.

.

.

February 14, 2011

မိအေးသုံးခါနာ


ရုရှားနိုင်ငံနှင့် ဘိလာရုစ်နိုင်ငံတို့မှ ၀ယ်ယူထားတဲ့ Mi-24 ရဟတ်ယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လေတပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများက သတင်းပေးပို့ လာပါတယ်။ အဆိုပါ ရဟတ်ယာဉ်များသည် မြေပြင်အတတ်သင် လေတပ်စခန်း မိတ္ထီလာတွင် လေ့ကျင့်ပျံသန်းနေကြပြီး ရဟတ်ယာဉ်များ ထားရာနေရာကို အထူး ကန့်သတ်ထားကာ ဂိတ် အဆင့်ဆင့်ကို ဖြတ်သန်း ၀င်ရောက်ရကြောင်း သိရှိရပါတယ်။ မြေပြင် တိုက်ခိုက်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ပြီးပါက ဖြန့်ခွဲမှုအနေဖြင့် Mi-24 စုစုပေါင်း (၈) စီးအနက် စစ်ဆင်ရေး ဆောင်ရွက်ရန် နေပြည်တော်နှင့် တံတားဦး လေဆိပ်တို့တွင် (၄) စီး စီ ဖြန့်ခွဲ တပ်စွဲထားမှာ ဖြစ်ပါတယ်။

တပ်ဆင်ထားတဲ့ လက်နက်များအနေနဲ့ ၃၀ မမ စက်အမြောက်၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးနှင့် ပဲ့ထိန်းဒုံးများအား တပ်ဆင်ထားပါတယ်။ Mi-24 (၈) စီး အနက် (၄) စီးသာ အဆင့်မြင့် နည်းပညာများနဲ့ လက်နက်များ ကောင်းမွန်ပြီး ကျန် (၄) စီးမှာတော့ မပါရှိကြောင်း သိရပါတယ်။ အဆိုပါ ကောင်းမွန်ပြီး အဆင့်မြင့်နည်းပညာနဲ့ လက်နက်များ တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်များပေါ်တွင် Helmet Mounted Sight-HMS ခေါ်တဲ့ နည်းပညာနဲ့ ခေါင်းလှည့်တဲ့ဖက်ကို လက်နက်က အလိုအလျောက် လိုက်ချိန်ပြီးသား စနစ် ပါပါတယ်။

ရဟတ်ယာဉ် (၈) စီးလုံးမှာ တူညီတဲ့ လက်နက်တွေကတော့ ၃၀ မမ စက်အမြောက်တွေနဲ့ ASM-Air to Surface Missile ဝေဟင်မှ မြေပြင်ပစ်ဒုံးတွေ တပ်ထားခြင်း ဖြစ်ပါတယ်။ လေတပ်သမိုင်းမှာ စစ်အာဏာရှင်တွေ ၀ယ်ယူတဲ့ အကြိမ်တိုင်းဟာ ပြည့်ပြည့်စုံစုံနဲ့ အရည်အသွေးကောင်းမွန်တဲ့ စစ်လေယာဉ်တွေ ၀ယ်ယူခဲ့တာမျိုး မရှိကြောင်းနဲ့ ဤအကြိမ်တွင်လည်း ခေတ်မှီရဟတ်ယာဉ်တွေကို ၀ယ်ယူရာမှာ စစ်ဆင်ရေးလုပ်ဖို့ မပြည့်မစုံ အင်အားချိနဲ့နေတာကို တွေ့ရပြန်တာကြောင့် လေတပ်အသိုင်းအ၀ိုင်းက စိတ်ပျက် နေရပါတယ်။

ဒီသတင်းတွေကို ဖော်ပြရတဲ့ ရည်ရွယ်ချက်ဟာ စစ်အာဏာရှင်တွေအနေနဲ့ အမှန်တကယ် စစ်အင်အားကို တောင့်တင်းအောင် လုပ်နိုင်ခဲ့ခြင်း မရှိသလို ပြည်သူလူထု စားဝတ်နေရေး ကြပ်တည်းမှုကို လျစ်လျူရှုခဲ့ပြီး နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေလည်း အလဟဿ ဆုံးရှုံးခဲ့ရလို့ မိအေး သုံးခါ နာခဲ့ရကြောင်း သိကြစေဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်။ အများ ပြည်သူလူထုနဲ့အတူ ဆင်းရဲကျပ်တည်းနေတဲ့ ကြည်း၊ ရေ၊ လေ တပ်မတော်အတွင်းက အောက်ခြေ အရာရှိ အရာခံအကြပ် တပ်သားတွေရဲ့ ရင်တွင်းဆန္ဒကတော့ တကယ့်ကို လွတ်လပ်ပြီး တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပါစေ၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပါစေ။

No comments: