တိုက်ရေယာဉ် ၁၀၃ – အပိုင်း (၇)
ဆောင်းပါးရှင် – မောင်သော်က (တပ်မတော် အရာရှိဟောင်း တစ်ဦး)
သင်္ဘောကွဲကာနစ်မြုပ်ပြီ
နံနက်မိုးလင်းလာသည်နှင့်အမျှ လေမှာ ပိုမို ပြင်းထန်လာကာ အရှေ့အရပ်ဆီမှ တိုက်ခတ်လာသည်။ သင်္ဘော ရွက်တိုင်ဆိုင်းကြိုးကို လေတိုးသံသည် လေချွန်သကဲ့သို့ မြည်လာသည်။ လှိုင်းလုံးများမှာလည်း အရှိန်အဟုန် ပြင်းစွာဖြင့် သင်္ဘော၏ ၀ဲဘက် နံတောင်းမှ ကျော်လွှားကာ သင်္ဘောရှေ့ဦးပိုင်း ကုန်းပတ် တစ်ခုလုံးကို ဖုံးအုပ်ကျော်လွှား ပြီး ယာဘက်သို့ လှိမ့်ဆင်းသွားကြ၏။ ရာသီဥတု မှိုင်းပျနေခြင်းကြောင့် သင်္ဘောဝဲဘက် မိုင် ၂၀ ခန့် အကွာတွင် (Moscos Island) လောင်းလုံ ဘုတ်ကျွန်းများကို မှုန်ပျပျသာ မြင်ရသည်။ သင်္ဘောဦးထိပ် ၀ဲဘက်တွင်ရှိမည် ခန့်မှန်းရသော (Tavoy Island) မလိကျွန်းမှာ မမြင်သေးပါ။ သင်္ဘောသည် ၀ဲယာ ယိမ်းကာ လူးနေခြင်းမှာ တခါတရံတွင် ဒီဂရီ ၃၀ မျှ စောင်းသွားရာ ပြန်ထောင်မလာတော့ဟုပင် ထင်ရသည်။ အတန်ကြာမှ တဖက်သို့ စောင်းရာမှ ပြန်မတ်လာကာ နောက်တဖက်သို့ စောင်းသွားသည်။
သင်္ဘော ကုန်းပတ်ပေါ်တွင် ရွေ့လျားနိုင်သည့် အရာဟူသမျှ ကြိုးများနှင့် ခိုင်မာစွာ တုတ်နှောင် ထားရသည်။ နံနက် ၇ နာရီခန့်တွင် ကျွန်တော်သည် ၀ဲယာ လူးလျက် တိမ်းစောင်းခြင်းမှ သက်သာစေရန် ဦးတည်လမ်းကြောင်းကို အရှေ့တောင်ဆီသို့ ပြောင်း လိုက်သည်။ ထိုအခါတွင် ၀ဲယာ တိမ်းစောင်းခြင်း သက်သာသော်လည်း ဦးစောင်း ပဲ့ထောင် လှုပ်ရှားမှုမှာ ပိုများလာတော့သည်။
လှိုင်းလုံးများသည် သင်္ဘောဦးဆီမှ မြည်ဟည်း တက်ကြွလာကာ ပဲ့စင်ထက်ရှိ တာဝန်ကျ နေသူ အားလုံးအား ရွှဲစိုသွားစေ၏။ ရှေ့ပိုင်းရှိ အမြောက်နှင့် အမြောက်စင်ခြေရင်း သံမဏိပြားဝိုင်းကိုလည်း ဖုံးအုပ်သွားသည်။ ဤအနေအထားတွင် သင်္ဘောဦးမှာ မြင်းတစ်ကောင် ပတတ်ရပ်သည့်ပမာ ရေပေါ်တွင် ပေါ်လာလိုက် ရေအောက်တွင် ဖုံးအုပ်သွားလိုက်နှင့် ဦးပဲ့ထောင် ရှိနေသည်။ ကျွန်တော့် သင်္ဘောဦးသည် ဤဒဏ်ကို တာရှည်မခံနိုင်ဟု ထင်သည့်အတွက် နာရီဝက် သာသာ မောင်းပြီးလျှင် မူလ ရေကြောင်း တွင် ပြန်၍ဦးတည် ထားလိုက်ရသည်။
