.

.

.

January 20, 2011

ကက (လေ) လေးလပတ် အစည်းအဝေးမှ အက်ကွဲသံများ- အပိုင်း (၂) နှင့် နှစ်သစ်ကူး အထူးသတင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ ငယ်မူပြန်ဘဝ


ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ရဲ့ လေးလပတ် အစည်းအဝေးတွင် လေသူရဲများ၊ လေယာဉ် ပျံသန်းလေ့ကျင့်မှုများနှင့် စပ်လျဉ်းပြီး ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ရာမှာ အောက်ခြေ လေတပ်စခန်း ဌာနချုပ်များ၊ သင်တန်းကျောင်းများတွင် လက်တွေ့ ဖြစ်ပျက်နေပုံနှင့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းရဲ့ ငယ်ရွယ်စဉ် လေသူရဲ ဘ၀ ကောက်ကြောင်း တစိတ်တဒေသတို့ကို လေတပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ သတင်းများ စဉ်ဆက်မပြတ် ပေးပို့လာပါတယ်။

(၁) လေသူရဲ အရည်အသွေး၊ အရည်အချင်း စစ်ဆေးခြင်း ပုံစံများအား လစဉ် မှန်မှန်ပေးပို့ရန်နှင့် လေသူရဲ အရည်အသွေး၊ အရည်အချင်းများ သတ်မှတ်ပေးရာတွင် သေချာစွာ စစ်ဆေး သတ်မှတ်ပေးရန်။
(၂) ပုံမှန်ပျံသန်းမှု ပြုလုပ်သော လေယာဉ်များအား မလိုအပ်ပဲ မြေပြင် စက်နှိုး စမ်းသပ်မှုများ မပြုလုပ်စေရေး အတွက် ကြီးကြပ် ဆောင်ရွက်သွားရန်။

(၃) နှစ်စဉ်ချမှတ်ပေးသော စီမံကိန်းချ ပျံသန်းချိန်နာရီများမှာ အုပ်ရှိ လေသူရဲအင်အားအပေါ် မူတည်၍ တွက်ချက်ချမှတ်ပေးခြင်း ဖြစ်သော်လည်း မိမိအုပ်ရှိ လေယာဉ် ထွက်ရှိမှုအပေါ် မူတည်၍ ချင့်ချိန်ပျံသန်းကြရန်၊ အရေးပေါ် လိုအပ်သည့်အခါ စစ်ဆင်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပျံသန်းချိန်နာရီများ ကျန်ရှိစေရေး စီစဉ်ဆောင်ရွက်ထားရန်။

လေသူရဲ အရည်အသွေးများ လစဉ်ပုံမှန် စစ်ဆေးခြင်း ရှိသော်လည်း ရုရှားမှ နောက်ဆုံးပေါ် MiG – 29 ဂျက်တိုက်လေယာဉ်များကို မောင်းနှင်မည့် Supersonic လေသူရဲများအား ဒုဗိုလ်မှူးကြီး အပွင့် တန်းတင်ပေးထားတဲ့ ကိစ္စအပေါ် တရားမျှတမှု မရှိကြောင်း လေသူရဲ အသိုင်းအ၀ိုင်းမှ သိရှိရပါတယ်။ တပ်ထုံးစံအရ Officiating ခေါ် တဆင့်မြှင့် ရာထူးရဲ့ လစာကို တစ်နှစ် ခံစားပြီးမှ အပွင့်တင်ရမဲ့ အစဉ်အလာကို ချိုးဖျက်ခြင်းလည်း ဖြစ်နေပါတယ်။

မြေပြင်၌ လေယာဉ်များအား စက်နှိုး စမ်းသပ်မှုများကို ကန့်သတ်လိုက်ခြင်းဟာ အောက်ခြေမှာ လေယာဉ်ဆီကို အကြံအဖန် လုပ်နေမှုအား ပိတ်ဆို့ခြင်း ဖြစ်လို့ စားဝတ်နေရေး ကျပ်တည်းမှုနဲ့အတူ လက်အောက်က ကျေနပ်မှု မရှိကြောင်း သိရှိရပါတယ်။

F-7 ကဲ့သို့သော ဂျက်တိုက်လေယာဉ် ပျက်ကျမှု မကြာခဏ ဖြစ်စဉ်များ ဖြစ်ပွားနေရာ စီမံကိန်းချ ပျံသန်းချိန်နာရီများအား ထိန်းချုပ်လိုက်ခြင်းကြောင့် လေသူရဲများ အနေဖြင့် လေယာဉ်အပေါ် ယုံကြည်မှု နည်းပါးလာကြောင်း သိရှိရပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းဟာ အဲဒီလို လေသူရဲတွေရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးများကို ထိန်းချုပ်လိုက်ပေမယ့် သူရဲ့ ငယ်စဉ်ဘ၀ လေသူရဲ အချစ်ဇာတ်လမ်းလေး အကြောင်းကိုတော့ အတွင်းသိ လူများရဲ့ ဖောက်သည်ချမှုကြောင့် ကိုယ်ချင်းမစာနာတတ်သူလို့ ခေါင်းစဉ်တပ်ရမလို ဖြစ်နေပါတယ်။ ၁၉၇၈ ခုနှစ် နိုဝင်ဘာ (၁) ရက်နေ့တွင် ဗိုလ်မြတ်ဟိန်းဟာ PC - 6 လေသူရဲဘ၀တုံးက ပဲခူးမြို့ရှိ သူ့ချစ်သူရည်းစားရှိရာသို့ သူ့ရဲ့ PC - 6 လေယာဉ်အမှတ် (၄၀၀၃) ကို မောင်းနှင်ကာ ချီတက်သွားခဲ့ ဖူးပါတယ်။ ဗိုလ်မြတ်ဟိန်းရဲ့ လေယာဉ်ဟာ ပဲခူးမြို့နဲ့ တံတားကြီးပေါ်မှာ စတန့်ထွင်ကာ တ၀ဲဝဲလည် ပျံသန်းနေရင်း သူ့ရဲ့ရည်းစား မိန်းကလေးကလည်း လက်ကိုင်ပုဝါလေး လေထဲမှာ လွှင့်ကာ နှုတ်ဆက်နေပြီး ကြည်နူးနေလို့ အချစ်သူရဲကောင်းကြီးကို ပဲခူးမြို့သူ မြို့သားများနှင့် တိုင်းစစ်ဌာနချုပ်ကတောင် တအံ့တသြ ဖြစ်ခဲ့ကြရပါတယ်။ အဲဒီ လေယာဉ်ပျံသန်းမှု လေယာဉ်ဆီတွေဟာ လေ့ကျင့်မှု အတွက်သာ ဖြစ်ပြီး ပဲခူးမြို့သို့ သွားရောက်ကာ ကိုယ်ရေးကိုယ်တာ အသုံးချနေတာကြောင့် ဗိုလ်မြတ်ဟိန်းလေးခမျာ အပြန်မှာ လေဆိပ်တွင် ခါးထောက်ပြီး မျက်ထောင့်နီကြီးနှင့် ကြည့်နေသော စခန်းမှူးနှင့် ရင်ဆိုင်တွေ့ရပါတော့တယ်။ ဘာလို့လဲဆိုတော့ တိုင်းစစ်ဌာနချုပ်မှ ကက (ကြည်း) ထံကို ဒီကိစ္စ အစီရင်ခံစာ တက်သွားလို့ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းတစ်ယောက် အောက်ခြေ လေသူရဲတွေရဲ့ဘ၀ကို ပြန်လည် ထောက်ထားသင့်ပါကြောင်း၊ အခုခေတ်မှာတော့ အဲဒီလို ပတ်ဖို့ စိတ်ကူးနဲ့တောင် မရူးအားဘဲ ကုန်ဈေးနူန်းရဲ့ ခါးထောက်ကြည့်နေမှုကြောင့် လေသူရဲတွေခမျာမှာ အသက်တောင် ပြင်းပြင်းမရူနိုင်ဘဲ လေယာဉ်ဆီတွေကို ရင်တမမနဲ့ မျှော်ကြည့်နေကြရပါကြောင်း လေသူရဲ အသိုင်းအ၀ိုင်းမှ “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်ခင်ဗျား။

No comments: