.

.

.

February 11, 2011

အာဏာပြန်သိမ်းခံရသည့် ဗိုလ်သူရမြင့်အောင်


ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးအဖြစ် စစ်ရာထူးခန့်ချုပ်ရုံးမှ အမိန့်ထွက်ပြီးမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မကြိုက်သဖြင့် နေရာကျဉ်လိုက်ကြောင်း သတင်းရရှိသည်။ တရုတ်ပြည်သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သွားရောက်လည်ပတ်ခဲ့ပြီးမှ တရုတ်အစိုးရရဲ့ မှတ်ချက်အရ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား သဘောမကျသဖြင့်လည်းကောင်း၊ ၎င်း၏ဇနီး မောက်မာ၍ ဒေါ်ကြိုင်ကြိုင်နှင့် အဆင်မပြေဖြစ်ကာ ဆက်ဆံရေး တင်းမာ လာသဖြင့်လည်းကောင်း စစ်ရုံးဝင်းအတွင်း သီးခြားအဆောက်အဦး တစ်ခုတွင် ရုံးထိုင်ခိုင်းထားကြောင်း သတင်းရရှိသည်။

အလားတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် လျာထားနေသည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တစ်ဆင့်မြှင့် ထပ်ပေးပြီး ဆက်သုံးရန် သင့်/မသင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စဉ်းစားခဲ့ကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် သူ့ကို မပေးတော့ဘဲ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ကြောင်း သိရပါသည်။ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကိုမူ ယခုအခါ ရုံးစာများ ဖတ်ရှုဆုံးဖြတ်ခွင့်၊ အစည်းအဝေးမှာ ယှဉ်တွဲထိုင်ခွင့် အပါအ၀င် တရားဝင် လုပ်ပိုင်ခွင့် အာဏာများ ပေးလာသည့်အပြင် နိုင်ငံတော်အခမ်းအနားများသို့လည်း ခေါ်သွားလေ့ ရှိသည်ကို တွေ့ရှိရသည်။

ယခုအခါ စစ်တပ်အတွင်း ရာထူးပါဝါ ကြီးစဉ်အရ (၁) ဗိုလ်ချုပ် သန်းရွှေ၊ (၂) ဗိုလ်ချုပ် မောင်အေး ၊ (၃) ဗိုလ်ချုပ် မင်းအောင်လှိုင် ၊ (၄) ဗိုလ်ချုပ် ကိုကို၊ (၅) ဗိုလ်ချုပ် သူရမြင့်အောင် တို့ ဖြစ်နေကြောင်း သိရှိရသည်။ ဗိုလ်ချုပ် မင်းအောင်လှိုင်မှာ DSA အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်ပြီး ထူးချွန်ထက်မြက်ကြောင်း ၊ ရှမ်းပြည်နယ်တွင် တြိဂံတိုင်း တိုင်းမှူးနဲ့ ကစထမှူး လုပ်ခဲ့လို့ တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည့် ချစ်ကြည်ရေးအဖွဲ့တွင် ပါဝင်ခဲ့ဘူးကြောင်း၊ှတပ်မ (၈၈) တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ဘူးပြီး စစ်တပ်အတွင်း သူ့အား“ကြောင်ချီး”လို့ Nick name ပေးလောက်အောင် ဂျီကျသူဖြစ်ကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်တင်ပြလာ ပါသည်။ ထို့အပြင် ဗိုလ်ချုပ် မင်းအောင်လှိုင်၏ အမျိုးသမီးသည် ဒေါ်ကြိုင်ကြိုင်နှင့် အလွမ်းသင့်ကာ ရန်ကုန် ၊ ပဲခူး ဘုရား ထီးတင်ပွဲတွင် အရာရှိကြီး ကတော်များ အုပ်စုအား ခေါင်းဆောင်ပြီး ကြိုဆိုဧည့်ခံနေတာကို တွေ့ရှိရပါသည်။ ဗိုလ်ချုပ်မင်းအောင်လှိုင် ဇနီးမှာ ဒေါ်ကြိုင်ကြိုင်နှင့် အနီးကပ် အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနိုင်မှုကြောင့် ဗိုလ်ချုပ်မင်းအောင်လှိုင်မှာ နောင်တစ်ခေတ်တွင် အလားအလာ ပိုမိုကောင်းမွန်နိုင်ကြောင်း စစ်ဘက်နီးစပ်သူများက သုံးသပ်တင်ပြလာပါကြောင်း စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ ဖော်ပြလိုက်ရပါသည်။

No comments: