စာဖတ်ပရိသတ်များ ခင်ဗျား
အရာရှိ အရာခံ အကြပ် တပ်သားတွေရဲ့ စစ်တပ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ကိုယ်တွေ့ကြုံခဲ့ရသမျှ ခါးသီးတဲ့ဘ၀တွေကို ဖြစ်ရပ်မှန် ဖေါ်ထုတ် တင်ပြလာကြရာ ဒီကနေ့မှာတော့ တပ်ကြပ်မင်းမင်းရဲ့ ကိုယ်တွေ့ ဆောင်းပါးတစ်ပုဒ်ကို တင်ပြပေးလိုက် ပါတယ်။ ယခုလို ပေးပို့ထားကြတဲ့ ပြည်တွင်း ပြည်ပမှ ဆောင်းပါးရှင် ပြည်သူ့ တပ်မတော်သား အစစ်အမှန်များ အားလုံးကို ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။
နေရောင်အောက်က အစိမ်းရောင်
ဆောင်းပါးရှင်- တပ်ကြပ် မင်းမင်း
၁၉၉၃ ခုနှစ်ကပေါ့။ သင်္ဃန်းညီနောင်ကျေးရွာ ကလေးရဲ့ ရွာထိပ် တဖက်မှာ မွတ်စလင် သင်္ချိုင်းနဲ့ မြန်မာသင်္ချိုင်း နှစ်ခုရှိတယ်။ သင်္ချိုင်းနှစ်ခုကို ဖြတ်ပြီး ကျွန်တော်တို့ တပ်ကို တည်ဆောက် ထားပါတယ်။ ကျွန်တော်တို့တပ်အမည်က အ.မ.တခွဲ (၀၈၂) ဖြစ်ပြီး ထိုအချိန်က တပ်ခွဲမှူးတာဝန် ထမ်းဆောင်နေသူမှာ ဗိုလ်မှူး သိန်းဝင်း ဖြစ်ပါတယ်။ ယာယီတပ် တည်ဆောက်ဖို့ အတွက် ကျွန်တော်တို့ တပ်ကို ဘတ်ဂျက်ငွေက ၆ သိန်းခွဲ ရောက်ရှိ လာပါတယ်။
အဲဒီ ငွေထဲမှာ အမှန်တကယ် ကုန်ကျပြီး ၀ယ်ယူရတဲ့ ပစ္စည်းက သံဖိုးနဲ့ အင်ဖက်ဖိုး စုစုပေါင်း အမှန်တကယ် ငွေငါးသောင်းခန့်သာ ကုန်ကျ ပါတယ်။ သစ်/၀ါး ကိုတော့ မ၀ယ်တော့ဘဲ မဲကနယ် ကျေးရွာရဲ့ အနောက်ဖက် သစ်တောထဲက သစ်/၀ါးတွေကို ကျွန်တော်တို့က ခုတ်ယူရပါတယ်။ နေ့စဉ် (၇) နာရီထိုးရင် တန်းစီ လူစစ်ပြီးတာနဲ့ သစ်ခုတ်တာဝန်အတွက် စစ်သည် အယောက် (၂၀)ကို ထုတ်ပြီး သစ်ခုတ်/သစ်ခွဲ တာဝန်ကို အလှည့်ကျ သွားရောက် လုပ်ကိုင်ကြရ ပါတယ်။
အဲဒီအချိန်မှာ ကျွန်တော်ဦးဆောင်ပြီး (၁၀)ယောက် တစ်ဖွဲ့က သစ်ခုတ်ဖို့ တာဝန် ကျခဲ့ ပါတယ်။ ကျန် (၁၀) ယောက်ကတော့ ခုတ်ထားတဲ့ သစ်တွေကို သစ်ခွဲစက်သို့ ပို့တဲ့ တာဝန်ကျပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ရဲဘော်သစ်လေး တင်မောင်ထွေးလည်း ပါလာခဲ့ပါတယ်။ ကျွန်တော်အပါအ၀င် စစ်သည် ဆယ်ဦးဟာ လွှသုံးလက်နဲ့ အင်ပင်တွေကို တစ်ပင်ပြီး တစ်ပင် လိုက်လံ ခုတ်လှဲရပါတယ်၊ အချိန်က နံနက် (၁၀)နာရီခန့်တွင် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ညာဘက် (၁၅) လှမ်း အကွာခန့်မှာ တစ်ပေခန့် လုံးပတ်ရှိတဲ့ အင်ပင်တစ်ပင်ကို ရဲဘော်ဇော်နိုင်နဲ့ ရဲဘော်သစ် တင်မောင်ထွေးတို့ နှစ်ယောက် ဖြတ်နေကြပါတယ်။
ကျွန်တော်လဲ အပင် လဲခါနီးပြီမို့ သူတို့အနားကို အရောက်သွားပြီး အပင်လဲတော့မယ် သတိထားလို့ ပြောလိုက်ပါတယ်။ မကြာမီ အပင် လဲကျသွားရာ အပင်လဲကျသည့် ဘက်တွင် ၄၅ ဒီဂရီ စောင်းပြီး ပေါက်နေတဲ့ အခြား အပင်တစ်ပင်ကြောင့် လဲကျလာသော အင်ပင်က တည့်တည့် ကျရောက်လာခါ ပြန်လည်တွန်းကန်လာပြီး ရဲဘော် တင်မောင် ထွေးရဲ့ ကျောပေါ်ကို အမှတ်မထင် ကျရောက်သွားပါတယ်။
