စာဖတ်ပရိတ်သတ်များခင်ဗျား
တပ်သား အောင်ဘိုဘိုထက်က ကိုယ်တွေ့ခံစားခဲ့ရတဲ့ ဖြစ်စဉ်လေး တစ်ခုကို ကျွန်တော် ကိုဖိုးတရုတ်ထံသို့ ဆောင်းပါးရေးသား ပေးပို့လာပါတယ်။ ဒီဆောင်းပါးမှာ ပညာသင်ကြားဆဲ ကလေးဘ၀ အရွယ်ထဲက ယနေ့တပ်မတော်ရဲ့ မတရား နိုင်ထက်စီးနင်း ပြုလုပ်ခြင်းခံရပြီး စစ်သားဘ၀သို့ ရောက်ရှိခဲ့ရပုံကို ကွက်ကွက် ကွင်းကွင်း ရေးသားတင်ပြ ထားပါတယ်။ အခုလို ကိုယ်တွေ့ ဖြစ်ရပ်မှန် ဆောင်းပါးများ ရေးသားပေးပို့ကြသော ဆောင်းပါးရှင် အောင်ဘိုဘိုထက်နဲ့ တကွ အရာရှိ/အရာခံ၊ အကြပ်/တပ်သား များအား စည်းလုံးခြင်းရဲ့ အင်အားမှ အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါတယ် ခင်ဗျား။
ကြွေပျက်ကြယ် - အပိုင်း(၁)
ဆောင်းပါးရှင် - တပ်သား အောင်ဘိုဘိုထက်
၁၉၉၉ ခုနှစ်ရဲ့ ဒီဇင်ဘာလ၊ ရာသီဥတုက အရမ်းငြိမ်သက်လျက်၊ မငြိမ်နိုင်သူများ ကတော့ ကျွန်တော်နှင့် သူငယ်ချင်း နှစ်ယောက်၊ သူငယ်ချင်းဆိုတာထက် ညီအကို အရင်းအချာ သဖွယ် သူငယ်တန်းမှ နေပြီး ယခု လက်ရှိ(၁၀)တန်း ရောက်သည်အထိ ရန်ဖြစ်လိုက် ပြန်ပေါင်း လိုက်နှင့် ပေါင်းသင်းလာခဲ့သူများ ဖြစ်ကြပါတယ်။
အခုလည်း ဒီဇင်ဘာကျောင်းပိတ် အားလပ်ရက်မှာ အိမ်က မသိအောင် တိုင်ပင်ပြီး ကျွန်တော်တို့ ကျိုက်ထီးရိုးသို့ ဘုရားဖူး သွားကြခြင်း ဖြစ်ပါတယ်။ မိဘတွေကလည်း အဆင်ပြေသူများ ဖြစ်ကြသည့် အလျောက် ငွေကြေး အပြည့်အစုံနှင့် သွားရောက် ကြခြင်း ပင် ဖြစ်ပါတယ်။
ဘုရားဖူးတာကတော့ နည်းနည်း၊ လူငယ်သဘာဝ ပျော်ကြတာက များများပေါ့။ ကျွန်တော်တို့ သူငယ်ချင်း တွေဟာ အသွားမှာတော့ ဖြူးလို့၊ အပြန်မှာတော့ ပဲခူးဘူတာကို (ရထားက မြန်မာပြည် ရထား သိတဲ့အ တိုင်း) ည (၉)နာရီ ကျော်မှ ဆိုက်တယ်။
