.

.

.

January 20, 2011

တပ်မတော်လေ ဘာတွေလုပ်နေလဲ အပိုင်း (၄)

စာဖတ်ပရိသတ်များ ခင်ဗျား

မနက်ဖြန် ဒီဇင်ဘာ ၁၅ ရက်နေ့ ဆိုရင် တပ်မတော် (လေ) ရဲ့မွေးနေ့ ဖြစ်တာနဲ့အညီ အမှတ်တရအဖြစ် လေတပ်အတွင်း အက်ကွဲသံများနှင့် ပေါက်ကွဲသံစဉ်များကို တပ်မတော် (လေ) မှ အရာရှိ Pilot တစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် သို့ ပေးပို့လာ ပါတယ်။

ဒီဆောင်းပါးမှာ လေတပ်အတွင်း လေယာဉ်အိုများဖြင့် နပန်းလုံးနေရတဲ့ အချိန်မှာပင် စစ်သည် စုဆောင်းရသမျှနှင့် တပ်ပြေး အချိုး မညီမျှမှု၊ အခြားအဆင့်မှာပင် ဟိုပုန်း ကျောင်းဆင်းများနှင့် သန္ဓေစစ်သည်များ ခွဲခြား ဆက်ဆံခံရမှု၊ အရာရှိများအတွင်း အင်ဂျင်နီယာဘွဲ့ရနှင့် လေသူရဲဘွဲ့ရ အဆင့်အတန်း အခွင့်အရေး တန်းတူမရရှိမှု၊ လေသူရဲတောင်မှ အမျိုးမျိုး အဆင့်ခွဲခြားမှု စတဲ့ ပေါက်ကွဲသံစဉ်များကို တွေ့ရမှာ ဖြစ်ပါတယ်။ ယခုလို ပေးပို့တဲ့အတွက် ကျွန်တော်ကိုဖိုးတရုတ်က လေသူရဲ Pilot အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

(၁၅-၁၂-၂ဝဝ၉) လေတပ်မွေးနေ့အကြို အက်ကွဲသံများ

ဆောင်းပါးရှင် - တပ်မတော်(လေ) မှ အရာရှိ Pilot တစ်ဦး

တပ်မတော် (လေ) ဘာတွေလုပ်နေလဲ - အပိုင်း (၃) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

၂၃-၁၁-၂ဝဝ၉ ရက်နေ့ ကကကြည်း (၄) လပတ် စတင်ပြီးနောက် ထူးခြားမှုများ ရှိလာလိမ့်မည်ဟု အရာရှိကြီးများ အပါအဝင် စစ်သည်အများစုက မျှော်လင့်ကာ သတင်းနားစွင့် နေခဲ့ကြပါသည်။ ကိုယ်ပိုင် စီးပွါးရေး လုပ်ငန်းကြီးများနှင့် သမီး၊ သားတို့နောင်ရေး စိတ်အေးနေရသော ဗိုလ်ချုပ်ကြီးများအတွက် အာဏာတည်မြဲရေး မှတပါး အနာဂါတ်ရေး ဟူသည်မှာ တွေးပူရကောင်းသော အရာဟု တွေးမိချင်မှ တွေးမိမည် ဖြစ်သော်လည်း လစာ မလောက်မငှဘဝမှာ ရုန်းကန် လှုပ်ရှားနေရသော စစ်သည်များနှင့် အရာရှိငယ်များအတွက်မူ အမျိုးမျိုးသော လက်တန်းမူဝါဒများ ချမှတ်တော်မူ နေကြသော နအဖ ဗိုလ်ချုပ်ကြီးများ၏ အမိန့်များအား ထုတ်ပြန်တတ်သည့် သောကြာနေ့ များစွာကို ရင်ခုန်စွာ စောင့်စားရင်း မရေရာသော အနာဂါတ်များကို ရင်ဆိုင်နေကြ ရပါသည်။

ယခုရက်ပိုင်းအတွင်း တပ်တွင်းစစ်သည်များထံ ရိုက်ခတ်လာသော သတင်းမှာ အသက် ၅၅ နှစ်ပြည့် စစ်သည်များအား တပ်မှ အငြိမ်းစားပေးမည်ဟူသော သတင်းနှင့် အချို့သော အရာရှိစစ်သည်များအား အရပ်ဘက်ဌာနများသို့ ပြောင်းလဲ တာဝန်ပေးမည်ဟူသော သတင်းများ ဖြစ်ပါသည်။ တပ်မတော်(လေ) ကဲ့သို့ နည်းပညာစက်ကိရိယာများနှင့် ပေါင်းစပ် ဆောင်ရွက်ရသော တပ်ဖွဲ့အတွက်မူ ထိုသတင်းသည် စိတ်မအေးရပါ။