ကုန်းပတ်ထက်တွင် အိပ်နေကြသည့် ဗိုလ်ကြီးစောဦးနှင့် ဗိုလ်လေးသန်းလွင် တို့လည်း သူတို့၏ အိပ်ရာများ ရွှဲရွှဲစိုကုန်ပြီဖြစ်ခြင်းကြောင့် နိုးလာကြသည်။ ရာသီဥတုမှာ မိုးမရွာသော်လည်း လှိုင်းထိပ်ဖျားမှ လွင့်စင်လာသော ရေမှုန်ရေမွှားများကြောင့် မိုးရွာ သကဲ့သို့ပင် ရှိနေ၏။ ဗိုလ်ကြီးစောဦး ပဲ့စင်ထက် တက်လာသည်။ သူနှင့်အတူ တပ်ကြပ်ကြီး ကိုကိုကြီး တက်လာကာ တက်မကို ကိုင်သည်။ သူတက်လာသည့် အချိန်မှာ နံနက် ၇ နာရီမျှရှိပြီ ဖြစ်သည်။ သူသည် ၀ဲဘက်ဆီသို့ မှန်ပြောင်းနှင့် ကြည့်လိုက်ပြီး
“ အဲဒီ ကျွန်းဟာ ဆောက်သ်မော့စကော့ မဟုတ်လား စီအို” ဟု မေးလိုက်သည်။
“ ဟုတ်တယ် ဗိုလ်စောဦး၊ ၁၅ မိုင်လောက် ဝေးမယ်ထင်တယ်”
“အဲဒီ ကျွန်းဘက်ဆီကို ကျွန်တော်တို့ ၀င်ရင်ကောင်းမယ်ထင်တယ်” ဟု သူက အကြံပေး သည်။ တပ်ကြပ်ကြီး ကိုကိုကြီးက ကျွန်တော့်ကို လှမ်းကြည့်ရင်း
“ကျွန်တော် ဦးတည် လမ်းကြောင်း ပြောင်းကြည့်ပြီးပြီ၊ သင်္ဘော (Pitching) ဖြစ်တာက သိပ်ဆိုးတယ်၊ ခု အနေအထားကမှ နည်းနည်း ခံသာသေးတယ်”
“ဒါအရှေ့လေပဲ၊ လေတိုက်နှုန်း ၄၀-၅၀ တော့ ရှိမယ် ထင်တယ်”
“ လေးဆယ်တော့ အနည်းဆုံး ရှိမယ်ထင်တာပဲ၊ လှိုင်းခေါင်းတွေ ကျိုးနေတာ ကြည့် ပါလား”
ပတ်ဝန်းကျင် ပင်လယ်ပြင်တွင် ဆီဒယ်အိုးတစ်ခုအတွင်း ဆီပွတ်များ ထနေသည့် အလား လှိုင်းခေါင်းဖြူများ ပွက်ပွက်ထနေသည်။ လှိုင်းခေါင်းထိပ်များကို လေတိုးလိုက် သည်နှင့် လှိုင်းခေါင်းကျိုးထိပ်မှ ရေစ ရေမြွှာများသည် စဉ်သွားကာ မိုးကဲ့သို့ ရွာချနေ၏။ ဗိုလ်သန်းလွင်ကိုမူ ခုထိ ကျွန်တော် သတိမထားမိသေး၊ လှိုင်းမူး၍ တနေရာတွင် ခွေနေ မည်သာထင်သည်။