အချိန်ကြည့်တော့ မိုးမလင်းသေး၊ ကိုယ့်ဒေသ ပြန်ရောက်ပြီဆိုတော့ မိုးလင်းမှ ပြန်ကြဖို့ ဆုံးဖြတ်ချက်ချပြီး ဘူတာ ခုံတန်းလျားမှာဘဲ စကားပြောလိုက်/ ငိုက်လိုက်နဲ့ ညရဲ့ အရသာကို လူငယ်ပီသစွာ ခံစားနေတုန်း၊ “ဟေ့ကောင်တွေ ထစမ်း၊ ထစမ်း၊ ဒါ တည်းခို ခန်း မဟုတ်ဘူး၊ မင်းတို့ ဘယ်ကလဲ၊ ဘာဖြစ်လို့ ဒီမှာ အိပ်နေကြတာလဲ” စတဲ့ မေးခွန်း ပေါင်းစုံနဲ့ မေးရင်း လက်ကလည်း ဟိုနိုက်ဒီနိုက် နဲ့ မျက်နှာကိုလည်း ဓါတ်မီးနဲ့ ထိုးထားတဲ့ ရဲကြပ်ကြီး တစ်ယောက်နဲ့ တပ်သား ၄/၅ ယောက်ကို တွေ့လိုက်ရ ပါတယ်။
ကျွန်တော့် သူငယ်ချင်း ဟိုနှစ်ကောင်ကတော့ ကြောင်စီစီနဲ့၊ သုံးယောက်ထဲမှာ သည်းခံမှုအရှိဆုံးနဲ့ စကား ပြေပြစ်စွာ ပြောနိုင်တဲ့ ကျွန်တော်ကပဲ “ဟုတ်ကဲ့၊ ကျွန်တော်တို့ ကျိုက်ထီးရိုးကအပြန် ၊ ရထားအ၀င် နောက်ကျ လို့ ဒီမှာ ခဏအိပ်ရင်း မိုးလင်းအောင် စောင့်နေတာပါ။ မိုးလင်းရင် ကျွန်တော်တို့ အိမ်ပြန်ကြမှာပါ။ အထက(၃) က ကျောင်း သားတွေပါ” လို့ ချေချေငံငံ ပြန်ပြောတာတောင် အရပ်ဝတ်အရပ်စားနဲ့ လူတစ်ယောက်က “ဘယ်က ကလေကချေတွေ မှန်းမသိ ၊ခေါ်ခဲ့ ရုံးခန်းထဲ၊ အဲဒီရောက်မှ စစ်တော့” လို့ ပြောရင်း ရှေ့က ဦးဆောင် ထွက်သွားတော့ ရဲကြပ်ကြီးနဲ့ ရဲဘော်တွေက ကျွန်တော်တို့ကို သူတို့ရထား ရဲကင်းကို ခေါ်သွားခဲ့ပါတယ်။
ကျွန်တော်ကတော့ ရထားရဲကင်းရောက်မှပဲ အကြောင်းစုံ ပြောပြမယ်ပေါ့၊ အဲ…ရဲကင်း ရောက်တော့ ကျွန်တော် တို့ကို အချုပ်ထဲ တန်းထည့်လိုက်ပါတော့တယ်၊ သံတံခါးဖွင့်တာနဲ့ ၀ုန်းဆို နောက်က ဆောင့်ကန် လိုက်တဲ့ အရှိန်နဲ့ အချုပ်ထဲကို လေးဘက်ထောက် ပစ်ကျသွားတာ ကိုယ့်ဘာသာကိုယ် ဘာဖြစ်သွားမှန်းတောင် မသိ လိုက်ပါ။
အဲဒီမှာ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်က ကျွန်တော့်ကို ကန်လိုက်တဲ့ ရဲ တပ်သားကို ၀င်ထိုးတော့တာဘဲ၊ ပထမတော့ အဲဒီ ရဲဘော်ကြောင်နေတုန်း နောက်မှ သူ့ရဲတပ်သားတွေနဲ့ အစောက ရဲကြပ်ကြီး ရောက်လာပြီး ကျွန်တော့် သူငယ်ချင်း နှစ်ယောက်ကို တုတ်နှင့်ရိုက်ပြီး အချုပ်ထဲ ကန်ထည့်လိုက်တာ၊ အားပါးပါး…. ကျွန်တော့် စိတ်ထင် ကျိုက်ထီးရိုး (၄)ရက်လောက်သွားမိတာ ကျွန်တော်တို့ ပဲခူးမြို့ထဲကို ဂျပန် တွေများ ၀င်စီးသွားသလား ပေါ့လေ။ အချုပ်ထဲရောက်ပြီးတဲ့ နောက်လည်း အာရုံတက်လေး အချိန်ထိတော့ ကျွန်တော်တို့ သုံးယောက် ဘ၀ရဲ့ ပျော်ရွှင်မှုတွေ ဆိတ်သုန်း တော့မယ် ဆိုတာကို မရိပ်မိခဲ့သေးပါဘူး။