သက်တမ်းကုန်လေယာဉ်များနှင့် နပမ်းလုံးနေရသော ယခုကာလတွင် စစ်သည် စုဆောင်းရသမျှနှင့် တပ်ပြေး အချိုး မညီမျှမှုကြောင့်တစ်မျိုး၊ ဟိုပုန်းကျောင်းဆင်း ဒီပလိုမာ တပ်ကြပ်ကြီးများအား နေရာပေးလာမှုကြောင့် တပ်သားသစ် ဘဝဖြင့် လေတပ်ထဲစဝင်လာသူ တပ်ကြပ်၊ ဒုတပ်ကြပ်များ၏ စိတ်ပျက်ရှောင်ဖယ်မှုများကြောင့် တစ်နည်း၊ အရာခံ ဗိုလ်ကြီးများကိုယ်တိုင် လေယာဉ်များအား ပြင်ဆင်နေရသော ဆိုးဝါးသည့်အခြေအနေတွင် လေတပ်ကြီးမှာရွဲ့စောင်း နေပါသည်။ လေတပ်သည် အားကိုးရသော ဆရာကြီးများအား လက်လွှတ်ရမည့်အပြင် ဘာမှ မရေရာသော အနာဂါတ် သည် အစဉ်ရှိနေတတ်သည်ဟု ထင်ရှားစေမည့် အပြောင်းအလဲများကို ရင်ဆိုင်ရပါက နဂိုကပင် ယိုင်နဲ့နေသော စစ်သည်များ၊ မိသားစုများကို ဖြေသိမ့်နိုင်ရန် ခက်ခဲပါလိမ့်မည်။

အလားတူ အရာရှိများအတွင်းတွင်လည်း လေသူရဲနှင့် အင်ဂျင်နီယာ ခွဲခြားဆက်ဆံခံရမှုများ၊ အင်ဂျင်နီယာဘွဲ့ရ မဟုတ်သော ရိုးရိုးဘွဲ့ရ အရာရှိများအား ဗိုလ်ကြီးအဆင့်မှာပင် ထားရှိခြင်းများ၊ လေသူရဲများအတွင်းပင် တိုက်လေယာဉ်နှင့် အခြားလေယာဉ် မောင်းနှင်သူများအား ခွဲခြားဆက်ဆံခြင်းများ၊ အုပ်ချုပ်ရေးပိုင်းတွင် တာဝန် ပေးထားသော လေသူရဲငယ်များအား Active Flyer မဟုတ်ဟုဆိုကာ အဆင့်တိုးမပေးပဲ ချန်ခဲ့ခြင်း စသော အက်ကြောင်းများစွာလည်း ရှိနေပါသည်။

၎-၁၂-၂၀၀၉ ရက်နေ့တွင် အဆင့်တိုးမြှင့်ရေးနှင့် ပတ်သက်ပြီး လေတပ်အတွင်း မူဝါဒတစ်ရပ် ထွက်လာရာ Super Sonic Pilot ၃ ဦး အား စစ်ရုံးမှ ယာယီ Officiating ရာထူး မထားတော့ဘဲ ဗိုလ်မှူးကြီး အဆင့်သို့ တန်းတင် ပေးခဲ့ခြင်းအပေါ် မကျေလည်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။

မူလကပင် ၂ဝဝ၇ ခုနှစ်က အသက်အကန့်အသတ်ဖြင့် အရာရှိအများစုကို အရပ်ဘက် ဌာနများဆီသို့ ပြောင်းလဲ တာဝန်ပေးခြင်းကို ခံစားခဲ့ရပြီးနောက် ထင်ရာလုပ်တတ်သော ဗိုလ်ချုပ်ကြီးများ၏ စီမံချက်များကို စောင့်ကြည့် နေသော လေတပ်မှ အရာရှိငယ်များအဖို့ အထက်ပါလေတပ်တွင်းမှ အက်ကြောင်းများအား တပ်ချုပ်ကြီး မည်သို့ ကုစားမည်ကို စိတ်ဝင်တစားရှိနေချိန်တွင် ယခုသတင်းများ ထွက်လာခြင်းဖြစ်ပါသည်။

၉-၁၂-၂၀၀၉ ရက်နေ့တွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်သန်းရွှေ မိတ္ထီလာ (လကသ) သို့ လာရောက် စစ်ဆေးခဲ့ရာ၌ ထူးခြားသည့် တင်ပြမှုတစ်ခု ရှိခဲ့ပါသည်။ အဆိုပါ တင်ပြမှုမှာ (လကသ) တွင် ဖွင့်လှစ်နေသော စစ်ဆင်ရေး ကွပ်ကဲရေးမှူး သင်တန်းရှိ ဒုဗိုလ်မှူးကြီး အပွင့်တင်ကာစ စစ်ဦးစီးတက္ကသိုလ်သင်တန်း မတက်ရ သေးသည့် တက်ကြွနေသော ဒုဗိုလ်မှူးကြီးများက မြန်မာနိုင်ငံ၏ လေကြောင်းကာကွယ်ရေး လေ့ကျင့်ခန်း (War Game) အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါတင်ပြမှုတွင် အိမ်နီးချင်းနိုင်ငံများမှ အထူးသဖြင့် ထိုင်းနိုင်ငံလို နိုင်ငံမျိုးက မြန်မာနိုင်ငံအပေါ် လေကြောင်း စစ်ဆင်လာနိုင်မှုအပေါ် မြန်မာနိုင်ငံ၏ တန်ပြန်စစ်ဆင်ရေး စီမံချက်များအား သုံးသပ်တင်ပြခဲ့ခြင်းပင် ဖြစ်ပါသည်။

နောက် ထူးခြားသတင်းမှာ UAV မောင်းသူမဲ့လေယာဉ်အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကြီးကို ပြသရန် စီစဉ်ပြီးချိန်မှ စတင်ကာ တစ်စီးပြီးတစ်စီး ပျက်ကျခြင်းပင် ဖြစ်ပါသည်။ ဒေါ်လာ ၃ သိန်းတန် Sky 02-UAV လေယာဉ်အား မြေပြင်ထိန်းချုပ်ရေးကားဖြင့် တိုက်မိသည်မှ စကာ၊ ပြည်တွင်းတွင် တပ်ဆင်သည်ဟု ဂုဏ်ယူကာ တပ်ချုပ်ကြီးအားပြမည့် YellowBird-UAV လေယာဉ်ငယ် ၃ စီးလည်း ဆက်တိုက်ပျက်ကျခဲ့သဖြင့် UAV လေယာဉ်အား ပြသစရာ မရှိတော့ခြင်း စသော ပြသနာများကြောင့် ဝါသနာကို အရင်းခံကာ လေတပ်အတွက် စိတ်ရောကိုယ်ပါ နှစ်မြုစ်ကာ UAV Research ဆောင်ရွက်နေခဲ့သော အုပ်မှူးကို ရာထူးမှဖယ်ရှားပြီး လေတပ်စခန်းတစ်ခု၏ တပ်မဲ့ ဒုဗိုလ်မှူးကြီးအဖြစ် တွဲဘက်ရန် ဒေါသတကြီးဖြင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ရက်စက်စွာ အမိန့်ပေးခဲ့ခြင်းအပေါ် လေသူရဲငယ်များ အပါအဝင် အရာရှိ စစ်သည်အများစုက အံ့သြ တုန်လှုပ်သွားခဲ့ရပါသည်။

ခွက်ပျောက်အရာရှိများ အပါအဝင် အဆင့်တိုး မရရှိသော မျှော်လင့်ချက်မဲ့ အရာရှိများ၏ ဆန္ဒမှာ အရပ်ဘက် ဝန်ကြီးဌာနများတွင် ပြည်သူ့ဝန်ထမ်းများ၏ ကြိုးစားရယူခဲ့ရသော ရာထူး နေရာများကို ဖြတ်လမ်းနည်းဖြင့် ရယူခြင်းထက် တပ်မတော်အတွင်းမှာပင် မှန်ကန်သော နေရာယူခြင်းကိုသာ လိုလားကြပါသည်။ စစ်သည်များ အပါအဝင် အရာရှိများသည် တပ်မှ အငြိမ်းစား ပေးခံရသောအခါ နေထိုင်ရန် အဆင်သင့် မရှိသလို ရေရှည်ဘဝ ရပ်တည်ရန် အာမခံချက် မရှိခြင်းကိုလည်း စိုးရိမ်နေရပါသည်။ ယခုကဲ့သို့ စနစ်ကျနမှု မရှိသော ဗိုလ်ချုပ်ကြီးများ၏ အမိန့်များအပေါ် မနှစ်မြို့စေကာမူ မည်သို့မျှ မတတ်နိုင်ပဲ “ငုံးဆူ လူမသိ” ရင်တွင်းမျိုသိပ်လျက် ပေါက်ကွဲထွက်လာမည့် အချိန်အခါကိုသာ စောင့်မျှော်နေရပါကြောင်း ပြည်သူအများ သိရှိစေရန် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှတဆင့် တင်ပြအပ်ပါသည်။

No comments: