.

.

.

July 24, 2009

ရေတပ် အရာရှိတစ်ဦး၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ – အပိုင်း (၈)

တိုက်ရေယာဉ် ၁၀၃ – အပိုင်း (၈)

စာဖတ်ပရိတ်သတ်များခင်ဗျား

ဆောင်းပါးရှင် မောင်သော်ကရဲ့ တိုက်ရေယာဉ် ၁၀၃ အပိုင်း(၈)ကို ဒီကနေ့ ဆက်လက် တင်ပြပေးလိုက်ပါတယ်။ ဆောင်းပါးရှင်ဟာ မြန်မာ့တပ်မတော် ရေတပ်မှ ဗိုလ်မှူး တစ်ဦးဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားခဲ့သောကြောင့် စစ်အစိုးရ၏ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်း ခံရကာ ထောင်တွင်း မှာပင် ကျဆုံးခဲ့ရသော မျိုးချစ်ပြည်သူ့တပ်မတော်သား တစ်ဦး ဖြစ်ပါတယ်။ ဆောင်းပါးရှင် အား ဂုဏ်ပြုသောအားဖြင့် ကိုယ်တွေ့ကြုံခဲ့ရပုံ တိုက်ရေယာဉ် ၁၀၃ ကို ဂုဏ်ပြု တင်ဆက် ပေးလိုက်ရပါတယ်။

ဆောင်းပါးရှင် - မောင်သော်က ( မြန်မာ့တပ်မတော် (ရေ) မှ ဗိုလ်မှူးတစ်ဦး )

ကျွန်တော် ကုန်းပတ်ထက် ပြန်ရောက်သောအခါ ရေစုပ်စက်ကို နှိုးရန် ကြိုးစားနေ ကြသော်လည်း နှိုး၍ မရနိုင်သေးသည်ကို တွေ့ရသည်။ တပ်ကြပ်/စက် ကျော်ညွှန့်မှာ ခရီးကြုံစီး ရဲဘော်တစ်ဦး ဖြစ်သည်။ သူသည် ဓါတ်ဆီသုံး အင်ဂျင်စက်များကို အလွန် ကျွမ်းကျင်နိုင်နင်းသူ ဖြစ်၏။ သူလည်း စက်နှိုးရာတွင် ၀င်ရောက် ကူညီနေသည်ကို တွေ့ရ သည်။ သို့သော် ရေစုပ်စက်က ဖွတ်ချက် ဖွတ်ချက်သာ မြည်နေသည်။ မနှိုး။

ထိုစဉ် ရှေ့ဆီသို့ ကြည့်နေသော ဗိုလ်ကြီး စောဦးက

“ဟေ့… ရှေ့က အံဖုံးတံခါးကို ဘယ်သူဖွင့်တာလဲ ကွ” ဟု လှမ်းအော်နေ၏။

ကျွန်တော်က ပဲ့စင်ထက်သို့ အပြေးအလွား တက်လိုက်ကာ….

“ကျုပ် ဖွင့်ခိုင်းတာပဲ ဗိုလ်စောဦး၊ အဲဒီ အပေါက်က သံပုံးတွေနဲ့ ခပ်ထုတ်ခိုင်း မလို့” ဟု ဆိုလိုက်သည်။

“ဟာ မဖြစ်ဘူးထင်တယ် စီအို၊ ဟိုမှာ ကြည့်ပါဦး”

သူပြော၍ ကျွန်တော်ကြည့်လိုက်သည်တွင် လှိုင်းလုံးတစ်လုံးသည် ကျုံး၍တက်လာကာ ဦးပိုင်းကို ဖုံးသွားသည်တွင် ဖွင့်ထားသော အံဖုံး တံခါးမှ ဦးပိုင်းခန်းတွင်းသို့ ဒလဟောဝင် သွားသည်ကို မြင်လိုက်ရသည်။

“ ဟာ….ဟုတ်တယ်၊ ဖြစ်မယ် မထင်ဘူး၊ သွားပြီး ပြန်ပိတ်ခိုင်းလိုက်ဗျာ”

ဗိုလ်စောဦး ပြန်ဆင်းသွားသည်။ ဤတစ်ကြိမ်တွင် ဗိုလ်သန်းလွင်လည်း သူနှင့် လိုက်သွား သည်ကို တွေ့ရ၏။ ကျွန်တော်က ပဲ့စင်ထက်တွင် ကြီးကြပ်မှု တာဝန်ကို ဆက်ယူသည်။ တပ်ကြပ်ကြီး ကိုကိုကြီးက တက်မကို ကိုင်လျက် ရှိနေသည်။ ထိုအခိုက် နောက်ထပ် ၀ုန်းဒိုင်းအသံများ ဦးဆီမှ ကြားရသည်။ သစ်သား ကျိုးသံများလည်း ကြားရသည်။ ရေများဖုံးနေ၍ သဲကွဲစွာ မမြင်ရ၊ ပဲ့စင်အနီးတွင် တပ်ကြပ် စံခိုဆိုသူ ရှိနေသည်။ စံခိုမှာ ကျွန်တော် ရဲဘော်ဘ၀ကပင် ရင်းနှီးသူ တစ်ဦးဖြစ်သည်။ သူသည် ချင်းအမျိုးသား ရဲဘော် တစ်ဦးဖြစ်၏။

“ဟေ့.. စံခို၊ မင်း ဦးပိုင်းကို ကုန်းပတ်ပေါ်က လျှောက်သွားပြီး ဘာဖြစ်သလဲ သွားကြည့်စမ်း၊ ခါးကို ကြိုးတစ်ချောင်းနဲ့ ချည်သွားနော်၊ တစ်ယောက်ယောက်ကို အသက်ကယ်ကြိုး (Life Line) ကိုင်ဖို့ ပြောထားပြီး သွား၊ ဟုတ်လား”

“ ဟုတ်ကဲ့ စီအို”

ရှေ့ပိုင်း ဦးဘက်ဆီသို့ ကုန်းပတ်ထက်မှ လျှောက်သွားရန် ဆိုသည်မှာ ယခု ကဲ့သို့သော လှိုင်းလေတွင် ဧရာမ စွန့်စားခန်းကြီးတရပ် ဖြစ်ပါသည်။ လှိုင်းက ကုန်းပတ် တစ်ခုလုံးကျော်သွားပြီးမှ ပင်လယ်တွင်း ဆင်းသွားသည်။ လှိုင်းလုံးနှင့်အတူ လူးလိမ့်ကျ ပါသွားနိုင်သည်။ ကိုင်စရာ၊ တွယ်စရာ၊ တစ်ခု မရခဲ့လျှင် လူအင်အားချည်း သက်သက် နှင့်တော့ လှိုင်းဒဏ်ကို မခံနိုင်၊ ပင်လယ်တွင် ခြေက မမြဲ၊ လက်က မြဲစေရသည်။

ကိုယ့်အသက်သည် ကိုယ့်လက်တွင်းမှာပင် ရှိ၏။ မတော်တဆ လိမ့်ကျသွားခဲ့သော် တစ်စုံတစ်ဦးက ဆွဲတင်ယူနိုင်စေရန် အတွက် မိမိခါးကို ကြိုးတစ်ချောင်းနှင့် မြဲစွာ ချည်နှောင်ထားပြီးမှ သွားရသည်။ စံခိုသည် ကြိုးတစ်ချောင်းကို ခါးတွင် ချည်နှောင်ကာ ဦးပိုင်းဆီသို့ လက်ကိုင်တန်းတလျောက် ကိုင်တွယ်ခိုပြီးမှ သွားကြည့်သည်။ အတန်ကြာ သော် ပြန်လာပြီး -

“ရှေ့ပိုင်း Gun Pit (အမြောက်အောက်ခြေ သံမဏိပြားဝိုင်း) ကြီး အောက်ခြေမူလီတွေ ပြတ်သွားပြီး ယမ်းနေတယ်၊ Ventilor Hatch Cover (အံဖုံးတံခါး) လဲ ကျိုးသွားပြီ” ဟု သတင်းပို့သည်။

ကျွန်တော် အခြေအနေကို နားလည်လိုက်ပါသည်။ ရှေ့ပိုင်းရှိ ၄၀ မမ ဘိုဖာ အမြောက်ကြီးကို “ပ” ပုံသဏ္ဍာန်ရှိ သံပြားဖြင့် အောက်ခြေမှ ၀ိုင်းလည်ကာထားသည့် သံမဏိပြားဝိုင်းကြီး ရှိသည်။ ထိုအ၀ိုင်းကြီးကို အောက်ခြေ ပတ်လည်တွင် သင်္ဘော ကုန်းပတ်နှင့် မူလီများ အားဖြင့် စုပ်တွယ်ထားသည်။ ထိုမူလီများသည် တော်ရုံ တန်ရုံမျှသော ဒဏ်ကိုမဖြုံ၊ သို့သော် ယခု ပြင်းထန်သော လှိုင်းလုံးများက ဆက်ကာ ဆက်ကာ သံပြားဝိုင်းကို တိုက်သောအခါတွင်မူ နှစ်တာရှည်စွာ သံချေးစားသော မူလီများ ပြတ်ထွက်ကုန်ကြသည်။ မူလီများ ပြတ်ထွက်သွားသည့် ပ ပုံသဏ္ဍာန် သံပြားဝိုင်းကြီးသည် ရေတွင် ကျသွားခဲ့လျှင် တော်ပေမည်။ ယခုမူ မည်သည့်နည်းနှင့်မျှ ကျမသွားနိုင်၊ ပ ပုံတွင် ပွင့်နေသည့်အပိုင်းမှာ လူနှစ်ဦးစာ ၀င်သာရုံမျှသာ ရှိသည်။