မှတ်မှတ်ရရ ၁၉၉၉ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ နောက်နေ့ဆိုတဲ့ အဲဒီ မနက်မှာ “ညကရောက်တဲ့ သုံးယောက်ထ” ဆိုတဲ့ ငှက်ဆိုးထိုးသံလို အသံကို ကြားလိုက်ရပြီး အချုပ်ခန်းအပြင်ဘက် ကျွန်တော်တို့ကို အတင်းဆွဲထုတ် သွားတယ်လေ၊ ခုံတစ်လုံးမှာ ထိုင်ခိုင်းပြီး Uniform မ၀တ်ထားတဲ့ သူတစ်ယောက်က စမေးတော့တာပဲ။ အရင်ဆုံး ကျွန်တော်တို့ သုံးယောက်ထဲက ဘုရားလေးသား ကျွန်တော့် သူငယ်ချင်းကို စမေး တော့တာပဲ။
အဲဒီအရပ်ဝတ်နဲ့လူက “မင်းနာမည်နဲ့မှတ်ပုံတင် ၊မင်းဘယ်မှာ နေလဲ၊ မင်းမိဘက ဘယ်သူလဲ” လို့ စမေးတော့ ဘုရားလေးသားက “ကျွန်တော် အထက(၃) မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ၊ မှတ်ပုံတင် ကတော့ အသက် မပြည့်သေးလို့ မရသေးပါဘူး။ ကျောင်းထောက်ခံစာတော့ (၃)ယောက်လုံးမှာ ပါပါတယ်” အဲဒီလို ပြောတော့ အရပ်ဝတ်နဲ့ လူက အကြံအိုက်တဲ့ ပုံနဲ့ ရဲကြပ်ကြီးကို “သူတို့ကို ရဲအချုပ်ကနေ RTO ကို ပြောင်းထားလိုက်ပါ” လို့ ပြောပါတယ်။
အဲဒီလူက “နေ့ခင်း ထမင်းမစားခင် သူတို့ (၃)ယောက်ကို ပြန်စစ်မယ်” လို့ ပြောရင်း ရုံးအပြင် ထွက်ပြီး ဆိုင်ကယ်နဲ့ ထွက်သွားပါလေရော၊ ဘယ်သွားမှန်း မသိ၊ သူဘယ်သူဆိုတာတော့ ကျွန်တော်တို့မသိပေမယ့် ရဲကြပ်ကြီးကတော့ ဟုတ်ကဲ့၊ ဟုတ်ကဲ့နဲ့ ဘုရင့်ရှေ့ရောက်နေတဲ့ ပုဏ္ဏားကြီးလိုပါဘဲ။ နေ့လည် (၁၀)နာရီကျော်မှ ကိုယ့်ကိုကိုယ် ငရဲတွင်း အသေးစားလေးထဲ ဆင်းမိပြီဆိုတာ သိလိုက်ရတော့တာ၊ (၁၀)နာရီကျော်မှာ အဲ့ဒီ အရပ်ဝတ်နဲ့လူ ပြန်ရောက်လာပါတယ်။
သူ့ကိုယ်သူ ပဲခူး မီးရထား RTO ဌာနက ဗိုလ်ကြီးတစ်ယောက်ဆိုတာ စပြောရင်းနဲ့ သူက “မင်းတို့ ကျောင်းထောက်ခံစာ ဆိုတာ ဗမာပြည်မှာ တရားဝင် အသိအမှတ် ပြုထားတဲ့ သက်သေခံစာရွက်မဟုတ်ဘူး၊ မင်းတို့ နားလည်လား” လို့ မျက်နှာထား တင်းတင်းနဲ့ ဘီလူးဇတ်တော့ စခင်းပါလေပြီ။
အဲဒီမှာ အာသွက် လျှာသွက် နောက်သူငယ်ချင်း သနပ်ပင်သားက “ ဗိုလ်ကြီး ကျွန်တော်တို့က အသက် (၁၅)နှစ်ကျော်ဘဲ ရှိသေးတယ်၊ ဘယ်နားက မှတ်ပုံတင် ရှိမှာလဲ” အဲဒီလို ဆိုလိုက်တာနဲ့ အဲဒီ ဗိုလ်ကြီး ဆိုသူရဲ့လက်ဝါးက သနပ်ပင်သားရဲ့ မျက်နှာပေါ်မှာ ၀ဲကနဲ ရောက်လာပါတော့တယ်။
အဲဒီတော့မှ မနေနိုင်တဲ့ ကျွန်တော်က “ဗိုလ်ကြီး ကျွန်တော် တို့(၃)ယောက်က ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာ ကျိုက်ထီးရိုး ဘုရားဖူး သွားကြရင်း အပြန်မှာ ညနက်နေလို့ ခဏအိပ်ရင်း မိုးလင်းတာနဲ့ အိမ်ပြန်မှာပါ။ အိမ်ကလည်း ပဲခူးမြို့ထဲမှာပါ၊ ကျွန်တော်တို့ ကလေ ကချေတွေ မဟုတ်ပါဘူး၊ စုံစမ်းကြည့်ပါ” လို့ ပြောရင်း အိမ်လိပ်စာ တွေ ပြောပြ ပြန်တော့လည်း လုံးဝ လက်မခံပါ။
သူက “အဲဒါတွေ ငါနဲ့မဆိုင်ဘူး၊ အခုမင်းတို့က မှတ်ပုံတင် လည်းမရှိ၊ ညဘက် အချိန်မတော် ဘူတာမှာ ဘာလုပ်မှန်း မသိနဲ့ ဒါကြောင့် မင်းတို့ကို မသင်္ကာမှု မှောင်ရိပ်ခိုမှုနဲ့ ဖမ်းပြီး ထောင်ချမယ်” လို့ ကြိမ်းမောင်း ရင်းက သူ့လက်သီးဟာ ကျွန်တော်တို့ မျက်နှာတွေမှာ လင်းကနဲ လက်ကနဲ၊ ပြီးတော့ သူက ပြောလိုက် သေးတယ်၊ “ပြန်မပြောနဲ့၊ ငါပြောတာသာ နားထောင်၊ မင်းတို့အတွက် မနက်ဖြန်ဟာ အာရုံမလာဘဲ ဖြစ်သွားမယ်” ဘုရား ကယ်တော်မူပါ၊ ခြိမ်းခြောက်မှုလား၊ ဘာလဲဆိုက ကျွန်တော်တို့ရဲ့ ကံကြမ္မာပဲလား။ ဒါနဲ့ပဲ သူကဆက်ပြီး ပြောတယ်။ “မင်းတို့ ထောင်ထဲ မရောက် ချင်ရင်တော့ ငါပေးတဲ့ စာရွက်မှာ လက်မှတ် ထိုးပေးလိုက်၊ ဒါဆိုရင် မင်းတို့ ဘာမှ မဖြစ်စေရဘူး၊ ငါအာမ ခံတယ်” ။
“ဘာကိစ္စအတွက် ကျွန်တော်တို့က လက်မှတ်ထိုးပေးရမှာလဲ” လို့ ကျွန်တော့် သူငယ်ချင်း ဘုရားလေးသားက စပ်စုပြန်ရော၊ ပါး..ပါး..ပါး… အဲ့ဒီ စပ်စုချက်ဟာ တစ်ဘ၀လုံးစာအတွက် အကောင်းဆုံး စပ်စုမှုဆိုတာကို နောက်(၅)ရက် လောက်ကြာမှ သိခဲ့ရပါတော့တယ်။