.

.

.

July 16, 2009

အမိန့်ရ လူမှောင်ခိုဂိုဏ်း - အပိုင်း (၂)

ကြွေပျက်ကြယ် - အပိုင်း(၂)

ဒါနဲ့ပဲ အဲ့ဒီ ဗိုလ်ကြီးက “မင်းတို့ စစ်တပ်ထဲဝင်ကြဖို့ လက်မှတ် ထိုးခိုင်းတာဘဲ၊ လက်မှတ်ထိုးရင် အေးအေး ဆေးဆေးနဲ့ စစ်သား ဖြစ်မယ်၊ လက်မှတ် မထိုးရင် မသင်္ကာမှု ၊မှောင်ရိပ်ခိုမှုနဲ့ တရားစွဲ ထောင်ချ ခံရမယ်” တဲ့။ အဲဒီလို ဆိုတော့ ကျွန်တော်တို့ (၃)ယောက် ခေါင်းချင်း ဆိုင်ရ တော့တာပေါ့။

သုံးယောက်လုံးက “မ၀င်နိုင်ဘူး၊ ကျွန်တော်တို့ဟာ အသက်က (၁၅)နှစ်ကျော် ရုံပဲရှိသေးတဲ့ အပြင် ကျောင်းသား ဆိုတဲ့ ဘ၀အဆင့် မှာပဲ ရှိပါ သေးတယ်၊ ပြီးတော့ အုပ်ထိန်းမှု မိဘတွေရဲ့ ဆန္ဒကလည်း ဖြစ်နိုင်မယ် မထင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ကို ပြန်လွှတ် ပေးပါ” လို့ တောင်းပန် ပြောဆိုတော့ အဲဒီဗိုလ်ကြီးက “မင်းတို့ အသက်အရွယ်နဲ့ တပ်ထဲမှာဘဲ ရှိသင့်တယ်၊ ကျောင်းဆိုတာ စာတတ်ရင် တော်ပြီပေါ့၊ မင်းစစ်တပ်ထဲ မ၀င်ရင်တော့ ထောင်ထဲ ၀င်ရမှာလေ” လို့ ပြောပါတယ်။

ကျွန်တော့်တစ်ကိုယ်လုံး လေဖြတ်သလို ခံစားလိုက် ရပါတော့တယ်၊ ပြီးတော့ ဒီလို မတရားတဲ့ အမိန့်အာဏာ သုံးစားမှုကို ကျွန်တော်တို့ သူငယ်ချင်းတွေ စိတ်ပျက်လက်ပျက် ညည်းညူရင်း အသနားခံမှုများစွာနဲ့ တောင်းပန် တာတောင် အဲ့ဒီ ဗိုလ်ကြီး က “လက်မှတ် မထိုးရင် မင်းတို့ အချုပ်ထဲမှာနေ၊ ထမင်းလည်း မကျွေးဘူး၊ ရေလည်း မတိုက်ဘူး” ဆိုပြီး သူ့စစ်ဖိနပ်နဲ့ ကန်ပြီး ထွက်သွားလိုက်တာ သူငယ်ချင်း (၂)ယောက် ကတော့ ဘယ်လို ခံစားရမလဲ မသိဘူး၊ ကျွန်တော်ကတော့ မျက်ရည်တောင် ၀ဲသွားမိတယ်။ သူထွက်သွားမှ ကျွန်တော်တို့ (၃)ယောက်သား ခေါင်းချင်းဆိုင်ရတော့တယ်။

ကျွန်တော်တို့ အားလုံးကတော့ မလုပ်လောက်ပါဘူးထင်ပြီး ပထမ(၂)ရက်ထိ ကြိတ်မှိတ် ခံစားရင်း (၃)ရက် မြောက်နေ့မှာတော့ ဘယ်လိုမှ မခံနိုင်တော့လို့ ဗိုလ်ကြီးရေ၊ ရေတစ်ဗူးလောက် ပေးပါလို့ အကျယ်ကြီး အော်မိလိုက်ပါတယ်၊(၃)ယောက်လုံး ငိုတဲ့သူငို၊ နှာရည်တွေ ထွက်ပြီး တုန်တုန်ရင်ရင် ဖြစ်တဲ့သူဖြစ်နဲ့ ရင်ထဲ မှာတော့ တသက်လုံးမှာ မခံစားဘူးတဲ့ ခံစားမှုနဲ့ နာကျင်နေမိတယ်။

ဒါတောင် ဗိုလ်ကြီးက နာရီဝက်လောက်ကြာမှ ရောက်လာပြီး “မင်းတို့ ဆုံးဖြတ် ပြီးပြီလား၊ တပ်ထဲဝင်ဖို့လေ၊ ok ပြီဆိုရင် ထမင်းကြော် (၃)ထုပ် အဆင်သင့်” ဒီ စကားသံတွေထဲမှာ မြူဆွယ်မှုတွေ ပါနေမှန်း သိခဲ့ကြပေမယ့် ၀မ်းတထွာရဲ့ ဒုက္ခကို လတ် တလော ဖြေရှင်းဖို့ ကျွန်တော်တို့လည်း ခေါင်းညိတ်ခဲ့ရတယ်၊

ဒါတောင် ထမင်းအရင်ကျွေးတယ် မထင်ပါနဲ့၊ အရင်ဆုံး သူ့အံဆွဲထဲက စာရွက် တစ်ထပ်ကို ယူခဲ့တယ်။ အဲ့ဒီ စာရွက်တွေဟာ ပဲခူး ရဲစခန်းက ပြစ်မှုကင်းရှင်းကြောင်း တံဆိပ်တုံးနဲ့ လက်မှတ်က အဆင်သင့်၊ နောက် အဲဒီ ဗိုလ်ကြီး လက်မှတ်ထိုးပြီး ကျွန်တော်တို့ရဲ့ နာမည်၊ နေရပ်လိပ်စာ၊ မိဘအမည်၊ မောင်နှမ သားချင်း ဒါတွေ မေးပြီး ဖြည့်စွက်ရေးလိုက်ပါတယ်။

အဲဒီမှာ သနပ်ပင်သားက ဗိုလ်ကြီး ကျွန်တော့်အသက်က (၁၅)နှစ်ဆိုတော့……. ဒါပေမဲ့ အဲဒီစကားကို ဆုံးအောင်နားမထောင်ဘဲ သူပြန်ပြောတယ်၊ စစ်တပ်မှာ အဲဒါ မလို ဘူးတဲ့၊ မင်းတို့ အေးအေးဆေးဆေးနေ ငါပြောသလိုလုပ်တဲ့။

ရန်ကုန်သံဈေှးမှာ ခွေးတစ်ကောင် သွားဝယ်ရင်တောင် သူ့အသက်ကိုမေးပြီးမှ ၀ယ်ကြရပါတယ်။ ကျွန်တော်တို့ ကတော့ ဘာတွေဖြစ်ကုန်မှန်းမသိ အိပ်မက်မဟုတ်ဘဲ တကယ့်ကို မမျှော်လင့်တာတွေ ဖြစ်ခဲ့ပါပြီ။

ပြီးတော့ ကျွန်တော်တို့ရဲ့  အရပ်နဲ့ပေါင်ချိန် တွေကိုလည်း မတိုင်းပဲနဲ့ ရေးချင်သလို ရေးထည့်လိုက်ပါသေးတယ်၊ ၅မေ ၅လက်မ နဲ့ ပေါင် ၁၁၀ တဲ့။ တကယ်တော့ အဲဒါတွေ လုံးဝ မမှန်ပါ။ ကျွန်တော် ခိုးကြည့်လိုက်တော့ မင်းမျက်လုံး ငြိမ်ငြိမ်နေ၊ မင်းတို့နဲ့ မဆိုင်ဘူး၊ ကြည့်မနေနဲ့၊ ငါ့လက် ပါသွားမယ်တဲ့။ အဲဒါတွေပြီးစီးတော့မှ ရော့ ထမင်းကြော် (၃)ထုပ်တဲ့၊ ပြီးတော့ ပြောသေးတယ် ကျေးဇူးပဲကွာ၊ ငါငွေ လိုနေလို့တဲ့။

ကျွန်တော်တို့ ထမင်းစားပြီးတာနဲ့ ပဲခူးကနေ ရန်ကုန် မင်္ဂလာဒုံက စစ်သား စုဆောင်းရေးကို ကားနဲ့ ခေါ်သွားပါတော့တယ်။ စုဆောင်းရေး တပ်ဂိတ်အ၀င်မှာ တပ်ရဲ Uniform နဲ့ စစ်သားတစ်ယောက်က သူ့ကို အလေးပြုပြီး “ဗိုလ်ကြီးတို့ နယ်မှာ အလုပ်တော်တော် ဖြစ်တာပဲနော်၊ ကျွန်တော်တောင် ဒီလ အလုပ်မဖြစ်လို့ အိမ်က ပိုက်ဆံစိုက်ပြီး ၀ယ်လိုက်ရတယ်၊ မိန်းမကတော့ ပွစိပွစိနဲ့ ၊ ကျွန်တော်တောင် အဲဒီလို နယ်ကို ပြောင်းချင် တယ်ဗျာ” တဲ့။