အမြောက်စင်၏ အောက်ခြေထုက ထိုအပေါက်ထက် အဆမတန် ကြီးမားသည်။ ထို့ကြောင့် အမြောက်စင်ကာသံပြားသည် အမြောက်ကြီးကို ဗဟိုပြုလျက် လှိုင်းလုံး ဆောင့်တိုင်း ချာလပတ်လည် ယမ်းကာ အနီးဝန်းကျင် ရှိသမျှကို စိတ်ရှိ လက်ရှိ ရိုက်ချိုး နေသည်နှင့် တူတော့သည်။

သူ့ကို ထိန်းချုပ်ရန် မဆိုထားနှင့်၊ အနီး ၀န်းကျင်သို့ပင် မသွားရဲကြတော့၊ မမျှော် မှန်းနိုင်သည့် အချိန်အတွင်း မမျှော်မှန်းသည့် လှိုင်းလုံးတစ်လုံး ပြေးဆောင့်လိုက်ပါက အမြောက်စင် သံပြားဝိုင်းကြီးသည် ပြေးဆောင့် ၀င်လာမည် ဖြစ်ပါသည်။ ၂၅ ဟန္ဒြိတ်မျှ မကရှိသည့် သံပြားဝိုင်းကြီးတစ်ခုနှင့် တအားပြေးဆောင့်သည့် ဒဏ်ကို မည်သည့် လူသားမျှ ခံနိုင်ကြမည် မဟုတ်။

ကျွန်တော်သည် ပဲ့စင်ထက်တွင်ရပ်ကာ ဦးပိုင်းကုန်းပတ် ထက်တွင် နွားရိုင်းကြီး တစ်ကောင် လွတ်သလို ထင်တိုင်း သောင်းကျန်းနေသည့် သံပြား ၀ိုင်းကြီးကိုမြင်ရသည်က တစ်ချက်၊ မမြင်ရသည်တစ်ချက်နှင့် မတတ်သာ၊ မနိုင်သာ ကြည့်နေရတော့သည်။ သစ်သားများ သံတိုင်များ တဖြောင်းဖြောင်း ကျိုးသံကိုမူ နားမချမ်းသာစွာ ကြားနေရသည်။

ထိုစဉ် ဗိုလ်ကြီးစောဦးနှင့် ဗိုလ်လေးသန်းလွင်တို့ ပဲ့အိမ်အတွင်းမှ ပြေးထွက်လာကာ….

“စီအို၊ ရေတွေ အောက်ကလဲဝင်တယ်၊ Hatch Cover လဲ ကျိုးသွားပြီ၊ အပေါက်ကလဲ ဒလဟော ရေ၀င်နေတယ်” ဟု သတင်းပို့သည်။

ကျွန်တော်သိတယ် ဗိုလ်စောဦး၊ ရှေ့ပိုင်းက Hatch Cover (အံဖုံးတံခါး) ကျိုးသွားပြီး ရေပုံးနဲ့ ရေခပ်ထုတ်ဖို့လဲ မဖြစ်နိုင်တော့ဘူး၊ ရှေ့ပိုင်းက ရဲဘော်တွေ အကုန်ထွက်ခိုင်းပြီး
Water-Tight Doors (ရေလုံတံခါး) တွေသာ ပိတ်လိုက်ပေတော့”

ဗိုလ်ကြီးစောဦး ရေလုံတံခါးများ ပိတ်ရန် ပြန်ဆင်းသွားသည်။ ထိုအချိန်တွင် ကျွန်တော်က ကြိုးမဲ့ကြေးနန်း တပ်သားအား အခေါ်ခိုင်းလိုက်၏။ တပ်သား ခင်မောင်လတ်မှာ သူ၏ ကြိုးမဲ့ကြေးနန်း စက်ခန်း ဖြစ်သော ပဲ့အိမ်တွင်းမှာ ရှိနေသည်။

“ဟေ့ ခင်မောင်လတ် ၊ Message Pad (က/န ပုံစံစာရွက်) ယူခဲ့၊ ဒါထက် မနေ့ညက ပို့ခိုင်းခဲ့တဲ့ က/န နှစ်စောင် ပို့ပြီးပြီ မဟုတ်လား”

“ မပို့ရသေးဘူး စီအို”

“ ဟင်…”

ကျွန်တော်သည် အလွန်အံ့အားသင့်လျက် အလွန်လည်း စိတ်ဆိုးသွားပါသည်။

“ ဘာဖြစ်လို့ မပို့သလဲကွ၊ မင်းအဲဒါပို့မပြီးရင် မအိပ်နဲ့လို့ ငါသေသေချာချာ မှာထားတယ် မဟုတ်လား”

သူသည် မည်သို့မျှ အဖြေမပေး၊ သူလှိုင်းမူးနေသည်ကို ကျွန်တော် သိပါသည်။ သို့သော် မည်သို့မျှပင် လှိုင်းမူးသည် ဖြစ်စေ (ညက လှိုင်းသည်လည်း မဖြစ်စလောက်ဟု ထင်ပါသည်) တာဝန်ကိုတော့ ကျေပွန်စွာ ထမ်းသင့်သည်ဟု ကျွန်တော် ထင်သည်။ ယခုမူ ကျွန်တော့် ထင်မြင်ချက်သည် ပါစင်အောင် လွဲခဲ့ပြီဖြစ်၏။ ကျွန်တော့် ပါးစပ်မှ ဖရုဿ ၀ါစာတွေ တသီကြီး ထွက်သွားသည်။

“သွား၊ Message Pad ယူခဲ့၊ စက်ဖွင့်၊ ငါကိုယ်တိုင် ပို့မယ်”

ခင်မောင်လတ်သည် သတင်းပို့ ပုံစံစာရွက်ယူရန် ပဲ့အိမ်တွင်း ပြန်ဝင်သွားသည်။ ဗိုလ်ကြီး စောဦး ပြန်ဝင်လာကာ ရေလုံတံခါးများ ပိတ်ထားခဲ့ပြီ ဖြစ်ကြောင်း ပြောသည်။ သို့သော် ရေလုံတံခါးများ ကောင်းစွာ စိတ်ချရမည် မထင်ကြောင်း ပြော၏။ ရှေ့ပိုင်းဦးခန်းတွင် ရေသည် ရင်ခေါင်းမျှထိ ရှိနေပြီ ဖြစ်ကြောင်းလည်း ပြော၏။ ကျွန်တော် ရပ်နေရာ ပဲ့စင် ထက်မှ ကြည့်လိုက်ရာတွင် သင်္ဘောဦးသည် ယခင်က လှုပ်ရှားမှုမျိုးဖြစ်သည့် မြင်း ပတပ်ရပ်သကဲ့သို့ ဦးထောင်ခြင်းမျိုးကို လုံးဝ မပြုတော့ဘဲ ဦးစိုက်နေပြီ ဖြစ်ကြောင်း တွေ့ရတော့၏။

“ကဲ ဗိုလ်စောဦး ၊ ပဲ့စင်ပေါ်တက်၊ စက်မကြီးကို ရှေ့လုံးဝ မမောင်းနဲ့တော့၊ Water-Tight Doors တွေက ဘယ်လောက်ကြာကြာ ခံမယ်မသိဘူး၊ ကျွန်တော် Message ပို့ လိုက်ဦးမယ်”

ကျွန်တော်သည် သင်္ဘော အတိဒုက္ခရောက်ချိန်တွင် ပို့လေ့ရှိသည့် Distress Signal ခေါ် အက်စ်-အို-အက်စ် S-O-S သတင်း ပို့လွှင့်ရန်အတွက် ပဲ့အိမ်တွင်း စက်ရှိရာသို့ ၀င်လာခဲ့သည်။ ကျွန်တော် အရာရှိမဖြစ်မီက ဆက်သွယ်ရေး တပ်တွင် တပ်ကြပ်အဆင့် အထိ အမှုထမ်းခဲ့ဖူးခြင်းကြောင့် အင်္ဂလိပ် ကြိုးမဲ့ကြေးနန်း ပို့သည့် မော့စ် သင်္ကေတကို ကောင်းစွာ တတ်ပါ၏။ ထို့ကြောင့် ခင်မောင်လတ်အား မလွှဲတော့ဘဲ ကိုယ်တိုင် ပို့လွှင့်ရန်အတွက် စက်ကို ဖွင့်လိုက်သည်။ စက်ဖွင့်လိုက်သည် ဆိုလျှင်ဆိုချင်းပင် စက် အတွင်းမှ မီးပန်းမီးပွား မီးခိုးများ ထွက်လာကာ တစ်စုံတစ်ရာကို လောင်ကျွမ်းသည့် ညှော်နံ့များပါ ပေါ်လာတော့သည်၊ ကြေးနန်းရိုက်လက်တံ Morse Key ကို ကိုင်ထားသည့် ကျွန်တော့်လက်များကို ဓါတ်လိုက်ကာ နောက်သို့ လန်သွားတော့သည်။

ကြိုးမဲ့ကြေးနန်းစက်၏ ပင်မ လျှပ်စစ်ဓါတ်အားပေးစက်မှာ ၁၁၀ ဒီစီ ဖြစ်ခြင်းကြောင့် သာလျှင် ဓါတ်လိုက်၍ မသေခြင်း ဖြစ်သည်။ အမေရိကန် စက်များတွင် လျှပ်စစ် ဗို့အား ၁၁၀ ဒီစီကိုသာလျှင် သုံးသည်။ သို့သော် လျှပ်စစ် ဓါတ်အားလွှတ်တိုင်း ဆက်သွယ်ထား ခြင်းမှာ မူလက အတိုင်း မဟုတ်တော့ဘဲ သင်္ဘော၏ မီးအားပေးလိုင်းတို့နှင့် ဆက်သွယ် ထားခြင်း ဖြစ်သည့်အတွက် သင်္ဘောဦးပိုင်း ရေ၀င်သည်ဆိုလျှင်ပင် ဓါတ်အားလိုင်း ၀ါယာ ကြိုးများ ဓါတ်လိုက်နေခြင်း ဖြစ်သည်။


ကျွန်တော် နောက်တချီ အသံလွှင့်စက်ကို ထပ်ဖွင့်ရန် ကြိုးစားကြည့်ရာ နောက် တချီ ဓါတ်လိုက်ကာ မီးခိုးများ အူထွက်လာပြီး အသံလွှင့်စက် ရပ်ဆိုင်းပျက်စီးသွားတော့ သည်။ ကျွန်တော်တို့တွင် ဤစက်မှတပါး အရေးပေါ် အသုံးပြုရန်အတွက် ဘက်ထရီဖြင့် သုံးသည့် ကြိုးမဲ့ကြေးနန်းစက် မပါရှိ။ ဤစက်သာလျှင် ကျွန်တော်တို့ ဌာနချုပ်နှင့် ဆက်သွယ်ရာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ရာတွင် တစ်ခုတည်းသော အားကိုးရာ ဖြစ်၏။ ယခုစက်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

စက်ကောင်းစဉ်ကလည်း သတင်းမပို့နိုင်ခဲ့၊ သတင်းပို့ရန် ပျက်ကွက်ခဲ့သည်။ အနည်းဆုံး အားဖြင့် ည (၈)နာရီ ခရီးစဉ် သတင်းကို ဌာနချုပ်မှ ရရှိခဲ့လျှင် ကျွန်တော်တို့ သင်္ဘော မည်သည့်အရပ်သို့ ဦးတည် ခုတ်မောင်းနေသည်၊ မည်သည့်နှုန်းနှင့် ခုတ်မောင်းနေလျက် မည်သည့်နေရာတွင် ရောက်ရှိ နေလောက်ပြီကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

ယခုသော် ကျွန်တော်သည် ရန်ကုန်ဆိပ်ကမ်းမှ ခွာသည်တွင် ထွက်ခွာသည့် အကြောင်းကိုသာ သိခဲ့ရလျက် လမ်းခရီးတွင် မည်သည့် သတင်းပို့ချက်မှ မပြုခဲ့၊ ဤသည်မှာ ကျွန်တော်တို့၏ ကံကြမ္မာကို အဆိုးဆုံး ဖြစ်စေသည့် ကျွန်တော်တို့ ဘက်မှ ချွတ်ယွင်းချက်ဖြစ်သည်။ ယခု အလွန်အချိန်နောက်ကျခါမှ မည်သည့်ဆက်သွယ်မှုကိုမျှ ပြု၍ မရတော့မှ ကျွန်တော်သိရတော့သည်။

1 comment:

Unknown said...

ကျန်တဲ့အပိုင်းလေးတွေဆက်တိုက်တင်ပေးပါဗျို့ ...
အားပေးလျှက်ပါ..ကျေးဇူးအထူးတင်ပါတယ်..