“အား” ဆိုတဲ့ အော်သံနဲ့အတူ ရဲဘော် တင်မောင်ထွေးရဲ့ ကျောပေါ်မှာ အင်ပင် ပိနေ ပါတော့တယ်။ ရဲဘော်များအား ခေါ်ပြီး အင်ပင်အား ဖယ်ရှားလိုက်တဲ့အခါ သူ့ရဲ့ ခါးရိုး ကျိုးပြီး အပြင်ကို ဖောက်ထွက်နေတာ တွေ့လိုက်ရပါတယ်၊ သူ့ကို ခေါ်ကြည့်တဲ့အခါ သတိမေ့နေရှာပါတယ်။
ကျွန်တော်အပါအ၀င် ရဲဘော် (၃)ယောက်နဲ့ အတူ ကားလမ်းမကို ရဲဘော်တင်မောင် ထွေးအား ပွေ့ချီပြီး ထွက်လာခဲ့ကြပါတယ်။ မြ၀တီမှ ညီနောင်ကို မောင်းလာတဲ့ လိုင်းကား တစ်စီးအား အကူအညီတောင်းပြီး အခြေချ စစ်ဗျူဟာ (၃) ဆေးခန်းကို ပို့ပေးခဲ့ပါတယ်၊ ထို့နောက် ကျွန်တော်ဟာ တပ်ခွဲကို ပြန်လာပြီး တာဝန်မှူးအား သတင်းပို့လိုက် ပါတယ်။ သတင်းပို့ပြီးနောက် သစ်ခုတ်တဲ့နေရာကို ပြန်လာခဲ့ရပါတယ်။
ရဲဘော်တင်မောင်ထွေးအား အရေးပေါ် လူနာကားနဲ့ ရန်ကုန်ကို ပို့ဆောင်စဉ်မှာလည်း မိမိ ကိုယ်ကျိုး အတွက် ကြားမှ အမြတ် ထုတ်တဲ့ အရာရှိကလည်း ရှိပါသေးတယ်။ ထိုအချိန်က အရေးပေါ်ကားဆိုလျှင် အစစ်အဆေး မရှိသည့်အတွက် ကုန်သည် များဟာ အင်မတန်မှ လိုက်ပါ သွားလိုကြပါတယ်။ လူနာကို သွားရောက်ပို့ဆောင်ရမဲ့ အခြေချ အမှတ်(၃) စစ်ဗျူဟာမှ အရာရှိကလည်း ကိုယ်ကျိုးအတွက် မြ၀တီကို သွားပြီး ကုန်ပစ္စည်း များကို တင်လိုက် ပါသေးတယ်။ လူနာ အရေးကြီးလည်း ဂရုမစိုက်ဘဲ သူ့အတွက် ငွေရရှိမှသာ ရဲဘော် တင်မောင်ထွေး အား တင်ဆောင်ကာ ညနေ (၃)နာရီခန့်မှ ရန်ကုန်ကို ထွက်ခွာ သွားကြောင်း သိရပြန်ပါတယ်။
နောက်ပိုင်းမှာ ရဲဘော် တင်မောင်ထွေးအား နစ်နာကြေး ငွေပေးပြီး တပ်မတော်မှ ထွက်ခွင့် ပေးလိုက်ကြောင်း သိရပါတယ်။ ရရှိတဲ့ ဒါဏ်ရာကတော့ တသက်လုံး အလုပ်ကြမ်း လုပ်မရ လူစဉ် မမှီတော့ပါ။ နောက်နှစ်လခန့် အကြာမှာတော့ ဗိုလ်မှူးသိန်းဝင်းဟာ လေးလပတ် အစည်းအဝေးတက်ဖို့ ရန်ကုန်သို့ သွားရောက်ရ လေတယ်။ အစည်းအဝေးမှ ပြန်လာတဲ့အခါ တပ် တည်ဆောက် ရေးအတွက် ရရှိထားတဲ့ ဘတ်ဂျက်ငွေ (၆)သိန်းနဲ့ ညီနောင် ဂိတ်မှ ကြားပေါက် အကြံအဖန် ရတဲ့ငွေပေါင်းပြီး မိမိကိုယ်ကျိုးအတွက် (ပါပလေကာ) ကားတစ်စီး ၀ယ်ကာ ပျော်ရွှင်စွာ ပြန်လာတာကို တွေ့ရလေတော့တယ်။
ရဲဘော် တင်မောင်ထွေးမှာတော့ ၎င်းအရာရှိများရဲ့ ကိုယ်ကျိုးစီးပွား ရှာသွားပုံတွေကို မသိလို ရှာခဲ့ပေ။ ကျွန်တော်တို့မှာလည်း ဆက်လက်ရုန်းကန်ရင်း ပေးဆပ်ရင်း နေရောင် အောက်က အစိမ်းရောင် ဘ၀မှ လွတ်နိုင်မဲ့ တစ်နေ့ကိုသာ မျှော်ငေးခဲ့လျှက်……..
No comments:
Post a Comment