ကျွန်တော်လည်း စက်အရှိန်ကို တတ်နိုင်သမျှ လျှော့ချကာ မူလ ဦးတည်ရေကြောင်း တွင်သာ ခုတ်မောင်းနေသည်။ ထိုအခိုက် အမြောက်သံ တစ်ချက် မြည်သည့်အလား “ဖြောင်း” ဟူသော အသံကြီးတသံကို ကြားလိုက်ရကာ သင်္ဘောဦး ၀ဲဘက်တွင် သစ်သားစ တစ်စု မျောပါသွားသည်ကို တွေ့လိုက်ရ၏။ ကျွန်တော်ရော ဗိုလ်ကြီးစောဦးပါ မည်သည့် သစ်သားစ ဖြစ်သည်ကို ခန့်မှန်းရန် မှန်ပြောင်း ကိုယ်စီဖြင့် ကြည့်လိုက်မိသည်။ သစ်သား စမှာ အတန်ရှည်သော ပျဉ်တစ်ချပ်ဖြစ်လျက် စစ်သင်္ဘောတွင် သုတ်လေ့ရှိသည့် မီးခိုး ရောင် သုတ်ထားသည်ကို တွေ့လိုက်ကြရ၏။
ထိုစဉ်တွင် ဦးပိုင်း အိပ်ခန်းတွင်း အိပ်နေကြသည့် ရဲဘော်အချို့သည် ကြိုးမဲ့ ကြေးနန်း ဆက်သွယ်ရေး စက်ထားသည့် ပဲ့အိမ်တွင်းရှိ အတွင်းလှေကားမှ တက်လာ ကြကာ
“သင်္ဘော ရှေ့ပိုင်းမှာ ရေတွေဝင်နေပြီ စီအို”ဟု သတင်းပို့ကြ၏၊ သူတို့ မျက်နှာများတွင် လှိုင်းမူးသည့်ဒဏ်နှင့် ကြောက်လန့်စိုးရိမ်သည့် လက္ခဏာများကို တွေ့ရသည်။ ကျွန်တော် က စက်မကြီးများကို ချက်ချင်း ရပ်လိုက်စေပြီး
“ဗိုလ်စောဦး ခင်ဗျား ရှေ့ဦးခန်းမှာ သွားပြီး ကြည့်စမ်းပါဗျာ” ဟု စေလွှတ်လိုက်သည်။
ဗိုလ်ကြီးစောဦးသည် ပဲ့အိမ်ခန်းတွင်းရှိ စင်္ကြန်လှေကားမှတဆင့် ဦးခန်းတွင်းသို့ ဆင်းသွား သည်။ ကျွန်တော်က ပဲ့စင်နောက်ဘက် စက်ခန်းအံဖုံးတံခါးဆီသို့ ကြည့်လိုက်ရာ အံဖုံး တံခါးဝတွင် ခေါင်းဖော်လျက် ပင်လယ်ပြင် အခြေအနေကို ထွက်ကြည့်နေသည့် စက်ခန်း တာဝန်ကျ တပ်ကြပ်/စက် အောင်မြင့်၏ မျက်နှာကို တွေ့ရသည်။
“ဟေ့ အောင်မြင့်၊ မင်းအောက်ပြန်ဆင်းနေ၊ အရေးအကြောင်းရှိရင် ရေစုပ်စက် ပန့်တွေကို အသုံးပြုရအောင် အသင့်လုပ်ထား” ဟု ပြော၏။
“ပန့်တွေမကောင်းဘူး စီအို၊ ဒါကြောင့် ကျွန်တော်တို့ကို (CIE) စီအိုင်အီး ရေစုပ်စက် ကလေးထုတ်ပေးလိုက်တာ” ဟုဆိုကာ ကုန်းပတ်ထက် ခေါင်းတိုင် ခြေရင်းတွင် ရှိနေသည့် ရေစုပ်စက်ငယ်အား ပြသည်။ ရေစုပ်စက်မှာ ကြိုးများနှင့် ဆိုင်းထားရသည်။
“ကဲ မင်းစက်ခန်းထဲမှာ တခြားလူစားတစ်ယောက်ထား မင်း ရေစုပ်စက်ကို နှိုးလို့ရမလား နှိုးကြည့်စမ်းကွာ” ဟု ပြောလိုက်သည်။
တပ်ကြပ်/စက် အောင်မြင့်သည် စက်ခန်းတွင်းသို့ ပြန်ဝင်သွားပြီး အတန်ကြာသော အခါတွင် စက်ပစ္စည်း ကိရိယာအချို့နှင့် ပြန်တက်လာသည်။ ထိုစဉ် ဗိုလ်ကြီး စောဦး ပဲ့စင် ထက် ပြန်တက်လာကာ
“ရေတွေ ဒလဟော ၀င်နေတယ် စီအို၊ အပျက်အစီးကိုတော့ မတွေ့ရဘူး၊ Underwater (ရေအောက်) အပျက်အစီးနဲ့ပဲ တူတယ်” ဟု သတင်းပို့သည်။ကျွန်တော်က ကိုယ်တိုင် ကြည့်ရှုနိုင်ရန်အတွက်
“ကဲ ခင်ဗျား ဒီမှာ နေရစ်၊ ခုရေကြောင်းမှာ တတ်နိုင်သမျှ ထိန်းထား” ဟု ညွှန်ကြားခဲ့ကာ ပဲ့အိမ်တွင်း ၀င်ခဲ့သည်။ ပဲ့အိမ်တွင်းမှာလည်း မြေပုံထားသည့် စားပွဲမှအစ ဗြောင်းဆန် အောင် ကသောင်းကနင်း ဖြစ်နေသည်။ ကျွန်တော်နှင့်အတူ တပ်ကြပ် မောင်အေးကို ခေါ်ခဲ့ သည်။
ပဲ့အိမ်တွင်း လှေကားမှ ဦးခန်းတွင်းသို့ ဆင်းလိုက်ရာတွင် ဦးခန်းတွင်း ကြမ်းပြင် ထက်တွင် ပင်လယ်ရေများ ခြေသလုံးခန့် ရှိနေပြီကို တွေ့ရတော့၏။ ဘေးအိပ်စင်များတွင် အိပ်စင်ဘောင်ကို တွယ်ဖက်လျက် ကြောက်ရွံ့ထိတ်လန့်သည့် မျက်နှာ ကိုယ်စီဖြင့် ရပ်နေကြသည့် ရဲဘော်တစ်စုကို တွေ့ရ၏၊ ရေဘယ်က ၀င်သည်ဟု သူတို့လည်း အတိအကျ မပြောနိုင်ကြ၊ ကျွန်တော် ကြိုးစား၍ ရေ၀င်သည့်နေရာကို လိုက်ရှာ သော်လည်း မတွေ့၊ ရေမှာ တရိပ်ရိပ်သာ တက်နေသည်။
“ကဲ မောင်အေး၊ မင်းဒီမှာ နေရစ်၊ ရှေ့ဦးပိုင်း အံဖုံးတံခါးကို ဖွင့်၊ အဲဒီအပေါက်ကနေ သံပုံးနဲ့ တတ်နိုင်သမျှ ရေခပ်ထုတ်ဖို့ ငါစီစဉ်မယ်။ ဒီမှာရှိတဲ့ ရဲဘော်တွေ အားလုံးကို တလှည့်စီ ကြည့်ခိုင်း” ဟု ဆိုကာ ကုန်းပတ်ပေါ် ပြန်တက်ခဲ့သည်။ တပ်ကြပ် မောင်အေးသည် ရှေ့ပိုင်း ကုန်းပတ် အံဖုံးတံခါးကို ဖွင့်ရန်အတွက် ဦးဘက်သို့ လျှောက်သွားသည်။
အပိုင်း (၈) ကို နောက်နေ့ ဆက်တိုက် တင်ပြသွားပါမယ် ခင်ဗျား။
No comments:
Post a Comment