား သဖြင့် ရာထူးမှ ၁၉၇၆ ခုနှစ် မတ်လတွင် ဖယ်ရှားခဲ့ပါတယ်။ ဗိုလ်နေ၀င်း ကိုယ်တိုင်တောင် ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ကို ချောင်းပေါက်မတတ် သွားလာနေပြီး မိန်းမရှုပ်ထွေးကာ တိုင်းပြည် ငွေကြေး အလွဲသုံးစား လုပ်ခဲ့သလို အခြား စစ်အာဏာရှင် တွေဟာလည်း ဒီကိစ္စတွေထက် ပိုမို ဆိုးဝါးတဲ့ နိုင်ငံခြားဆေးသွားကုပြီး အခေါက်ခေါက် အခါခါ ဈေးဝယ်သွားနေတာမျိုးတွေ ရှိနေပေမဲ့ အရေးမယူခဲ့ဘဲ သူရဦးတင်ဦးအပေါ်တော့ မတရားသဖြင့် လုပ်တဲ့ကိစ္စမို့ တိုင်းပြည်နဲ့ တပ်မတော်ကို အမှန်တကယ်ချစ်တဲ့ တပ်တွင်း အရာရှိများက ခံပြင်း နာကျည်း လာပါတယ်။
ဗိုလ်ချုပ်ကြီး သူရ ကျော်ထင် ရဲ့  PA ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုံးကျော်မြင့် (အကျယ် သိလိုပါက ဒီနေရာမှာ နှိပ်ပြီး ကြည့်ရှုရန်) ဦးစီးပြီး ထိပ်ပိုင်း အရာရှိ တချို့ရဲ့  တပ်တွင်းပုန်ကန်မှု ဖြစ်ပွားလာကာ ဗိုလ်နေ၀င်းအားဖြုတ်ချပြီး ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ခေါင်းဆောင် ပြန်တင်ရန် ကြိုးစားခဲ့ရာ မျက်မှန်ကြီး ဗိုလ်တင်ဦးက လက်ဦးမှု ရရှိသွားတာကြောင့် မအောင်မြင်ဖြစ်ခဲ့ရ ပါတယ်။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် အရေးအခင်းမှာလည်း ကျောင်းသားများက “ဗိုလ်ချုပ်ကြီး သူရ တင်ဦး သက်တော် ရာကျော် ရှည်ပါစေ” လို့ ဆုတောင်း ကြွေးကြော် ကြတဲ့အတွက် ဗိုလ်နေ၀င်းက ပိုမို ဒေါသူပုန်ထလာ ခဲ့ပါတယ်။
ဒါကြောင့် ဗိုလ်နေ၀င်းဟာ ဗိုလ်ချုပ်ကြီး သူရတင်ဦး အပေါ် အာဃာတ တရားကြီးမားစွာနဲ့ ၁၉၇၇ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေကြောင့် တပ်မတော် အတွင်း ကြီးမားစွာ ဂယက်ရိုက်သွားပြီး ကျေနပ်မှု မရှိကြလို့ ဗိုလ်နေ၀င်းဟာ တုန်လှုပ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ ၁၉၈၀ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာကာ ဥပဒေ ပညာ ဆက်လက်သင်ကြားပြီး ဥပဒေဘွဲ့ ရရှိခဲ့ပြန်ပါတယ်။
၁၉၈၈ ခုနှစ် ပြည်သူလူထုကြီးရဲ့  တပါတီ အာဏာရှင်စနစ် ဆန့်ကျင် အုံကြွမှုကြီး ဖြစ်ပေါ်လာချိန်မှာတော့ ပြည်သူလူထု ကျောင်းသားလူငယ်များကို စစ်တပ်က ရက်စက်စွာ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကို တွေ့မြင် ခဲ့ရတဲ့နောက် ပြည်သူ့ဘက်သို့ ရပ်တည်ဖို့ အဘ သူရ ဦးတင်ဦး အနေနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ တပ်မှူးကြီးဟောင်းများ ပါဝင်တဲ့ မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ကို ဖွဲ့စည်းပြီး ဆေးရုံကြီးရှေ့ က လူထု ဟောပြောပွဲကြီးမှာ စစ်အာဏာရှင် စနစ်ရဲ့  ဆိုးကျိုးများအား တရားဟောခဲ့ရာ ပြည်သူလူထုရဲ့  တခဲနက် ထောက်ခံမှုကို ရရှိခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲကို ၀င်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး NLD ဒုဥက္ကဋ္ဌ အဖြစ် ယနေ့ထိ တာဝန် ထမ်းဆောင်ရင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့ပါတယ်။
၁၉၄၅ ခု မတ်လ ဖက်ဆစ်တော်လှန်ရေးကာလတွင် အဘ သူရဦးတင်ဦးဟာ ပဲခူး စခန်းမှူးကြီးရုံးမှာ ပြုလုပ်သော တပ်မှူးများ စစ်လေ့ကျင့်ရေး သင်တန်းကျောင်းဆင်း ညစာစားပွဲကို တက်ရောက်လာတဲ့ တပ်မတော်ရဲ့  ဖခင်၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံ စကားပြောခွင့် ရရှိခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အဘဦးတင်ဦးဟာ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားကြည်ညိုကာ အားကျ အတုယူပြီး တပ်တွင်းမှာလည်း စံနမူနာပြ ကျင့်ကြံနေထိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဘ သူရဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗိုလ်ချုပ်လမ်းစဉ်ကို ဆက်လက် အကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်တယ်။
၁၉၈၉ ဇူလိုင် (၂၀) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အဘ သူရဦးတင်ဦးဟာ နေအိမ် အကျယ်ချုပ် ကျခံရပါသေးတယ်။ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဘ သူရ ဦးတင်ဦးဟာ ဒီပဲယင်း လူသတ်ပွဲမှာ အကြမ်းဖက်ခံရကာ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပေမဲ့ ကလေးထောင်သို့ ပို့ဆောင်ခံရကာ ထောင်ချခံခဲ့ရပြန်ပါတယ်။
စစ်အာဏာရှင်တွေရဲ့  မတရား နှိပ်ကွပ်မှုကြောင့် ယနေ့အချိန်ထိ (၅) နှစ်ကျော် ဆက်တိုက် နေအိမ် အကျယ်ချုပ် ကျခံနေရကာ ယနေ့ဆိုရင် အသက် (၈၂) နှစ်ကျော် ရောက်ရှိနေပြီ ဖြစ်ပေမဲ့ အသက်ကြီးရင့်လာမှုကိုတောင် ဂရုမစိုက်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲကို ရဲဝံ့စွာ အရှူံးမပေးဘဲ ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေပါတယ်။ အဘ သူရဦးတင်ဦးရဲ့ ဖြူစင်တဲ့ နှလုံးသားနဲ့ သံမဏိ စိတ်ဓာတ်ကို အပိုင်း(၃)မှာ ဆက်လက် တင်ဆက် သွားပါမယ် ခင်ဗျား။

No comments:
Post a Comment