.

.

.

March 12, 2009

ယနေ့ ထက်တိုင် နေအိမ် အကျယ်ချုပ် ကျခံနေရသော NLD ဒုဥက္ကဌ သူရဦးတင်ဦး

တပ်မတော်သားများ သာမက ပြည်သူများကပါ လေးစား ချစ်ခင်ကြသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရတင်ဦး - အပိုင်း (၁)


စာဖတ်သူ မိတ်ဆွေ အပေါင်းတို့ခင်ဗျား-

“စည်းလုံးခြင်းရဲ့အင်အား” မှာ ဗိုလ်ချုပ်ကြီး သူရ တင်ဦး အကြောင်းကို ရေးသားဖေါ်ပြပေးဖို့ စာဖတ်ပရိသတ် မိတ်ဆွေများက တောင်းဆိုခဲ့ကြပါတယ်။ ယနေ့ မတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျွန်တော် ကိုဖိုးတရုတ်ရဲ့ ဘာလော့ဂ်မှာ စာဖတ်သူများရဲ့  ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါတယ်။


လက်ရှိ စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့မတူပဲ ရဲဘော်ရဲဘက်စိတ် ကြီးမားပြီး အမှန်တရားနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ စိတ်ဓာတ်နဲ့ စံနမူနာအဖြစ် ရပ်တည်ပြခဲ့တဲ့ မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီး သူရ တင်ဦးအား ဂုဏ်ပြုသောအားဖြင့် “ယနေ့ မတ်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာ” ဗိုလ်ချုပ်ကြီးရဲ့  ဘ၀ ဖြစ်စဉ်ကို တင်ပြ ပေးလိုက်ပါတယ်။

တပ်မတော်မှာ ဗိုလ်ချုပ်အောင်ဆန်းမှ လွဲရင် ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ အရာရှိ စစ်သည်အပေါင်းရဲ့ လေးစား ရိုသေချစ်ခင်မှုကို အရရှိဆုံး ဗိုလ်ချုပ် တစ်ဦး ဖြစ်တယ်လို့ စစ်ဖက်နီးစပ်သူများထံက တဆင့် သိရှိ ရပါတယ်။ ယနေ့ စစ်အာဏာရှင် ဗိုလ်ချုပ်တွေနဲ့ လုံးဝမတူပဲ စံနမူနာပြ စစ်ခေါင်းဆောင်တဦး ဖြစ်တာမို့ ယနေ့ တပ်မတော်သားတွေ အားလုံး လေ့လာ မှတ်သား သိရှိနိုင်ရန် ဖေါ်ပြပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးမှာ ဒီမိုကရေစီရရှိရေးကို ပြည်သူများနဲ့ တသားတည်း တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒုဥက္ကဌ တာဝန်ကို ထမ်းဆောင် ခဲ့တာကြောင့် စစ်အာဏာရှင်တွေရဲ့ အငြိုးတရား အာဃာတ တရား ကြီးမားစွာနဲ့ နှစ်ရှည် နေအိမ် အကျယ်ချုပ် ချထားခြင်း ခံနေရသူဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့အကြောင်းကို ပြည့်စုံမှန်ကန်စွာ ဖေါ်ပြနိုင်ရေးနဲ့ ဘာလော့ဂ် တိုးချဲ့နိုင်ရေး တို့အတွက် တတ်အားသရွှေ့ စေတနာမေတ္တာဖြင့် ပါဝင် ကူညီပံ့ပိုးခဲ့ကြတဲ့ ပြည်တွင်းပြည်ပရှိ ဗိုလ်ချုပ်ကြီးရဲ့ တပည့် သားသမီးများ၊ တပ်မတော် အရာရှိများနဲ့တကွ ဤဘာလောဂ်ကို လာရောက်ဖတ်ရှု အားပေးကြသူ ပြည်တွင်း ပြည်ပမှ မိတ်ဆွေ သင်္ဂဟ ရဲဘော်ရဲဘက် အပေါင်းတို့အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်စွာ မှတ်တမ်းတင်ပါကြောင်းနှင့် ဆထက်တံပိုး သစ်လွင်ကောင်းမွန်သော အစီအစဉ်များဖြင့် ကြိုးစား တင်ဆက်သွားမှာ ဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်။

ဗိုလ်ချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းနဲ့ နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံး လွတ်မြောက်ကာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆက်လက် ဆောင်ရွက် သွားနိုင် ပါစေကြောင်း ကျွန်တော်ကိုဖိုးတရုတ်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျား။

“ဗိုလ်ချုပ်ကြီး သူရတင်ဦး၏ တပ်မတော် အတွင်းမှ ဘ၀ကောက်ကြောင်း”

၁၉၂၇ ခုနှစ် မတ်လ ၁၂ရက်နေ့မှာ ပုသိမ်မြို့တွင် မွေးဖွားခဲ့ပါတယ်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်း ကျောင်းမှာ ဆယ်တန်းအောင်သည်အထိ ပညာ သင်ကြားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် အသက်(၁၆)နှစ်ပြည့်ချိန်တွင် စစ်ထဲဝင်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး စစ်ဝန်ကြီးရုံး ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်းနေရာ ) တွင် တပ်သား အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၄ ခုနှစ်တွင် မင်္ဂလာဒုံ တတိယပတ် စစ်သင်တန်းမှာ ဗိုလ်လောင်းအဖြစ် အသက် (၁၇)နှစ် အရွယ်မှာ တက်ခွင့်ရခဲ့ပြီး အလုပ်သင် ဗိုလ်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ကန္နီစာချုပ်အရ ပြန်လည်ဖွဲ့စည်းသော တပ်မတော်တွင် ကြည်း (၃၆၅၁) ဒုဗိုလ်အဆင့်နဲ့ ပြန်တမ်းဝင် အရာရှိ အဖြစ်စတင်ခန့်အပ်ခံရပါတယ်။ ၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ ဗမာ့သေနတ်ကိုင်တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင် တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာဘဲ ဗိုလ်ဖြစ်လာခဲ့ပြီး ၁၉၄၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာတော့ လက်နက်ကိုင်တပ်များ လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ နမခတိုင်းမှူး ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်တွေမှာ စစ်မြေပြင်တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေး ကိုလည်း ဆင်နွှဲခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသူရတင်ဦးဟာ ကျူးကျော်သူ တရုတ်ဖြူများကို ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတဦး ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁)မှာ တပ်ခွဲမှူးအဖြစ် ၁၉၄၉ခု ဇွန်၂၂ ရက်နေ့တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၀ခု ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အဆိုပါတပ်ရင်းမှာပင် ဗိုလ်မှူးအဆင့်နှင့် ဒုတပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရပါတယ်။ ထိုတပ်ရင်းမှာပင် ၁၉၅၁ခု နိုဝင်ဘာ၂၇ရက်နေ့တွင် တပ်ရင်းမှူး ဖြစ်လာပါတယ်။ ထို့နောက် ၁၉၅၄ခု ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့် ရရှိခဲ့ပါတယ်။ ၁၉၅၇ခု မေလ၃၀ ရက်နေ့တွင် အမှတ် (၄) ခြေလျင် တပ်ရင်း တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ပေးအပ်ခံခဲ့ပါတယ်။

၁၉၅၇ခု စက်တင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း တိုက်ခိုက်ရေးကျောင်း (ဗထူး) သင်တန်းကျောင်း ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၅၈ခုတွင် ရခိုင်တိုင်း တပ်ပေါင်းစုမှူးနှင့် တိုင်းမင်းကြီး ဖြစ်လာပြီး ၁၉၆၀-၆၁ ခုတွင် အမှတ်(၁၃) တပ်မဟာမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ကာ ဗိုလ်မှူးကြီး ရာထူး ရရှိခဲ့ပါတယ်။ ၁၉၆၁-၆၂တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် တာဝန် ပေးအပ်ခြင်း ခံရပါတယ်။ ၁၉၆၃ခု ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို ရာထူးတိုးမြှင့် ပေးအပ်ခြင်း ခံရပါတယ်။ ၄င်းမှတဆင့် ၁၉၆၄ ခု စက်တင် ဘာ ၁၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး အဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။

၁၉၇၂ ခု ဧပြီလ၂၀ ရက်နေ့တွင် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ စစ်တပ်ရဲ့ အရေးပါဆုံး ထိပ်ပိုင်းရာထူးဖြစ်တဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် တာဝန်ပေးအပ်ခြင်း ခံရချိန်မှာ သူ့ရဲ့အသက်ဟာ ၄၅နှစ်သာ ရှိသေးလို့ တပ်မတော်ရဲ့ အသက် အငယ်ဆုံး ဗိုလ်ချုပ်တွေထဲမှာ တစ်ဦးအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ၁၉၇၄ခုမတ်လ ၈ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရပြီး “တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်”အဖြစ် တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ တိုက်ပွဲတွေမှာ ထူးချွန်ရဲဝံ့စွာ တိုက်ခိုက်ခဲ့တဲ့အတွက် “သူရဘွဲ့”ကိုလည်း ရရှိခဲ့ပါတယ်။ နောက်ရက်တွေမှာ စိတ်ဝင်စားဖွယ်ရာ သူ့ရဲ့ဖြတ်သန်းခဲ့တဲ့ ဘ၀ အတွေ့အကြုံတွေကို ဆက်လက် တင်ပြသွားပါမယ် ခင်ဗျား။


1 comment:

talamo said...

ကိုဖိုးတရုပ်ခင်ဗျား။
ဗိုလ်ချုပ်ကြီးသူရတင်ဦးရဲ့ အတ္တုပတိမှာ အောက်ပါ အချက်အလက်များ မှားယွင်းနေပါသဖြင့် အနာဂါတ် မျိုးဆက်သစ်လူငယ်များ အမှန်သိရအောင် ပြန်ပြင်ပေးပါလို့ မေတ္တာရပ်ခံပါသည်။

၁၉၆၃-ခုနှစ်တွင် ဗိုလ်မှူးချုပ်ရာထူးသို့ တိုးမြှင့်ခံရသည်ဆိုသည်မှာ (လုံးဝ) မဟုတ်ပါ။ ထိုအချိန်ကာလက တိုင်းမှူးများမှာ (ဗိုလ်မှူးကြီး) အဆင့်ပဲရှိကြသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် .... (လုံးဝ) မှားနေပါသည်။

၁၉၇၂-ခုနှစ် တွင် ဗိုလ်ချုပ်ရာထူး သို့တိုးမြှင့်ခံရ ....... (လုံးဝ ... လုံးဝ) ကိုမှားနေပါသည်။ တော်လှန်ရေးကောင်စီ လက်ထက်က ဒု-ကာကွယ်ရေး ဦးစီးချုပ်၏ အဆင့်မှာ (ဗိုလ်မှူးချုပ်) သာလျင်ဖြစ်ပါသည်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးကြီးတင်ဦး အဖြစ်မှ ဒု-ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်တင်ဦး ဖြစ်လာခြင်းသာလျင် အမှန်ပါ။

ယနေ့ လူငယ်များ အမှန်ကို သိရှိစေရန် ... စာအုပ်၊စာတန်း၊ မှီငြမ်းချက်တွေ ဖြင့် ရေးပါရန် အကြံပြုပါသည်။

မှားယွင်းနေသည်များကိုလည်း ... အမြန်ပြန်ပြင်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။