“ဗုဒ္ဓေါရေ ၊ အမိန့်ရ လူမှောင်ခိုဂိုဏ်းပါလား” လို့ တွေးရုံပဲရှိသေး၊ အဲဒီဗိုလ်ကြီးက မင်းတို့ကို ဆံပင်ညှပ် ပေးရမယ်ဆိုပြီး ခုန ဂိတ်မှာ တွေ့ခဲ့တဲ့ လူလိုဘဲ တပ်ရဲ Uniform နဲ့ လက်မောင်းမှာ အရစ်သုံးရစ်ရှိ ပုဂ္ဂိုလ်ထံ ကျွန်တော်တို့ကို ခေါ်သွားပါတော့တယ်။ သူ့ဆီရောက်ရောက်ချင်း ဆောင့်ဆွဲ ထိုင်ချခိုင်းပြီး “ကဲ အဲဒီသစ်တုံး အတိုပေါ်ထိုင် မျက်စိမှိတ်၊ ငြိမ်ငြိမ်နေ” ဆိုပြီး စက်ကတ်ကြေး တုံးတုံးတစ်ချောင်းနဲ့ ခေါင်းပေါ်တင်ပြီး ထိုးချ လိုက်တာ ကျွန်တော့်မှာ မျက်ရည်ပါ ကျရတဲ့အထိ နာကျင်ခံစားမိပါတယ်။

ဆံပင်လည်း ညှပ်ပြီးရော ဗိုလ်ကြီးပြောလိုက်တဲ့ စကားတခွန်း ကြားလိုက်ကတည်းက ကျွန်တော်တို့ဘ၀ရဲ့ အညွှန့်တလူလူနဲ့ အနာဂတ်ဟာ ဆိတ်သုန်း ကြွေပျက်ခဲ့ ရပြီ ဆိုတာကို နောက်ပိုင်းမှ သိလာခဲ့ရပါတယ်။ “ဒါပြီးရင် မင်းတို့ကို ဆေးအောင်ဖို့ ဆေးမှူးဗိုလ်ကြီးကို တစ်ယောက် ငါးရာ ပေးရအုံးမှာကွာ” တဲ့။

ကျွန်တော်တို့လို လမ်းလျှောက်ရင်း လမ်းပျောက် ခဲ့ရတဲ့ ဘ၀တွေ ဘယ်လောက်တောင် ရှိနေပါပြီလဲ။ သေနတ် ကိုတောင် မထမ်းနိုင် သေးတဲ့ ဘ၀မှာ ရင်းခဲ့ ရတာတွေ အတွက် ဘာကြောင့်များ ကိုယ်ချင်း စာတရား မထား တတ်ကြ ပါသလဲ။ သူတို့မှာရော သားသမီး မရှိဘူးလား၊ မရှိရင်တောင် သူတို့ အနေနဲ့ ကျောင်းသား လူမမယ် ဘ၀ကို ဖြတ်သန်းလာ ခဲ့တာတော့ သေချာလို့ ဒီလို မတရား ပြုကျင့် သင့်ပါသလား။ ဒါပေမဲ့ ကျွန်တော့် အတွေးတွေ အရာ မထင်ခဲ့ပါ။

ကျွန်တော်တို့ မိဘတွေလည်း ဘယ်လောက် တောင် စိတ်ပူကြ ရှာမလဲ။ အကျိုး အကြောင်း သိလို့ လိုက်ခေါ်ရင် ငွေကြေး သိန်းချီ
( အဲဒီတုန်းကအနည်းဆုံးကျပ်တစ်သိန်း) ပေးမှ ခက်ခက်ခဲခဲ ပြန်ရွေး ထုတ်လို့ ရတယ် ဆိုတာလည်း နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ သိလာခဲ့ ပါတော့တယ်။

ကျွန်တော်တို့လို အတင်းအဓမ္မ စစ်သားအဖြစ် သိမ်းသွင်း စုဆောင်း ခံနေရတဲ့ ကလေး သူငယ်များကိုယ်စား ဖြစ်ရပ်အမှန်ကို ကြုံတွေ့ ခဲ့ရသမျှ တင်ပြရခြင်း ဖြစ်ပါတယ် ခင်ဗျား။ မိဘပြည်သူအပေါင်း ဒီလူတွေ ဒီစနစ် ဆိုးတွေ လက်အောက်က အမြန်ဆုံး လွတ်မြောက် နိုင်ကြပါစေ။

No comments: