.

.

.

January 20, 2011

ကက (လေ) လေးလပတ် အစည်းအဝေးမှ အက်ကွဲသံများ - အပိုင်း (၄) (နောက်ဆုံးပိုင်း)


စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) လေးလပတ် အစည်းအဝေး ဆုံးဖြတ်ချက်များမှ စစ်ဆင်ရေး၊ လုံခြုံရေး၊ စည်းရုံးရေးနှင့် စပ်လျဉ်းပြီး အရေးကြီးသည့် အောက်ပါ ဆုံးဖြတ်ချက်များအား လေတပ် အသိုင်းအ၀ိုင်းက ဆက်လက်သတင်း ပေးပို့လာပါတယ်။ စည်းလုံးခြင်းရဲ့အင်အား အဖွဲ့မှ အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက် သတင်းအား ကြည်းတပ် အသိုင်းအ၀ိုင်းရဲ့ ဆက်စပ် သတင်း ဖော်ထုတ်ချက်များနဲ့ တကွ ပူးတွဲ တင်ပြလိုက် ပါတယ်။

(၁) တပ်များတွင် ဦး၊ ရေး၊ ထောက် လုပ်ငန်းများ၌ အားနည်းချက်များ တွေ့ရှိရပြီး ၄င်းအားနည်းချက်များအား ပြုပြင်သွားရန်နှင့် အမှန်အတိုင်း တင်ပြရန်။

(၂) တပ်လုံခြုံရေး ဂရုပြု ဆောင်ရွက်ရန်၊ တပ်အဝင်ဂိတ်များတွင် လူ၊ ပစ္စည်း အဝင်/ အထွက် စနစ်တကျ စစ်ဆေးရန်၊ သတင်းလုံခြုံရေး ဂရုပြု ဆောင်ရွက်ရန်။

(၃) စစ်ဆင်ရေး ကိစ္စများတွင် သတင်း မပေါက်ကြား စေရေးအတွက် မသက်ဆိုင်သူများအား အသိမပေးရန်၊ လိုအပ်ချက်ရှိလျှင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ)သို့ တင်ပြရန်၊ ထိပ်တန်း လျှို့ဝှက် ကိစ္စရပ်များအား တပ်အချင်းချင်း အောက်ခြေတွင် ညှိနှိုင်း ဆောင်ရွက်ခြင်း မပြုလုပ်ရန်။


(၄) လေယာဉ်/ရဟတ်ယာဉ် ခရီးစဉ်များ ဆောင်ရွက်ရာတွင် အချိန်ပြည့် အထောက်အကူ ပေးနိုင်ရေးအတွက် လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေး ဌာနမှူး/ လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေးဌာနနှင့် အချိန်ပြည့် ဆက်သွယ် ညွှန်ကြားနိုင်ရေးအတွက် လိုအပ်သော အစီအမံများ ဆောင်ရွက်ထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်သည့်အတွက် တာဝန် ရှိသူ အဆင့်ဆင့်မှ ကြီးကြပ်ကွပ်ကဲ၍ လိုက်နာဆောင်ရွက်သွားရန်။
(၅) လေတပ်စခန်းဌာနချုပ်/ လေတပ်စခန်း/ အုပ်/တပ်/ကျောင်းများတွင် ကွန်ပျူတာ အသုံးပြုသူများကို လုံခြုံရေးအသိ၊ လုံခြုံရေးအမြင် ရှိအောင် ဆောင်ရွက်ပေးရန်။

“တပ်များတွင် ဦး၊ ရေး၊ ထောက် လုပ်ငန်းများ၌ အားနည်းချက်များ တွေ့ရှိရပြီး ၄င်းအားနည်းချက်များအား ပြုပြင်သွားရန်နှင့် အမှန်အတိုင်း တင်ပြရန်” ဆိုတဲ့ ဆုံးဖြတ်ချက် အပိုဒ် (၁) အရ လေတပ်ရဲ့ ဦး၊ ရေး၊ ထောက် လုပ်ငန်းများ အားနည်းချက် ဖြစ်နေရခြင်းအတွက် တာဝန်ရှိသူ အဓိကတရားခံမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသာ ဖြစ်ကြောင်း၊ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်အသစ်နှင့် မြိတ် လေတပ်စခန်း ဌာနချုပ်အသစ်လိုမျိုး ဌာနချုပ်အသစ်တွေကို ဖွင့်လှစ်ခိုင်းရာမှာ မီးမရှိ၊ ဖုန်းမရ စတဲ့ အသေးအဖွဲကိစ္စများ အပါအ၀င် လေတပ်ဆိုင်ရာ ဖွဲ့စည်းမှုက အစ ပစ္စည်းကရိယာ၊ ဘဏ္ဍာရေး ချို့တဲ့မှု အဆုံး မပြည့်မစုံ ဖြစ်နေရပြီး လွင်တီးခေါင်လို အစွန်ကျတဲ့ နေရာမျိုး တွေလည်း ဖြစ်နေကြောင်း၊ ကြည်းတပ်က တိုင်းစစ်ဌာနချုပ်တွေရဲ့ လက်အောက်တိုင်းမှာ လေတပ်စခန်း ဌာနချုပ်များကို ထားရှိနိုင်ရေးအတွက် မြေပြင်သွားမကြည့်ဘဲ ရှေးခေတ် အင်္ဂလိပ်မြေပုံကြီးတွင်သာ အာဏာရှင်ပီပီ ဇွတ်အတင်း လက်ညှိုးထိုးကာ ဖွင့်လှစ်ခိုင်းနေကြောင်း မကျေမနပ် အက်ကွဲသံများ ပေးပို့လာပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနှင့် Admin လို့ခေါ်တဲ့ ထောက်ပံ့ရေးနဲ့ ဘဏ္ဍာငွေကို အလုံအလောက် ချမပေးမှုကြောင့် လေတပ်စခန်း ဌာနချုပ်အသစ်များအား ဖြစ်သလို ဖွင့်လှစ်နေကြရကြောင်း၊ သံကို မနိုင်သေးဘဲ စက်မှုဇုံများမှာ ဆယ်ဘီးကား ကုန်တင်ယာဉ်ကြီးများ၊ လူစီးဘတ်စ်ကားကြီးများကို ဇွတ်အတင်း ထုတ်လုပ်ခိုင်းနေသကဲ့သို့ နိုင်ငံတကာက အထင်ကြီးအောင် လေယာဉ်ထုတ်လုပ်ရေးစက်ရုံ ထူထောင်ဖို့ လေတပ် ဦးစီးချုပ်အားလည်း မျက်စိမှိတ်ပြီး ဇွတ်အတင်း ညွှန်ကြားနေကြောင်း၊ ဒါကြောင့် မှော်ဘီ လေတပ်စခန်းဌာနချုပ်အား လေယာဉ်ထုတ်လုပ်ရေး စက်ရုံအဖြစ် ပြောင်းလဲပြီး လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ် (လထခ) မှော်ဘီဟု ပြူလုပ်လာရကြောင်း၊ နောက်ဆုံး မည်သည့်လေယာဉ်မှ ထုတ်မလာနိုင်တဲ့အခါ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး (DI) ကက (ထုတ်) မှ လေယာဉ်စက်ရုံ စီမံချက်အဖြစ် မိတ္ထီလာတွင် (MI-17) ရဟတ်ယာဉ်စက်ရုံကို သီးခြား ဖွင့်လှစ်လိုက်ရပြန်ရာ ကမောက်ကမ အနေအထားတွင် ရှိနေကြောင်း သတင်းဆက်စပ် ရရှိပါတယ်။

“တပ်လုံခြုံရေး ဂရုပြုဆောင်ရွက်ရန်၊ တပ်အဝင်ဂိတ်များတွင် လူ၊ ပစ္စည်း အဝင်/ အထွက် စနစ်တကျ စစ်ဆေးရန်၊ သတင်းလုံခြုံရေး ဂရုပြုဆောင်ရွက်ရန်” ဆိုတဲ့ အထက်အပိုဒ် (၂) အရ လေတပ်ဂိတ်များ၌ စစ်သည်များကို ကင်းစောင့်ခိုင်းရာမှာ သေနတ်ထုတ်မပေးဘဲ လက်ဗလာချည်းသက်သက် စောင့်ခိုင်းနေကြောင်း၊ အဲဒီလို သေနတ် ထုတ်မပေး တာဟာ စစ်သည်များကို မယုံကြည်လို့ ဖြစ်ကြောင်း ဆောင်းပါးရှင် မြင့်မိုရ်ရဲ့ “လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း” ဆောင်းပါးပါ ကိုယ်တွေ့ဖြစ်စဉ်များအရ သိရှိရသဖြင့် လုံခြုံရေးနဲ့ပတ်သက်ပြီး ရန်သူမပြောနဲ့ သူခိုး အဆင့်ကိုတောင် တားဆီးဖို့ မလွယ်ကူကြောင်း၊ သေနတ်ကိုင်ကာ စောင့်ရသည့်တပ်မှာ (လကသ) တပ် တစ်ခုတည်းသာရှိပြီး အဲဒီသေနတ်ရဲ့ ကျည်ဆံထည့်တဲ့ ကျည်ကဒ်များကိုတော့ သော့ခတ် သိမ်းထားပြန်လို့ “ဒုတ်” အဆင့်သာရှိကြောင်း၊ လေတပ်ရဲ့ လုံခြုံရေးစနစ် ကွန်ယက်ကြီး ပေါက်ပြဲနေမှု သတင်းပေးပို့ချက်ကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

စစ်ဆင်ရေးကိစ္စများမှာ သတင်း မပေါက်ကြားစေရေးအတွက် အထက် အပိုဒ် (၃) အရ “မသက်ဆိုင်သူများအား အသိမပေးရန်” ဆိုတာနဲ့ စပ်လျဉ်းပြီး ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ စစ်ဆင်ရေး ကိုင်တွယ်ရတဲ့ ကက(လေ) မှ စစ်ဦးစီးမှူး (ပထမတန်း) ကိုတောင် အချို့ကိစ္စများအား အသိမပေးတော့ဘဲ သူသွားချင်တဲ့ အချိန်ကျမှ ကောက်ခါငင်ကာ ထသွားနေလို့ လက်အောက်ခံ စခန်းမှူးများနဲ့ အုပ်မှူးများက အမြဲတမ်းး အသင့်အနေအထား ဇောချွေးပြန်ကာ ဆောင်ရွက်နေကြရတယ်လို့ သိရှိရပါတယ်။

“လေယာဉ်/ရဟတ်ယာဉ် ခရီးစဉ်များ ဆောင်ရွက်ရာတွင် အချိန်ပြည့်အထောက်အကူ ပေးနိုင်ရေးအတွက် လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေးဌာနမှူး/ လေကြောင်းညှိနှိုင်းမှု ကွပ်ကဲရေးဌာနနှင့် အချိန်ပြည့် ဆက်သွယ် ညွှန်ကြားနိုင်ရန်” ဆိုတဲ့ အထက်အပိုဒ် (၄) အရ လက်ရှိအခြေအနေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မည်သို့ပင်ဆိုစေ ကက (လေ) အနေနဲ့ လေယာဉ်ဘီး လေထဲကို ကြွဖို့ဆိုရင် ကက (ကြည်း) စစ်ဦးစီးမှူး (ဒုတိယတန်း) စစ်ဆင်ရေး ဗိုလ်မှူးအဆင့်ကိုပင် အသိမပေးဘဲ မကြွရဲလောက်အောင် ဖြစ်နေရကြောင်း၊ ခေတ်မီ ဂျက်တိုက်လေယာဉ်များနဲ့ ရဟတ်ယာဉ်များစွာအား ကွပ်ကဲပိုင်ဆိုင်မှု ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် စီးမယ့် လေယာဉ်နဲ့ ရဟတ်ယာဉ်ကို လုံးဝမထိရဲဘဲ သူခြေကြွလိုပါက (Y-8) လို့ ခေါ်တဲ့ ကုန်တင် လေယာဉ်ကြီးကိုသာစီးပြီး ခြေကြွရတဲ့အတွက် လေတပ်အသိုင်းအ၀ိုင်းက ရင်နာလျှက် ရှိကြကြောင်း သတင်း ပေးပို့လာပါတယ်။

No comments: